
နေပြည်တော် ဒီဇင်ဘာ ၈
(၁၀) ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချခြင်း ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးကို ယနေ့ တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် လက်ခံကျင်းပသည်။
သဘာပတိအဖြစ်ဆောင်ရွက်
အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီနှင့် အဆင့်မြင့် အရာရှိကြီးများ၊ မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်ကြသော ကမ္ဘောဒီးယား နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံဆိုင်ရာ မိုးလေဝသဌာန (ASEAN Specialized Meteorological Center) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သဘာပတိအဖြစ် ဆောင်ရွက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ယနေ့ကမ္ဘာတွင် သဘာဝသယံဇာတ များ ရှားပါးခြင်း၊ သစ်တောပြုန်းတီးခြင်း၊ သဘာဝ ဂေဟစနစ်ပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ အရင်းအမြစ် များ ယိုယွင်းလာခြင်း၊ ရေညစ်ညမ်းမှုနှင့်လေညစ်ညမ်း မှုစသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ နှင့် စိန်ခေါ်မှုမျိုးစုံဖြင့် ခြိမ်းခြောက်လျက်ရှိကြောင်း၊ မဲခေါင်ဒေသအတွင်း သစ်တောများ၊ ဒေသမျိုးရင်း အပင်များနှင့် တိရစ္ဆာန်များ၊ သတ္တုတွင်းထွက်ပစ္စည်း များ၊ စိမ့်မြေများနှင့် အဏ္ဏဝါအရင်းအမြစ်များစသည့် ထူးခြားကွဲပြားသော ဂေဟစနစ်များကြွယ်ဝသော် လည်း ယခုအခါ ပျက်စီးယိုယွင်းမှုများနှင့် ကြုံတွေ့ နေမှုအပေါ် ကာကွယ်နိုင်ရေးအတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ အထူးသဖြင့် တောမီးများနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် မဲခေါင်နိုင်ငံများ အပါအဝင် အာဆီယံဒေသအတွင်း အရေးတကြီး ပူးပေါင်းဖြေရှင်းရမည့် ဒေသအတွင်းပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ် ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချခြင်း သဘောတူညီချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မဲခေါင်ဒေသနိုင်ငံအားလုံးနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အာဆီယံဆိုင်ရာ မိုးလေဝသဌာန မှ မဲခေါင်ဒေသအတွင်း မီးခိုးမြူငွေ့ဖြစ်ပေါ်ခဲ့မှု အခြေအနေများကို သုံးသပ်တင်ပြဆွေးနွေးခြင်း၊ (၁၆)ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချခြင်းဆိုင်ရာ လုပ်ငန်းကော်မတီ၏ အစီရင်ခံစာကို မြန်မာနိုင်ငံ ကိုယ်စားလှယ်မှ တင်ပြဆွေးနွေးခြင်းနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး ကိုယ်စားလှယ်မှ နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး ဆိုင်ရာ၊ အာဆီယံပူးပေါင်းဆောင်ရွက်ရေး လမ်းပြ မြေပုံဆိုင်ရာ၊ အာဆီယံသစ်ဆွေးမြေ စီမံခန့်ခွဲမှုမဟာ ဗျူဟာဆိုင်ရာတို့အပေါ် သုံးသပ်ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။
သုံးသပ်ဆွေးနွေးချက်များအပေါ် အာဆီယံ ဆိုင်ရာ မိုးလေဝသဌာနက နည်းပညာပိုင်းဆိုင်ရာ ကူညီမှုများကို ဆက်လက်ပံ့ပိုး ဆောင်ရွက်ပေးသွား ရန်၊ နိုင်ငံအလိုက် မီးလောင်ကျွမ်းမှုလျှော့ချရေး လုပ်ငန်းစီမံချက်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ဒေသအတွင်းပူးပေါင်းဆောင်ရွက် ခြင်းကို မြှင့်တင်သွားရန်နှင့် ချင်းရိုင်(၂၀၁၇)လုပ်ငန်း စီမံချက်အရ မီးလောင်ကျွမ်းမှုအရေအတွက် (Hot Spot) လျှော့ချရေး ရည်မှန်းချက်ပြင်ဆင်ခြင်းတို့ကို အစည်းအဝေးမှ အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။
ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်တို့က ဒေသအတွင်းနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး အစည်းအဝေးသဘာပတိ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက နယ်စပ်ဖြတ် ကျော် မီးခိုးမြူငွေလျှော့ချရေး လမ်းပြမြေပုံရည်မှန်း ချက်များ အောင်မြင်ရေးအတွက် ပိုမိုမြှင့်တင်ရာတွင် များစွာ အထောက်အကူပြုမည်ဖြစ်သဖြင့် ဆွေးနွေး ပေးသော ဝန်ကြီးများနှင့် အဆင်မြင့်ကိုယ်စားလှယ် များ၊ ပညာရှင်များအားလုံးကို ကျေးဇူးတင်ရှိကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ကွင်းဆင်းကြည့်ရှု
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ မေမြို့ထင်းကြိုးဝိုင်းအတွင်း မြန်မာ နိုင်ငံသစ်တောကျောင်း လေ့ကျင့်သင်ကြားရေး သစ်တောဧက ၅၀၀ သို့သွားရောက်၍ ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကျွန်းရတနာ ရှင်းလင်းဆောင်၌ လေ့ကျင့်ရေးသစ်တောနှင့်ပတ်သက် သည့် အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မေမြို့ ထင်းကြိုးဝိုင်းအတွင်း တိုးတက်ကောင်းမွန်လာ သော တောအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ ပြီး သဘာဝတောထိန်းသိမ်းမှုကောင်းမွန်၍ ဇီဝမျိုးစုံ မျိုးကွဲ ကြွယ်ဝသည့်အတွက် လေ့ကျင့်ရေးသစ်တော အား ဆက်လက်၍ ထိန်းသိမ်းကာကွယ်စောင့် ရှောက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်