
နေပြည်တော် နိုဝင်ဘာ ၉
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စတုတ္ထအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည့် စီမံကိန်းများစတင်ကြောင်း အသိပေးကြေညာခြင်း အခမ်းအနားကို ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက် တို့က အဖွင့်အမှာစကားပြောကြားကြပြီး စီမံကိန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက စီမံကိန်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြသည်။
အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စီမံကိန်းတာဝန်ရှိသူများ တက်ရောက်ကြသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အိမ်နီးချင်းကောင်းပီသစွာ ချစ်ကြည်ရင်းနှီး မှုကို အခြေခံပြီး ဒေသတွင်းအဖွဲ့ဝင် ခြောက်နိုင်ငံ အကြား ဖွံ့ဖြိုးတိုးတက်မှုဟန်ချက်ညီရေး၊ ဖွံ့ဖြိုးမှု ကွာဟချက်လျှော့ချရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုရရှိရေးကို အလေးထားဖော်ဆောင်ရန် ရည်ရွယ်၍ မဲခေါင်မြစ်ဖြတ်သန်း စီးဆင်းသည့် နိုင်ငံများ၏ ရေမြေသဘာဝနီးစပ်မှု၊ သမိုင်းနှင့် ယဉ်ကျေးမှုဆက်နွှယ်မှု၊ ဓလေ့ထုံးစံများ၊ တွေးခေါ်မှု ပုံစံများ၊ နေထိုင်စားသောက်မှု စရိုက်လက္ခဏာများ ပျံ့နှံ့ ဆက်နွှယ်လျက်ရှိသော တရုတ် ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ၂၀၁၆ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ပထမအကြိမ် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေး၏ ဆန်းယ ကြေညာစာတမ်း (Sanya Declaration) အရ မဲခေါင် နိုင်ငံများသည် ပွင့်လင်းမြင်သာ၍ အားလုံးပါဝင် နိုင်ရေးကို အရင်းတည်သည့် မဲခေါင်-လန်ချန်း စိတ်ဓာတ်ဖြင့် ပေါင်းစည်းဆက်နွှယ်မှု၊ ထုတ်လုပ်မှု စွမ်းရည်တိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ် ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရေအရင်းအမြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဦးစားပေး နယ်ပယ် ငါးရပ်တွင် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
စီမံကိန်း ၂၄ ခု ဆောင်ရွက်လျက်ရှိ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် မဲခေါင်-လန်ချန်း စီမံကိန်းများတွင် စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးကဏ္ဍဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် ၂၀၁၇ ခုနှစ်တွင် ပထမအသုတ် စီမံကိန်း ငါးခု၊ ၂၀၁၈ ခုနှစ်တွင် ဒုတိယအသုတ်စီမံကိန်း ကိုးခု၊ ၂၀၂၀ ပြည့်နှစ်တွင် တတိယအသုတ်စီမံကိန်း ခြောက်ခု၊ ၂၀၂၁ ခုနှစ်တွင် စီမံကိန်း လေးခု စုစုပေါင်းစီမံကိန်း ၂၄ ခု ဆောင်ရွက် လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် အကောင်အထည် ဖော်ရန် ခွင့်ပြုထားသည့် စီမံကိန်းလုပ်ငန်းများအရ မျှစ်ထုတ်လုပ်ရေးနှင့် ဆက်စပ်သော ကျေးလက်နေ အိမ်ထောင်စုများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရေးနှင့် ဝင်ငွေတိုးတက်စေရန်၊ စိုက်ပျိုးရေး ဈေးကွက် အလားအလာရှိသော သီးနှံများဖြစ်သည့် မက္ကဒေးမီးယားစိုက်ပျိုးသည့် လုပ်ကွက်ငယ် တောင်သူများအား နည်းပညာပံ့ပိုးပေးခြင်း၊ အဆင့်မြင့် ထုတ်လုပ်မှု၊ ထုပ်ပိုးမှု နည်းပညာများဖြင့် အရည် အသွေးမြှင့် ကော်ဖီထုတ်လုပ်မှု ဝင်ငွေတိုးတက် စေရေးနှင့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက် ရောဂါများနှင့် လူနှင့် တိရစ္ဆာန်အကြား အပြန်အလှန် ကူးစက်တတ်သည့် ရောဂါကာကွယ်ဆေး ထုတ်လုပ် ခြင်း နည်းပညာ ပူးပေါင်းဆောင်ရွက်ခြင်းများ ဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းများ အကောင်အထည်ဖော် နိုင်ခြင်းဖြင့် စိုက်ပျိုးရေးနှင့် ဆက်စပ် အသက်မွေးဝမ်း ကျောင်းပြုနေသော ကျေးလက်နေပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး ယင်းတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးဒဏ်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက်မှုများကြောင့် သွင်းအားစုစရိတ်ကြီးမြင့် လာမှု၊ သယ်ယူပို့ဆောင်ရေး အခက်အခဲစသည့် စိန်ခေါ်မှုများရှိခဲ့သော်လည်း ညှိနှိုင်းခွင့်ပြုထားသည့် လုပ်ငန်းစီမံကိန်းများ၊ ရန်ပုံငွေများနှင့်အညီ မျှော်မှန်း ရလဒ်များရရှိရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်