မဲခေါင် - လန်ချန်း အထူးရန်ပုံငွေဖြင့် ၂၀၂၂ ခုနှစ်တွင် စီမံကိန်းလုပ်ငန်း ခုနစ်ခု အကောင်အထည်ဖော်ဆောင်ရွက်မည်

 

နေပြည်တော်   ဇွန်   ၂၉


မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် အကောင်အထည် ဖော်သည့်  စီမံကိန်းများဆိုင်ရာ  အစည်းအဝေးကို ယနေ့   နံနက်ပိုင်းက  စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


ပူးပေါင်းဆောင်ရွက်လျက်ရှိ


အစည်းအဝေးတွင် ဒုတိယဝန်ကြီး  ဒေါက်တာ အောင်ကြီး က စိုက်ပျိုးမြေများကို ထိထိရောက်ရောက် အသုံးချကာ စိုက်ပျိုးရာသီအလိုက် သီးနှံမျိုးစုံမျိုးကွဲ များ စုံလင်စွာ စိုက်ပျိုးရေး၊ သီးထပ်သီးညှပ်စိုက်ပျိုး ရေး၊ ဒေသနှင့်ကိုက်ညီသည့်  သီးနှံများစိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးမှုတိုးတက် ရေး၊    အရည်အသွေးမြင့်မားသည့်    စိုက်ပျိုးရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်၍ ဈေးကွက်ရရှိရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပြီး လယ်ယာ ကဏ္ဍ၏    ပြည်ပပို့ကုန်တိုးမြှင့်ရေးကို   ဒေသတွင်း နိုင်ငံများ၊   ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း   ပြောကြား သည်။ 

 


ရှင်းလင်းတင်ပြ


ဆက်လက်၍ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကျော်ဆွေလင်းက  မဲခေါင် - လန်ချန်း အထူးရန်ပုံငွေဖြင့်    အကောင်အထည်ဖော်သည့် စီမံကိန်းများနှင့်  စပ်လျဉ်း၍  သိရှိလိုက်နာရမည့် အချက်များနှင့် စီမံကိန်းဦးစီးဌာနက စတုတ္ထအသုတ် ရန်ပုံငွေဖြင့်   ဆောင်ရွက်လျက်ရှိသည့်    စီမံကိန်း လုပ်ငန်း ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။

 


ဖြည့်စွက်ဆွေးနွေးမှာကြား


ထို့နောက် စီမံကိန်းတွင် ပါဝင်သည့် စိုက်ပျိုးရေး ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊   မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊   ငါး လုပ်ငန်းဦးစီးဌာနနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ် များက သက်ဆိုင်ရာဌာနအလိုက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၏ အခြေ အနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး က လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

 


စီမံကိန်း  ၃၁ ခုကို  ဆောင်ရွက်


လယ်ယာ၊ သား၊ ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့်   ခေတ်မီနည်းပညာများ   အသုံးပြုပြီး   ဘက်စုံ ကဏ္ဍစုံ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာရေးလုပ်ငန်း များကို နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေများဖြင့် အဓိက် ဆောင်ရွက်လျက်ရှိသကဲ့သို့   မိတ်ဖက်နိုင်ငံများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၏  အကူအညီ အထောက်အပံ့များ၊ ချေးငွေများဖြင့်လည်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မဲခေါင်- လန်ချန်း စီမံကိန်းလုပ်ငန်းများသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏  မတည်ရန်ပုံငွေဖြင့်  ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊   စီမံကိန်း   ပထမအသုတ်ဖြစ်သော ၂၀၁၇ ခုနှစ်တွင် စီမံကိန်း ငါးခု၊ ဒုတိယအသုတ် ၂၀၁၈ ခုနှစ်တွင် စီမံကိန်း ကိုးခု၊ တတိယအသုတ် ၂၀၂၀ ပြည့်နှစ်တွင် စီမံကိန်း ခြောက်ခု၊ စတုတ္ထ အသုတ် ၂၀၂၁ ခုနှစ်တွင်   စီမံကိန်းလုပ်ငန်း   လေးခု တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခု ပဉ္စမအသုတ် ၂၀၂၂  ခုနှစ်တွင်  စီမံကိန်းလုပ်ငန်း ခုနစ်ခု အကောင်အထည်ဖော်     ဆောင်ရွက်မည်ဖြစ်ရာ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ဖြင့်  စုစုပေါင်း စီမံကိန်း   ၃၁  ခုကို   ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။                                            

သတင်းစဉ်