
နေပြည်တော် စက်တင်ဘာ ၁၅
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို ကျင်းပပြုလုပ်နိုင်ရန် ကြိုတင် ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ လာမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့် အညီ လွတ်လပ်စွာ မဲပေးနိုင်ရေး အတွက် နေပြည်တော်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်း၊ မဲရုံနေရာများ သတ်မှတ်ခွဲဝေခြင်း၊ မဲရုံသုံးပစ္စည်းများ ကြိုတင် ဖြည့်ဆည်းခွဲဝေခြင်း စသည့် ရွေးကောက်ပွဲ အကြိုကာလ လုပ်ငန်းစဉ်များကို စီစဉ်ဆောင် ရွက်သည့် ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ကြိုတင်ညှိနှိုင်း
အစည်းအဝေး တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ( ၂၀၀၈ ခုနှစ် )နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ကျင်းပပြုလုပ်ပေးရမည်ဖြစ်သည့် အတွက် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်ပြီး ဥပဒေနှင့်အညီ မဲပေးနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အခြေခံ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေး အတွက် မြေပြင်လူဦးရေစာရင်း နှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း များကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းများဆောင်ရွက် ပြီးစီးပြီ ဖြစ်သည့်အတွက် ရွေးကောက်ပွဲကျင်းပနိုင်ရေး မဲရုံ နေရာများ သတ်မှတ်ခွဲဝေခြင်း၊ မဲရုံသုံးပစ္စည်းများ ကြိုတင်ဖြည့် ဆည်းခြင်း စသည့် ရွေးကောက်ပွဲ အကြို ကာလလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် ဆောင်ရွက် နိုင်ရေး ကြိုတင်ညှိနှိုင်းသည့် အစည်းအဝေး ဖြစ်ကြောင်း။
နိုင်ငံသားများ အနေဖြင့် ဥပဒေနှင့်အညီ လွတ်လပ်စွာ မဲပေးနိုင်ရန်အတွက် မဲပေးရာတွင် ပြည့်စုံရမည့် နိုင်ငံသား၊ ဧည့်နိုင်ငံ သားနှင့် နိုင်ငံသားပြုခွင့်ရသူကတ် တစ်မျိုးမျိုးနှင့် အိမ်ထောင်စုဇယား ပုံစံ ( ၆၆/၆ ) များ ရှိကြရမည်ဖြစ် ကြောင်း၊ ပုံစံ ( ၆၆/၆ ) ရှိမှသာ မိမိနေထိုင်ရာဒေသ မဲစာရင်းတွင် ပါဝင်နိုင်မည်ဖြစ်ပြီး မဲစာရင်းတွင် ပါဝင်မှသာ မဲပေးနိုင်မည်ဖြစ် ကြောင်း၊ သို့ဖြစ်၍ မဲဆန္ဒရှင် ပြည်သူများ လွတ်လပ်စွာ မဲပေး နိုင်ရေးအတွက် တာဝန်ရှိသည့် ဌာနများမှ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် ( PR ) သို့ ပြောင်းလဲကျင့်သုံးမည်ဖြစ် သည့်အတွက် မဲဆန္ဒရှင်ပြည်သူ များ လွယ်ကူစွာမဲပေးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ကျယ်ကျယ် ပြန့်ပြန့် အသိပေးဟောပြော ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲရုံများ သတ်မှတ်ခွဲဝေရာတွင် လည်း ဝေးလံဒေသများနှင့် ခရီးသွားလာရန်ခက်ခဲသည့် ဒေသ များအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်ညှိနှိုင်းတိုင်ပင်၍ သတ်မှတ်ပေးရန် လိုကြောင်းတို့ကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု နယ်မြေ ဥတ္တရသီရိခရိုင်၊ ဒက္ခိဏသီရိခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ များမှ ရွေးကောက်ပွဲအရာရှိများက မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်း၊ မဲရုံအရေအတွက်များ လျာထား သတ်မှတ်ခြင်းနှင့် မဲရုံသုံးပစ္စည်း များ လိုအပ်ချက်တို့နှင့်စပ်လျဉ်း ပြီး ရှင်းလင်းတင်ပြကြကာနေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ကလည်း အကြံပြုဆွေးနွေးကြ သည်။ ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ဖြည့်စွက် မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်