မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ၊ ဘုရားဖူးပြည်သူအပေါင်း လာရောက်ဖူးမြော်ကြည်ညို ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ရန် စက်တင်ဘာ ၃ ရက်အထိ ထပ်မံရက်တိုးမြှင့်သတ်မှတ်

 

နေပြည်တော်     ဩဂုတ်    ၁၈
ပြည်ထောင်စုနယ်မြေ  နေပြည်တော်  ဒက္ခိဏသီရိ မြို့နယ်ရှိ    ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင်  တည်ထား ပူဇော်   အောင်မြင်ခဲ့သည့်   ကမ္ဘာပေါ်ရှိ   ထိုင်တော်မူ  ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်  ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ရဟန်း၊ ရှင်လူ၊ ဘုရားဖူးပြည်သူအပေါင်း အခမဲ့လာရောက်ဖူးမြော်နိုင်ရန်  ဩဂုတ်  ၈  ရက်မှ စတင်၍    နံနက်  ၆ နာရီမှ   ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိရာ  ယနေ့  ဩဂုတ်  ၁၈  ရက်တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ရဟန်းရှင်လူ ပြည်သူများတဖွဲဖွဲဖြင့်  အထူးစည်ကားလျက်ရှိသည်။ 
ယနေ့ ဩဂုတ် ၁၈ ရက်နေ့တွင်   ဘုရားဖူးလာ ပြည်သူများအနေဖြင့်    ယာဉ်ကြီး၊    ယာဉ်ငယ်၊ မော်တော်ဆိုင်ကယ်များဖြင့်ပါမကျန် အမျိုးမျိုးသော ယာဉ်များဖြင့် ခရီးနှင်ရောက်ရှိလာကြသည်ကိုလည်း တွေ့ရသည်။   မိုးဖွဲလေးများ   ကျနေသော်လည်း ဘုရားဖူးလာ    ရဟန်းရှင်လူပြည်သူအပေါင်းတို့ ကျိတ်ကျိတ်တိုးစည်ကားလျက်ရှိရာ မာရဝိဇယဘုရား ကြီး၏ မုခ်ဦးဝတွင် ယခင်ရက်များနည်းတူ စည်းကမ်း တကျ၊ စနစ်တကျဖြင့် ယာဉ်များရပ်တန့်ပြီး ဘုရား ဖူးလာပြည်သူများ  စိတ်အေးချမ်းသာစွာ  ဖူးမြော် ကြည်ညိုနိုင်ရန် လုံခြုံရေးအဖွဲ့များအနေဖြင့် စစ်ဆေး ကြပ်မတ်ခြင်းကိုလည်း ပြည်သူများ  ကြည်ဖြူစွာ အစစ်ဆေးခံကြသည်။ 
ဘုရားကြီးရင်ပြင်တော်ပေါ်သို့   အသုတ်လိုက် အသုတ်လိုက်ဖြင့် တက်ရောက်ဖူးမြော်နေကြသည့် ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများက ပန်းရေချမ်း ဖြင့် မာရဝိဇယဘုရားကြီးအား ကပ်လှူပူဇော်ကြခြင်း၊ ပဋ္ဌာန်းဘာဝနာပွားများကြခြင်း၊ ဆုတောင်းမေတ္တာပို့သကြခြင်းများဖြင့်     စိတ်နှလုံးအေးချမ်းဖွယ်ရှိ လှပါသည်။  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ထားသည့် ရင်ပြင်တော်ပတ်လည်၌ ဂန္ဓကုဋိ တိုက်    ၂၄  ဆောင်ကို    စကျင်ကျောက်များဖြင့် တည်ဆောက်ထားရှိရာ   ဘုရားဖူးပြည်သူများအနေ ဖြင့်   စိတ်အေးချမ်းသာစွာ  ဂန္ဓကုဋိတိုက်တော်များ အတွင်းမှ ဘုရားကြီးကို ဖူးမြော်ကြည်ညိုကြသည်။ 
ထို့ပြင် ဘုရားဖူး ရဟန်းရှင်လူ ပြည်သူများအနေ ဖြင့်    မာရဝိဇယ    ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာ   ဋီကာကျမ်းစာများကို   တစ်ပါတည်း လေ့လာဖတ်ရှုကြည်ညိုနိုင်ရေးအတွက်      စကျင် ကျောက်ချပ်များပေါ်၌     ခေတ်မီစက်ကိရိယာများ အသုံးပြု၍  ပါဠိအက္ခရာ၊  Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်းထား သည့် ကျောက်စာရုံစေတီတော် အဆူ ၇၂၀ ကို ရုပ်ပွား တော်မြတ်ကြီး၏     ရှေ့မျက်နှာမူရာ    တည့်တည့်၌ တည်ဆောက်ပူဇော်ထားရှိရာ စိတ်ဝင်စားစွာ ဖူးမြော် လေ့လာကြည်ညိုကြသည်။ 
ကျောက်စာရုံစေတီတော်များ၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရား၊ ခေါင်းလောင်းတော်ကြီး၊ မဟာဗောဓိ ညောင်ပင်တို့ကိုလည်း     ဘုရားဖူးပြည်သူများက ကြည်ညိုစွာဖြင့် ဖူးမြော်ကြသည်။ 
ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော်ထား သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရား ကျောင်းကန်များအား လာရောက်ဖူးမြော်ကြည်ညို ကြသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူ များ ခေတ္တအနားယူနိုင်စေရေးအတွက်  ကျွန်းတိုင်များ အသုံးပြု၍  မြန်မာမှုလက်ရာများဖြင့်  ရှေးမူမပျက် ဆောက်လုပ်ထားသည့်  သုဓမ္မာဇရပ်များတွင်လည်း အေးချမ်းစွာ      အပန်းဖြေအနားယူကြသူများဖြင့် စည်ကားလျက်ရှိသည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုနိုင် ရေးအတွက် စက်တင်ဘာ  ၃ ရက်အထိ ထပ်မံ၍ ရက်တိုးမြှင့်သတ်မှတ် အခမဲ့ဖူးမြော်ကြည်ညို  ခွင့်ပြု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့  စက်တင် ဘာ ၃ ရက်နှင့်နောက်ပိုင်း လာရောက်ဖူးမြော်ကြသူ များအား   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ်တော်ကြီး      ရေရှည်တည်တံ့ခိုင်မြဲစေရန် အတွက်  လိုအပ်သည့်    ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း များဆောင်ရွက်ရာတွင် ကုသိုလ်တော်ဖြစ်ပါဝင်နိုင်ရေး   မြန်မာနိုင်ငံသားလူကြီးတစ်ဦးလျှင် ငွေကျပ် ၁၀၀၀ နှင့်  နိုင်ငံခြားသားတစ်ဦးလျှင်   အမေရိကန် ဒေါ်လာ ၁၀   ဒေါ်လာနှုန်းတို့ဖြင့်  သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့်     အသေးစိတ်ကို    မာရဝိဇယ   ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏   Website   ဖြစ်သည့် mbiw.myannet.com ၊ www.twitter.com/Mara-vijaya နှင့် t.me/Maravijaya တို့တွင်   ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါကြောင်း    နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အသိပေးထားပါသည်။ 
ဟိန်းထက်ဇော် (မြန်မာ့အလင်း)၊
ဓာတ်ပုံ - အိမ့်ဘီလီယံမောင်