
မာရဝိဇယ ဦးတင်သသည်
b ကျောက်သလင်း(သိလာ)၊ ရတနာမှ
ချိန်ခါသင့်မြတ်၊ ပေါ်ထွန်းလတ်၍
အောင်ရပ်ခေါင်မော်၊ နေပြည်တော်၌
စံပျော်ထူးစွ၊ ဖူးမြော်ရသည်
‘‘မာရဝိဇယ’’ မြတ်ဘုရား...။
ဦးတင် ပန်ထွာမိသည်တကား...။
b တဘောင်အတိတ်၊ ဆောင်နိမိတ်နှင့်
အောင်ဟိတ်ရှိပေ၊ ရှေးပဝေက
တည်နေချက်ချာ၊ ဤနေရာဝယ်
သာသနာထွန်းပ၊ လပြည့်ညသို့
စာချစာအံ၊ သိမ့်သိမ့်လျှံလိမ့်
သံချိုဥဩ၊ ပုံဆောင်နှောလျက်
ပြန့်ပြောစည်ပင်၊ ထင်းထင်းမြင်လိမ့်
ရိုးစဉ်မှာတမ်း နှုတ်ဆင့်ကမ်း...။
ဗုဒ္ဓဓမ္မေ ရောင်ဝါလျှမ်း...။
b တစ်သက်တစ်ခါ၊ ကြုံရပါပြီ
တစ်ခါဆိုငြား၊ လွန်ထူးခြားလျက်
တိုင်းကားရွာပြည်၊ ငြိမ်းချမ်းစည်ဖို့
စုံညီနဝင်း၊ ယှက်ဖြန့်ခင်း၍
ထင်လင်းရှုကြည့် လေ့လာသိဖို့
ပိဋကတ်စုံ၊ မြတ်သုံးပုံလည်း
ကုန်စင်ကျောက်ထက်၊ တည်နေလျက်မို့
ကျက်သရေအတိ ခက်ဝေဘိ...။
လေးမြတ်လှစွာ ဦးတင်မိ...။
b ‘‘အောင်စစ်ရန်ပြို’’၊ ဖော်ညွှန်းဆိုအံ့
ဝါဆိုလပြည့်၊ ပြန်အောက်မေ့သော်
ကြွေ့ကြွေ့လျှံသစ်၊ ချိန်တစ်နှစ်ဝယ်
‘‘အောင်စစ်ရန်သုဉ်း’’၊ ဖွင့်ဆိုနှုန်းအံ့
ပြည်လုံးခြုံဘိ၊ ပကတိသို့
လပြည့်ဝါဆို၊ သည်ခါကိုလျှင်
ဘုန်းမိုရ်မြတ်စွာ၊ ဘဂဝါတည့်
‘‘မာရဝိဇယ’’၊ ဦးတင်သသည်
မုချပြည်ခွင် ငြိမ်းစေသော်...။ ။
မောင်စိမ်းနောင်(လယ်ဝေး)
ရှင်းလင်းချက်
အောင်စစ်ရန်ပြို = ၁၃၈၅ခုနှစ်
အောင်စစ်ရန်သုဉ်း = ၁၃၈၆ခုနှစ်