လယ်ယာမြေများကို အခြားနည်းဖြင့် အသုံးပြုမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြောကြား

 

ဘားအံ အောက်တိုဘာ ၇


ပြည်နယ်အတွင်းရှိ လယ်ယာမြေများကို အခြား နည်းဖြင့်  အသုံးပြုမှုမရှိစေရေး  ကြပ်မတ်ဆောင်ရွက် ကြရန်   ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက  အောက်တိုဘာ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည့် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့်  ပြည်နယ်  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ၏ (၃/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။

 


အစည်းအဝေးတွင် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများ၏ ဥက္ကဋ္ဌ  ပြည်နယ် ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သည့် အတွက် မြေယာစီမံခန့်ခွဲမှုကိစ္စရပ်များနှင့် ပတ်သက် ၍     စနစ်တကျကိုင်တွယ်ဖြေရှင်းရန်လိုကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်ပတ်သက်၍ အငြင်းပွား မှုများကိုဆုံးဖြတ်ရာတွင် ဘက်လိုက်မှုမရှိဘဲ မှန်မှန် ကန်ကန် ဆောင်ရွက်ရန်လိုကြောင်း၊    ရပ်ကွက်/ ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့များကိုလည်း စွမ်းဆောင်ရည်မြှင့်တင်ပေးရန်လိုကြောင်း၊ အောက် ခြေ   မြေပြင်ကွင်းဆင်းသည့်    အဖွဲ့များအနေဖြင့်    တိတိကျကျဆောင်ရွက်ပေးကြရန်        ဆက်လက် ပြောကြားသည်။

 


 ထို့နောက်  ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများ၏   အတွင်းရေးမှူး ဦးဇော်မိုးအောင်က လယ်ယာမြေစီမံခန့်ခွဲရေးကိစ္စရပ်များနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲ ရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး  ပြည်နယ် ကော်မတီဝင်များက ဖြည့်စွက်အကြံပြု  ဆွေးနွေး တင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)