လယ်ယာမြေအတွင်းမိုးစပါးရာသီ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးစေချင်

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)

 

ယခုအချိန်အခါသည်    တောင်သူလယ်သမားများ မိုးစပါးစတင်စိုက်ပျိုးသည့် အချိန်ကာလဖြစ်ပါသည်။ မြန်မာနိုင်ငံ၏   စပါးကျီဟု   ခေါ်ဆိုတင်စားရသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာလည်း     အချို့ မြို့နယ်များမှာ     မိုးစပါးရာသီ     သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)  ကို      ထည့်သွင်းစိုက်ပျိုးကြတာကို တွေ့ရပါတယ်။

 


သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ပြုလုပ်သုံးစွဲ နည်းနှင့် အကျိုးကျေးဇူးများအကြောင်းကို ဖော်ပြ ပေးလိုက်ရပါသည်။


မြန်မာအမည်- ပိုက်ဆံလျှော်
အင်္ဂလိပ်အမည်-Sunn Hemp
သိပ္ပံအမည်-Crotalaria juncea L
မျိုးရင်း-Leguminoseae
မူရင်းဒေသ- အိန္ဒိယ


သွင်ပြင်လက္ခဏာ 


-ကြီးထွားမှု လျင်မြန်သည့် သဘာဝ သစ်စိမ်း မြေသြဇာအဖြစ် ထင်ရှား
-တောက်ပသောအဝါရောင်       ပန်းပွင့်ပြီး ထောင်မတ်၍ ကိုင်းဖြာသည့် တစ်နှစ်ခံပင်
-အပင်ပိုင်းကြီးထွားမှုမြန်သကဲ့သို့ အမြစ်ပိုင်း ဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုအားကောင်းသည့် အပင်
-မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ တိုးပွားရုံသာမက အပေါ်ယံမြေလွှာ တိုက်စားမှုကာကွယ်ခြင်း
-မြေအောက်ရေ ထိန်းပေးခြင်း
-စပါးမြစ်ဖုနီမတုတ်ရောဂါ ခံနိုင်ရည်ရှိခြင်း

 


သစ်စိမ်းမြေသြဇာပြုလုပ်ခြင်း


-မိုးရာသီ     သစ်စိမ်းမြေသြဇာပြုလုပ်သည့် စိုက်ခင်းမှ တစ်ဧကအထွက် (Bio Mass) ၅ တန်မှ ၇ တန်အထိ ရရှိမည်ဖြစ်သည်။
-ရာသီဥတုအခြေအနေပေးပါက  စိုက်ပျိုးပြီး  ရှစ်ပတ်မှ ၁၂ ပတ်အတွင်း (Bio Mass)  ၁၀ တန်လျှင် နိုက်ထရိုဂျင်ပမာဏ  ၁၅၀  ကီလိုဂရမ်အထက် ထုတ်ပေးနိုင်သည်။

 


-စိုက်ပြီးရက် ၄၀ မှ ၄၅ ရက်သားပန်းမပွင့်မီ အချိန်သည် နိုက်ထရိုဂျင်ထုတ်လုပ်မှု အမြင့်မားဆုံး ဖြစ်သည်။
-ပန်းပွင့်ပြီး   မျိုးစေ့ဖွံ့ဖြိုးချိန်    နိုက်ထရိုဂျင် ထုတ်လုပ်မှုလျော့ကျသည်။       သစ်စိမ်းမြေသြဇာ ပြုလုပ်လိုပါက  စိုက်ပျိုးပြီး  ၄၅  ရက်သားသည် အကောင်းဆုံးဖြစ်၍ ထယ်ထိုး၍ ထွန်မွှေပါ။

 


စိုက်ပျိုးခြင်း


စိုက်ချိန်- ရာသီအားလုံး  စိုက်နိုင်၊  မျိုးစေ့ထုတ် စိုက်ပျိုးပါက မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မေလ၊   ဇွန်လနှင့်    အောက်ပိုင်းဒေသများတွင် အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် စိုက်သင့်


မြေအမျိုးအစား- pH ၅- ၈ ဒသမ ၅ ရှိသော မည်သည့်မြေအမျိုးအစားမဆို စိုက်နိုင်၊ နုန်းမြေသည် အသင့်တော်ဆုံးဖြစ်သော်လည်း မြေညံ့သည့် သဲဆန်  သော ဒေသများတွင် အခြားသီးနှံစိုက်ပျိုးမရပါက  ပိုက်ဆံလျှော် စိုက်ပျိုးပါ။
မျိုးစေ့နှုန်းထား- သစ်စိမ်းမြေသြဇာအတွက် စိုက်ပါက တစ်ဧကလျှင် တန်းကြားတစ်ပေ၊ ပင်ကြား လေးလက်မ မျိုးစေ့ ၂ ဒသမ ၅ ပြည်နှုန်း ကြဲပက် စိုက်ပျိုးပါက လေး၊ ခြောက်ပြည်နှုန်းသုံးစွဲပေးပါ။

 


အထွက်နှုန်း- မိုးရာသီ သစ်စိမ်းမြေသြဇာပြုလုပ် သည့်စိုက်ခင်းမှ တစ်ဧကအတွက် (Bio Mass) ၅ တန်မှ  ၇  တန်အထိ  ရရှိနိုင်သည်။  မျိုးစေ့ထုတ် စိုက်ခင်းမှ တစ်ဧကလျှင် ရှစ်တင်းမှ ၁၀ တင်းနှုန်း ထွက်ရှိသည်။

 


မျိုးစေ့ထုတ်လုပ်ခြင်း


မျိုးစေ့ထုတ်လုပ်ရန် စိုက်ပျိုးပါက တစ်ဧကလျှင်  တန်းကြား ၁ ဒသမ ၅ ပေ၊  ပင်ကြား  ခြောက်လက်မ မျိုးစေ့ ၁ ဒသမ ၅ ပြည်နှုန်းသုံးစွဲပါ။ မျိုးစေ့ထုတ်ပါက သက်တမ်းငါးလ၊ ရက် ၁၅၀ အတွင်း   အသီးတောင့် လေးများ သားရေသားကဲ့သို့ဖြစ်လာပြီး ဖောင်းတင်း နေချိန်တွင် ရိတ်သိမ်းပါ။ အလွယ်ကူဆုံး ခန့်မှန်း ရန်မှာ  အပင်လှုပ်ကြည့်ပါက   အသီးတောင့်လေးများ လှုပ်လာသံကြားလျှင်  ရိတ်သိမ်းရန်  အကောင်းဆုံး ဖြစ်သည်။

 


သက်တမ်းတိုတိုနှင့် အကျိုးများသည့် 
ပိုက်ဆံလျှော်


သီးနှံများ အထွက်နှုန်းတိုးစေရန် ဓာတ်မြေသြဇာ များ နှစ်စဉ်ဆက်တိုက် လွန်ကဲစွာ သုံးစွဲမှုကြောင့်  မြေဆီလွှာ၏ ရုပ်ပိုင်း၊ ဓာတုပိုင်းနှင့် ဇီဝပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ ထိခိုက်လာခြင်း၊ ဓာတုဓာတ်ကြွင်း  များကြောင့် လူနှင့်သတ္တဝါများ အသက်အန္တရာယ် ဆုံးရှုံးမှု   ကျော်လွှားနိုင်ရန်   သက်တမ်းတိုအတွင်း ကြီးထွားမှုမြန်ဆန်၍ နိုက်ထရိုဂျင်ပမာဏများများ ထုတ်ပေးသည့် ပိုက်ဆံလျှော်ကို နှံစားနှင့် အခြား သီးနှံများ   မစိုက်ပျိုးမီ    သစ်စိမ်းမြေသြဇာအဖြစ် စိုက်ပျိုးခြင်းနှင့် မြေဖုံးပင်အဖြစ် စိုက်ပျိုးပါက အကျိုး  များသည့် သီးနှံဖြစ်ပါသည်။

 

-ပုံမှန်အားဖြင့် ပိုက်ဆံလျှော်သည် ပိုးမွှားရောဂါ ကျရောက်မှုနည်းပါး၍ ပိုးသတ်ဆေးသုံးရန်မလိုပါ။

 

-တောက်ပသည့် အဝါရောင်ပန်းပွင့်များကြောင့်  ပျား၊ နကျယ်များကို ဆွဲဆောင်နိုင်၍ ဇီဝနည်းဖြင့်  ပိုးမွှားကာကွယ်နိုင်။

 

-နီမတုတ်ရောဂါ ကျရောက်မှုလျှော့ချပေးသည့် အတွက် သီးလှည့်စိုက်ပေးနိုင်သည်။

 


-သစ်စိမ်းမြေသြဇာသုံးစွဲခြင်းဖြင့် မြေကြီးထဲတွင် အကျိုးပြုဘက်တီးရီးယားများနှင့်    တီကောင်များ ပွားများစေပါသည်။     ထိုအကျိုးပြုသက်ရှိများ များလေလေ အပင်အတွက် အသုံးဝင်သော အာဟာရ  များကို ဖြိုခွဲပေးနိုင်လေလေ ဖြစ်ပါသည်။

 

-သစ်စိမ်းမြေသြဇာကို   နှစ်ရာသီ၊   သုံးရာသီ လောက်    ဆက်တိုက်စိုက်ပျိုးပါက    ပေါင်းပေါက် ရောက်မှုကို  သိသိသာသာလျော့နည်းစေမှာ ဖြစ်ပါ သည်။

 


-သစ်စိမ်းမြေသြဇာ ထည့်ပေးခြင်းဖြင့် မြေကြီး၏  အပူချိန်ကို  ထိန်းညှိပေးနိုင်စွမ်းရှိသည်။  နွေရာသီ အချိန်မှ မြေကြီးကို အပူချိန် အလွန်မတက်အောင် ထိန်းပေးထားနိုင်သလို ဆောင်းရာသီအချိန်မှာလည်း မြေကြီးအပူချိန်  အလွန်ကျမသွားအောင်  ကူညီပေး ပါသည်။

 


-သစ်စိမ်းမြေသြဇာပင်များ၏    အမြစ်များက မြေကြီးနက်နက်ထဲသို့ ဆင်းနိုင်ပြီး အပင်အာဟာရ တွေကို  အပေါ်ယံမြေဆီလွှာသို့ သယ်ဆောင်ပေးပါ သည်။

 


-သစ်စိမ်းပင်တွေဟာ   သီးနှံပင်တွေကို  ကူညီ ပေးရုံသာမက   ပတ်ဝန်းကျင်ကိုပါ   ကူညီပေးပါသည်။ သစ်စိမ်းမြေသြဇာ  သုံးခြင်းအားဖြင့် ဓာတ်မြေသြဇာ များများသုံးရန်မလိုအပ်ပါ။ ဓာတ်မြေသြဇာလျှော့သုံး လိုက်ခြင်းအားဖြင့်    ပတ်ဝန်းကျင်ရှိ     မြေကြီးနှင့် ရေထဲသို့ ဓာတုအဆိပ်တွေ စီးဆင်းမှုကို လျော့နည်း စေမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။