လယ်ယာမြေ ၁၀ ဧကအထက် ပိုင်ဆိုင်ထားသည့် တောင်သူများ နွေစပါးစိုက်ပျိုးရာသီအတွက် ကာလတိုချေးငွေ စတင်လျှောက်ထားနိုင်

 

ရန်ကုန်    ဒီဇင်ဘာ    ၂၃


လယ်ယာမြေ ၁၀ ဧကအထက် ပိုင်ဆိုင်ထားသည့် တောင်သူလယ်သမားများ အနေဖြင့် ယခုနှစ်နွေစပါးစိုက်ပျိုးရေး ရာသီအတွက် ကာလတိုချေးငွေများကို စတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ သိရသည်။        


မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဒီဇင်ဘာ ၂၀ ရက်က   အသိပေး ချက်ထုတ်ပြန်ခဲ့ရာ   ချေးငွေလျှောက်ထားသည့်   တောင်သူများရှိပြီး    လက်ရှိနွေစပါးစိုက်ပျိုးရာသီအမီ   ထုတ်ချေးပေးနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။    တောင်သူများ    စိုက်ပျိုးစရိတ်ကာမိစေရန်   ရည်ရွယ်ပြီး  ဆောင်ရွက်ခြင်းဖြစ်သည်။  ချေးငွေထုတ်ပေးခြင်းကြောင့်  တောင်သူ များအတွက် တစ်ဧကအထွက်နှုန်းတိုးလာမည်ဖြစ်ကြောင်း သိရသည်။


လယ်ယာမြေ ၁၀ ဧကအထက်    ပိုင်ဆိုင်ထားသည့်   တောင်သူ လယ်သမားများကို   ကာလတိုချေးငွေအဖြစ်    တစ်ဧကလျှင်   ကျပ် လေးသိန်း ထုတ်ချေးပေးနိုင်ရေးကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ပုဂ္ဂလိကဘဏ်များ ညှိနှိုင်းပေါင်းစပ် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။


  အဆိုပါအစီအစဉ်အရ ချေးငွေရယူလိုသည့် တောင်သူများသည် ပုံစံ(၇) မူရင်းကို အာမခံအဖြစ် ထားရှိရမည်ဖြစ်ကာ စပါးသီးနှံ တစ်ရာသီ (၄ လမှ ၅ လအထိ) ချေးငွေကာလ ထားရှိမည်ဖြစ်ပြီး အတိုးနှုန်းကို ၁ နှစ်လျှင် ၁၀ ရာခိုင်နှုန်းခန့် သတ်မှတ်ထားကြောင်း သိရသည်။


ချေးငွေလျှောက်လွှာများကို   မြန်မာနိုင်ငံ   ဆန်စပါးအသင်းချုပ် Email admin@mrf.com.mm ဖြင့်လည်းကောင်း၊ Viber ဖုန်း  ၀၉-၄၀၀၀၆၇၂၄၀ သို့ လည်းကောင်း ပေးပို့လျှောက်ထားနိုင်ကြောင်း သိရ သည်။                             

မျိုးမင်းသူရ