
နေပြည်တော် ဧပြီ ၂၂
ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်အတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ကန်သာကျေးရွာအုပ်စု တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာများတွင် ပြိုကျ ပျက်စီးအိမ်ခြေ ၂၃၅ လုံး၊ သေဆုံး ခြောက်ဦး၊ ဒဏ်ရာရ ၁၁၃ ဦးနှင့် ဘေးသင့်သူ စုစုပေါင်း ၉၆၇ ဦး ထိခိုက် ခံစားခဲ့ရပြီး သာသနိကအဆောက်အဦများ၊ စာသင်ကျောင်းများ ထိခိုက်ပျက်စီးခဲ့ရသည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ယနေ့နံနက်ပိုင်း တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် နေပြည်တော်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူ များသည် ဖြစ်စဉ်ဖြစ်ပွားရာ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာများသို့ သွားရောက်ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးကို စုစုပေါင်း အိမ်ထောင်စု ၂၃၅ စုအတွက် ထောက်ပံ့ ပေးအပ်သည်။
အလားတူ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ဦးဆောင်သော နေပြည်တော်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ တာဝန်ရှိသူ များသည် အဆိုပါဘေးသင့်ပြည်သူများ တက်ရောက် ကုသမှုခံယူလျက်ရှိသည့် ဒက္ခိဏသီရိမြို့နယ် ခုတင် (၅၀)ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး အောင်မြင် ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့မှ ဒဏ်ရာရ လူနာ ၃၄ ဦးတို့အတွက် အားဖြည့်အစားအစာများ၊ ထောက်ပံ့ကြေးငွေများ ပေးအပ်ထောက်ပံ့၍ ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားကာ ကျေးရွာအတွက် လမ်းဖောက်လုပ်ခြင်း၊ ရေရရှိရေး၊ သာသနိကအဆောက်အဦများ ပြန်လည်တည် ဆောက်ပေးခြင်းနှင့် လျှပ်စစ်မီးနှင့် နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေး နိုင်ငံတော်မှ ကူညီ ပံ့ပိုးဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ ဦးဆောင်သော တာဝန်ရှိသူများသည် အဆိုပါဘေးသင့်ပြည်သူများ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် လယ်ဝေး မြို့နယ် ခုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိ ပြီး အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာ တို့မှ ဒဏ်ရာရလူနာ ၂၈ ဦးတို့အတွက် အားဖြည့်အစား အစာများ၊ ထောက်ပံ့ကြေးငွေများ ပေးအပ်ထောက်ပံ့ ၍ ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားကာ နိုင်ငံတော်မှ ကူညီပံ့ပိုးဆောင်ရွက်ပေး မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ ဦးဆောင်သော တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် မိုးလုံလေလုံ အားကစားရုံအတွင်း အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့မှ ဘေးသင့်ပြည်သူများကို ယာယီနေရာချထားနိုင်ရေး တည်းခိုနေထိုင် စားသောက်ရေး အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် သွားရောက်ကြည့်ရှု ခဲ့ပြီး ဆောင်ရွက်ရမည့်အချက်များကို ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ ပေါင်းစပ် ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်