
လွယ်ဂျယ် အောက်တိုဘာ ၁၁
ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ် ဆေးရုံကြီး၌ ၂၀၂၁ ခုနှစ်မှစ၍ တာဝန်ကျ ဆရာဝန် ရောက်ရှိမလာသဖြင့် အရေးကြီး လူနာများနှင့် အခြားဝေဒနာရှင်များမှာ ဆေးကုသခွင့်မရရှိကြဘဲ ခက်ခဲမှုများစွာ တွေ့ကြုံရင်ဆိုင်ခဲ့ရသော်လည်း ယခုနှစ် အတွင်း တာဝန်ကျဆရာဝန်ကြီး ရောက်ရှိလာ ပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု များ ဆောင်ရွက်ပေးနေပြီဖြစ်သည်။
ယခင်က လွယ်ဂျယ် - ဗန်းမော် ကားလမ်း မှာ ဆိုးရွားစွာပျက်စီးနေသဖြင့် လူနာများ သွားရောက်နိုင်ခြင်းမရှိခဲ့ဘဲ ရောဂါပြင်းထန် သည့် အချို့သော ဝေဒနာရှင်များသည် တစ်ဖက်နိုင်ငံ ကျန်းဖုန်းဆေးရုံကြီးသို့ သွားရောက်ဆေးကုသကြရာ ကုသစရိတ် ကျပ်သိန်း ငါးဆယ်မှ ရာဂဏန်းအထိ ကုန်ကျ ခဲ့ရသည်။
၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဗန်းမော်ခရိုင် ဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်တစ်ဦး ရောက်ရှိလာသဖြင့် ၎င်းဆရာဝန် ရောက်ရှိချိန် မှစ၍ လွယ်ဂျယ်ဆေးရုံကြီး၌ ခွဲစိတ်ကုသ ခံခဲ့ရသူ ကိုယ်ဝန်ဆောင်မိခင်လောင်း ၁၁ ဦး၊ အရေးပေါ်ခွဲစိတ်၊ ဖြတ်တောက်လူနာ ၁၀ ဦး နှင့် အခြားဝေဒနာရှင်များစွာကို ကုသမှုပေး နိုင်ခဲ့သည်။ ယခုကဲ့သို့ ဆေးရုံကြီး၌ ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည် ဆောင်ရွက်ပေးနိုင်မှုကြောင့် လွယ်ဂျယ်မြို့ ဒေသခံများက ဝမ်းမြောက်ဝမ်းသာဖြစ်လျက် ရှိကြသည်။
“ကျွန်တော် တာဝန်ကျနေတဲ့ဒေသဟာ နယ်စပ်ဒေသ ဖြစ်ပါတယ်။ လူမျိုးပေါင်းစုံကို ဆေးကုသခွင့်ရရှိတာရယ်၊ ခွဲစိတ်ကုသပေးတဲ့ လူနာတွေ၊ တခြားလူနာ အတော်များများ ဆေးကုသခွင့်ရရှိခဲ့လို့ များစွာကျေနပ်မိပါ တယ်။ အတတ်နိုင်ဆုံးကြိုးစားပြီး လွယ်ဂျယ် ဒေသအကျိုးကို ဆောင်ရွက်သွားပါ့မယ်”ဟု တာဝန်ကျ ဒေါက်တာ သန်းဝင်းက ကရုဏာ စေတနာစကား ပြောကြားသည်။
ရင်ငြိမ်း(လွယ်ဂျယ်)