လူငယ်နှင့်စာဖတ်ခြင်း (စာကြည့်တိုက်ယဉ်ကျေးမှုအစ စာသင်ကျောင်းက)

Type
4

 

  မြင့်မောင်(Phil-Q)
 

စာကြည့်တိုက်ဟူသည်
စာကြည့်တိုက်သည်             စာအုပ်ပေါင်းများစွာတို့၏ နေအိမ်ဖြစ်၏။  စာအုပ်များစွာရှိရာ   နေရာဖြစ်၏။ မြန်မာအဘိဓာန်၌    စာကြည့်တိုက်ကို    “ကြည့်ရှု လေ့လာရန်၊    ငှားရမ်းရန်   စာအုပ်များ  သိမ်းဆည်း ထားရာ  အဆောက်အအုံ”ဟု   အနက်ဖွင့်သည်။ စာကြည့်တိုက်တွင်  အကြောင်းအရာပေါင်းများစွာ၊ ပညာရပ်ပေါင်းများစွာပါရှိသော     စာအုပ်စာစောင်၊ သတင်းစာ၊  ဂျာနယ်၊  မဂ္ဂဇင်းတို့သာမက  စာအုပ် မဟုတ်သော               အခြားလေ့လာစရာအရာများ စနစ်တကျ    စုစည်းထားသည်။   စာကြည့်တိုက်ကို  အံ့ဩဖွယ်ရာအပေါင်းနှင့်          ပြည့်လျှမ်းနေသော ကမ္ဘာကြီးဟု ဆိုနိုင်၏။
စာလုံးဝမဖတ်သူသည် လက်ရှိဘဝတစ်ခုတည်း တွင်သာ ရှင်သန်သူဖြစ်ပြီး စာဖတ်သူကမူ သူမသေခင် ဘဝပေါင်းများစွာ      ရှင်သန်ခွင့်ရသူ    ဖြစ်သည်။ စာဖတ်ခြင်း၏အကျိုးကျေးဇူးကို  အနောက်တိုင်း စာရေးဆရာတစ်ဦးက  ထိုသို့ဆို၏။ သက်တမ်းတစ်ခု အတွင်း ဘဝပေါင်းများစွာ သက်ဝင်လာခြင်းသည် အံ့ဖွယ်မဟုတ်ပါလော။  စာဖတ်ခြင်းဖြင့် ထိုအံ့ဖွယ် အဖြစ်သည် လက်တွေ့ဖြစ်လာသည်။ စာကြည့်တိုက် ၌ စာအုပ်များရှိ၏။ ထို့ကြောင့် စာကြည့်တိုက်သည် အံ့ဩဖွယ်ရာကမ္ဘာ၊ လူတို့အတွက် အကောင်းဆုံး ကမ္ဘာဖြစ်သည်။  အထူးသဖြင့်   လူငယ်တို့အတွက် ဖြစ်၏။
စာကြည့်တိုက်ဟူသည်     ပညာရှင်ဆိုသူများ အတွက်သာမဟုတ်။   ပညာရှာသူ၊  ပညာရှိလိုသူ၊ တိုးတက်ကြီးပွားလိုသူ၊ ငြိမ်းချမ်းလိုသူ၊ အသိအမြင် ကြွယ်ဝလိုသူ၊  အကြားအမြင်ဗဟုသုတများလိုသူ၊ စိတ်အပန်းဖြေသူ၊   အချိန်ကို  အကောင်းဆုံးအသုံး ချသူ စသူစသူတို့  ကျင်လည်ရာအရပ်လည်းဖြစ်၏။ အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေး၊ ကျား-မ မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ဂုဏ်ရှိဂုဏ်မဲ့ ဩဇာရှိ ဩဇာမဲ့မရွေး အားလုံးအတွက်ဖြစ်၏။
စာကြည့်တိုက်ယဉ်ကျေးမှု
လူမျိုးတစ်မျိုး  လူ့အဖွဲ့အစည်းတစ်ခု၏ အတွေး အခေါ်၊  ခံယူချက်၊  အလေ့အထ၊  လူမှုရေးဆိုင်ရာ ပြုမူဆောင်ရွက်ပုံ၊  တန်ဖိုးထားမှုတို့ကို  ထိုလူမျိုး၊ ထိုလူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုဟု ဆိုကြသည်။ သို့ဆိုလျှင် ‘စာကြည့်တိုက်ယဉ်ကျေးမှု’ဆိုသည်မှာ စာကြည့်တိုက်အပေါ် ထားရှိသည့်ခံယူချက်၊  တန်ဖိုး ထားမှု၊ စာဖတ်ခြင်းနှင့်  စာကြည့်တိုက်ကို အပြည့် အဝအသုံးချမှုအလေ့အထ၊ စာကြည့်တိုက်များနှင့် စာကြည့်တိုက်ပညာ     ထွန်းကားပြန့်ပွားအောင် လုပ်ဆောင်မှုဟု ဆိုနိုင်မည်။
စာကြည့်တိုက်များ  ပိုမိုဖွင့်လာခြင်း၊  အစိုးရ နှင့်အဖွဲ့အစည်းတို့ကသာမက စာကြည့်တိုက်တန်ဖိုး သိမြင်သူတို့ကပါ  စာကြည့်တိုက်များဖွင့်လာခြင်း၊ စာအုပ်စာစောင်များ စနစ်တကျ စုဆောင်းထိန်းသိမ်း ထားခြင်း၊       အလွယ်တကူ   ရှာဖွေဖတ်ရှုနိုင်ရန် စီစဉ်ထားခြင်း၊  စာကြည့်တိုက်အသုံးပြုသူများလာ စေရန် စီမံခြင်း၊ စာကြည့်တိုက်နေရာကို ပျော်မွေ့ဖွယ် ဖြစ်အောင်ခင်းကျင်းခြင်း၊        စာကြည့်တိုက်သို့ လာရောက်ချင်အောင်     ဆွဲဆောင်ခြင်း၊     စိတ်ဝင် တစားဖြစ်စေမည့်      စာကြည့်တိုက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊  စာကြည့်တိုက်ပညာ  ပြန့်ပွားစေခြင်း၊ စာကြည့်တိုက်ဦးစီးဖွင့်လှစ်သူနှင့်         စာကြည့်တိုက် အမှုကိစ္စ   တာဝန်ယူထမ်းဆောင်သူတို့အား    ပံ့ပိုး ကူညီခြင်း၊ စာဖတ်သည့်အလေ့အထ ထွန်းကား လာစေရန်      နည်းလမ်းချမှတ်ဆောင်ရွက်ခြင်း စသည်တို့သည်    စာကြည့်တိုက်ယဉ်ကျေးမှု၏ သွင်ပြင်လက္ခဏာဖြစ်ပေမည်။
စာကြည့်တိုက်      များများရှိရန်လိုသည်။ စာကြည့်တိုက်အသုံးပြုသူ     များများရှိရမည်။ စာမြည်းသူ၊ စာရှာသူ၊ စာဖတ်သူ၊  စာငှားသူများနှင့် စည်ကားနေစေရမည်။        စာအုပ်စာစောင်များ အလွယ်တကူ ရှာဖွေနိုင်ရေးအတွက် စာကြည့်တိုက် ပညာအပြည့်ဖြင့်      ဝန်ဆောင်မှုပေးသူကလည်း ပေးမည်။ ဤသို့ဖြင့် လူတို့အတွက် အထူးသဖြင့် တိုးတက်သောလူငယ်တို့အတွက်၊ တိုးတက်လိုသော လူငယ်တို့အတွက်၊ လူငယ်များတိုးတက်ရေးအတွက် စာကြည့်တိုက်များသည်  မိတ်ဖက်ကောင်းကြီးပမာ ဖြစ်လာမည်။
လူငယ်တိုင်း စာကြည့်တိုက်သို့ ရောက်လာရေး
ယနေ့ခေတ်၌  လူငယ်တို့ စာဖတ်အားနည်းလာ သည်။  အပြစ်မဆိုသာ။  စူးစမ်းလေ့လာချင်စိတ်ရှိ သည့်လူငယ်တို့အတွက် သိလိုစိတ်ကိုဖြည့်ဆည်း ပေးမည့်၊  ဖျော်ဖြေပေးမည့်၊  စိတ်အပန်းပြေစေမည့် ယုတ်စွအဆုံး အချိန်ဖြုန်းနိုင်မည့် နည်းလမ်းများစွာ ရှိလာသည်။ အင်တာနက်ဆက်သွယ်ရေးနည်းလမ်း တစ်ခုတည်းကပင်      လူငယ်တို့၏    သိလိုစိတ်ကို လွှမ်းမိုးထားသည်။ တစ်ကမ္ဘာလုံးကို  ထိုင်ရာမထ ကြည့်နိုင်သည့် ကိရိယာတစ်ခုက စာအုပ်နှင့် စာဖတ် ခြင်းကို အလဲထိုးအနိုင်ယူသွားသည်။ 
စာမဖတ်တော့သည့်အတွက်  စာဖတ်သူနည်း သွားသည်။ စာဖတ်သူနည်းသည့်အတွက် စာကြည့် တိုက်များသို့          လာရောက်သူနည်းသွားသည်။ စာကြည့်တိုက်များ   ပြန်လည်သက်ဝင်စည်ကား လာရေးအတွက်  အခြေခံအကျဆုံးမှာ   စာဖတ်သူ များသထက်များလာရေး   ဖြစ်၏။     အထူးသဖြင့် အနာဂတ်မျိုးဆက်လူငယ်များ ဖြစ်သည်။ လူငယ်တိုင်း စာဖတ်လာရေးအတွက် စာဖတ်သည့်အလေ့အထ များထူထောင်ရမည်။   ထို့အတွက်   လူငယ်များ စုစည်းရာ စာသင်ကျောင်းများ၌ ကျောင်းသားလူငယ် မောင်မယ်တို့ကို  စာဖတ်သည့်အလေ့အထရှိလာစေ ရန် အဓိကထား လုပ်ဆောင်သင့်သည်။
စာဖတ်အလေ့အထ အားကောင်းစေရေး
စာဖတ်ခြင်းသည် ပညာသင်ဘဝနှင့်  သက်မွေး လုပ်ငန်းဘဝ     အောင်မြင်ရေးအတွက်     အခြေခံ အကျဆုံး အကျင့်တစ်ခုဖြစ်သည်။ စာဖတ်ခြင်းသည် တီထွင်ဖန်တီးမှု၊ အသိအမြင်ကြွယ်ဝမှုနှင့် စိတ်ဓာတ်  မြင့်မားမှုတို့ရရှိစေပြီး ယင်းမှာ ကျောင်းသားလူငယ် တို့အတွက် အဖိုးတန်အရည်အသွေးများဖြစ်သည်။ စာဖတ်ခြင်းသည်  ပညာသင်ကြားရေး၏ ကျောရိုး လည်းဖြစ်သည်။  သို့သော်    ယနေ့လူငယ်တို့သည် ဆိုရှယ်မီဒီယာသုံးခြင်း၊     ဗီဒီယိုဂိမ်းကစားခြင်း၊ တီဗွီကြည့်ခြင်းတို့ကို  စာအုပ်တစ်အုပ်ဖတ်ခြင်းထက် ပို၍ခုံမင်နှစ်သက်လာနေကြသည်။ ယနေ့ခေတ် လူကြီးမိဘတို့ကလည်း         မိမိတို့သားသမီးများ စာဖတ်သည့်အလေ့အထ အားကောင်းလာစေရေး အပေါ် အလေးအနက်ထား ထိန်းကျောင်းပဲ့ပြင်မှု အားနည်းချက်လည်း ပါဝင်သည်။
ပညာရပ်တစ်ခု ကျွမ်းကျင်လာစေရန် အချိန် လိုအပ်သည်။ ထို့အတူ စာဖတ်သည့်အလေ့အထ အားကောင်းလာစေရေးအတွက် အချိန်ပေး အလေး ထားလုပ်ဆောင်ရန်လိုသည်။    စာဖတ်ခြင်းအမှုကို ခုံမင်နှစ်သက်လာစေရေးအတွက် လုပ်ဆောင်ရာ၌ အခက်အခဲရှိကောင်းရှိမည်။  သို့သော်  နည်းမှန် လမ်းမှန်ဖြင့် လုပ်ဆောင်လျှင်  ကျောင်းသားလူငယ် တို့ စာဖတ်ဝါသနာပါသူတစ်ဦးအဖြစ်သို့   ရောက်ရှိ စေနိုင်သည်။      လူငယ်တစ်ဦး        စာဖတ်သည့် အလေ့အထ အားကောင်းလာစေရေး ထိန်းကျောင်း ပဲ့ပြင်ရာ၌  သော့ချက်မှာ  ငယ်နုစဉ်အချိန်ကပင် စာဖတ်လာစေရေး လှုံ့ဆော်ပေးခြင်းဖြစ်၏။
ထို့ကြောင့်    မူလတန်းအဆင့်ကျောင်းများ၌ မူလတန်းအဆင့်ကလေးများနှင့်  ကိုက်ညီသည့် ကလေးစာကြည့်တိုက်တစ်ခုစီ    တည်ထောင်သင့် သည်။            သူတို့အတွက်စာအုပ်များရှိသည့်  စာကြည့်တိုက်လေးတစ်ခုရှိကြောင်း     ငယ်နုစဉ် ကပင်  အသိဝင်စေသင့်၏။  ဆရာ ဆရာမများက ကလေးများကိုစာဖတ်ပြခြင်း၊ စာကြည့်တိုက်ဝင်ချိန် တစ်ချိန်သတ်မှတ်ပေးခြင်း စသည့်နည်းလမ်းများ ဖြင့်လည်း အသိဝင်စေနိုင်သည်။
အလယ်တန်း၊       အထက်တန်းတို့၌လည်း ထိုအဆင့်       ကျောင်းသားလူငယ်တို့နှင့်ကိုက်ညီ သည့်      စာအုပ်စာစောင်များထားပေးခြင်း၊ စာကြည့်တိုက်ထားပေးခြင်း၊     စာကြည့်တိုက် ကော်မတီကို     ကျောင်းသား   ကျောင်းသူတို့ဖြင့် ဖွဲ့စည်းပေးခြင်း၊   စာကြည့်တိုက်သက်ဝင်စေရေး ဆွေးနွေးတိုင်ပင်ခြင်း၊      စကားဝိုင်းလုပ်ခြင်းများ စီစဉ်ပေးသင့်သည်။
ကျောင်းစာကြည့်တိုက်များ သက်ဝင်လာစေရေး
တွေးကြည့်ပါ။       စာအုပ်စင်ကြီးတစ်ခုရှေ့ ကြမ်းပြင်၌    ဆရာတစ်ဦးထိုင်နေ၏။   လက်ထဲ၌ စာအုပ်တစ်အုပ်ကိုင်၍ ဖတ်ပြနေသည်။ သူ့အနား တွင်  ဆရာဖတ်ပြနေသည်ကို နားထောင်နေသော ကလေးများဝိုင်းလျက်။       သူတို့လေးတွေ၏ မျက်နှာပေါ်တွင် အံ့ဩစိတ်၊ သိလိုစိတ်၊ စူးစမ်းလိုစိတ် တို့ကအပြည့်။ သေချာပါသည်။ ထိုကလေးများသည် ဆရာမှီထိုင်နေသော စာအုပ်စင်ကြီးကို မွှေနှောက် ရှာဖွေကာ     ဆရာပျိုးထောင်ပေးလိုက်သော သိလိုစိတ်နှင့်စာဖတ်ကျင့်ကို     ဆက်လက်တိုးချဲ့ သူများ မလွဲဧကန်ဖြစ်လာပေတော့မည်။
ထို့ကြောင့်       ငယ်ရွယ်နုနယ်သူတို့     စုဝေးရာ စာသင်ကျောင်းများသည်         စာဖတ်ဝါသနာ ပျိုးထောင်ရေး၊  ယင်းမှတစ်ဆင့်  စာကြည့်တိုက် အသုံးပြုမှု အလေ့အထရှိလာရေးတို့  လုပ်ဆောင်နိုင် သည်။ စာသင်ကျောင်းများ၌ စာကြည့်တိုက်များရှိ ပါလိမ့်မည်။  သို့သော် ရှိရုံမည်ကာမတ္တမဟုတ်ဘဲ လှုပ်ရှားမှုအားကောင်းကောင်းဖြင့်  သက်ဝင်လာ စေရန် လိုအပ်သည်။ ထို့အတွက် စာကြည့်တိုက် ပညာရှင်များနှင့် ကျောင်းတာဝန်ရှိသူများ ပူးပေါင်း ၍ ရေတိုရေရှည်နည်းလမ်းများ ချမှတ်ဆောင်ရွက် သင့်ကြောင်း တင်ပြလိုက်ရပါသည်။         ။