
နေပြည်တော် ဇန်နဝါရီ ၃၀
မြန်မာနိုင်ငံ၏ အနာဂတ်တွင် ခေါင်းဆောင်များဖြစ်လာမည့် ကလေးများနှင့် လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတွေးအခေါ်အယူအဆများ ထက်မြက်လာစေရန် ရည်ရွယ်၍ စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ယနေ့ ဆက်လက်ကျင်းပလျက်ရှိသည်။
အဆိုပါ ပွဲတော်ကြီးတွင် အသိပညာ ဗဟုသုတရဖွယ် ပြခန်းပေါင်း ၄၀ ကျော် ပါဝင်ပြသထားပြီး ဖျော်ဖြေရေးအစီအစဉ် ကောင်းများလည်း ထည့်သွင်းထားရာ စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာ ကြသည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ပွဲတော်ကြီးတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ကြသူများ နှင့် တွေ့ဆုံ၍ ရင်းတွင်းစကားသံများကို ရေးသားဖော်ပြလိုက်ရပါသည်။
ဦးရဲတင့် (ဒုတိယဝန်ကြီး)
ပြန်ကြားရေးဝန်ကြီးဌာန
အခုကျင်းပနေတဲ့ လူငယ်နဲ့စာပေ ပွဲတော်ဆိုတာ အရင်က လူငယ်စာပေ ပွဲတော်ဆိုပြီး ပြန်ကြားရေးဝန်ကြီးဌာနက နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။ စာပေ ပွဲတော်ကနေ လူငယ်တွေကို စာပေတင် မကဘဲ အားကစား၊ နည်းပညာနဲ့ အခြား ကဏ္ဍတွေကနေ အထွေထွေအတွေ့အကြုံ ဗဟုသုတတွေရရှိအောင် နာမည်ကို လူငယ်နဲ့စာပေပွဲတော်လို့ ပြောင်းလိုက် တာပါ။ လူငယ်တွေအတွက် ဒီအချိန်မှာ အရေးကြီးတာက အသိပညာ၊ အတတ် ပညာ၊ ဗဟုသုတ၊ အတွေ့အကြုံတွေအပြင် ကျန်းမာသန်စွမ်းဖို့နဲ့ ဗလငါးတန်ပြည့်စုံ ဖို့လိုတယ်ဆိုတဲ့ အသိစိတ်ကို ထည့်ပေး ချင်တဲ့အတွက် ဒီပွဲတော်ကို ကျင်းပရခြင်း ဖြစ်ပါတယ်။
အခုပွဲတော်မှာ စာအုပ်စာပေ ပြခန်း တွေကတစ်ဆင့် စာပေဟာ ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာကို လူငယ်တွေကို သိစေချင်ပါတယ်။ စာပေကနေ အသိ ပညာ ဗဟုသုတတွေရမယ်။ ကျောင်းစာ အပြင် တခြားစာပေတွေကိုလည်း လေ့လာ ဖို့လိုမယ်ဆိုတဲ့ အသိကို ပေးချင်တယ်။ စာပေတွေထဲမှာ ကလေးတွေ သိသင့် သိထိုက်တဲ့ အကြောင်းအရာတွေ အများ ကြီးရှိပါတယ်။ နောက်ပြီးတော့ ဘဝမှာ စာဖတ်လို့ရလာတဲ့ အတွေ့အကြုံတွေနဲ့ လျှောက်လှမ်းသွားရင် သူတို့ဘဝတွေဟာ လှပနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ စာဖတ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အတတ်ပညာဟာ အရေးကြီးပါတယ်။ စာတတ်ရင်တတ်သလို တွင်ကျယ်တယ်၊ လူရာဝင်တယ်ဆိုတာကိုလည်း သိစေချင် တယ်။ သိပ္ပံနဲ့ နည်းပညာပြခန်း၊ ရေကြောင်း အသိပညာပေးပြခန်း၊ လေကြောင်း အသိပညာပေးပြခန်း၊ လေယာဉ်ပျံသန်းမှု သရုပ်ပြကွင်းတွေ ပြထားတာရှိပါတယ်။ ဒီပြခန်းတွေကို ကြည့်ခြင်းအားဖြင့် အတတ်ပညာဟာ ကိုယ်တတ်ရင်တတ်သလောက် ကိုယ့်ဘဝ အတွက်၊ နိုင်ငံ့အတွက်၊ ပြည်သူ့အတွက် အကျိုးပြုနိုင်တယ်ဆိုတဲ့ အတွေးကို ကလေးတွေကို ပေးချင်ပါတယ်။ အချိန် တွေ အလကားမကုန်ဆုံးစေဘဲ လေ့လာပါ၊ သင်ယူပါ၊ မှတ်သားပါဆိုတဲ့ အတွေးအခေါ် ကိုလည်း ပေးချင်တယ်။
လူ့ဘဝမှာ ကျန်းမာရေးက အဓိက ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အားကစားလုပ်ဖို့ လိုပါတယ်။ ကျန်းမာ သန်စွမ်းနေမှ ကိုယ်လုပ်ချင်တာကို လုပ်လို့ရမယ်။ အသက် ရှည်ရှည်နေရမယ်။ ဒါကြောင့် ကျန်းမာဖို့လိုပါတယ်။ အခု ပွဲတော်မှာ နိုင်ငံကျော် အနုပညာရှင်တွေနဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက အနုပညာရှင်တွေလာပြီး ဖျော်ဖြေကြတဲ့ အတွက် ကိုဗစ်ကာလတစ်လျှောက် ငြီးငွေ့နေတဲ့စိတ်တွေကို ပျော်စေချင်လို့ ဖျော်ဖြေရေးအစီအစဉ်ကို ထည့်သွင်းစီစဉ် ဆောင်ရွက်ပေးတာပါ။ ပွဲတော်ကို လာရောက်ကြတဲ့သူတွေဟာ ပျော်လည်း ပျော်မယ်။ အသိပညာဗဟုသုတလည်း ရမယ်။
ဘဝအတွက် အရေးကြီးပြီး သိသင့် သိထိုက်တာ တန်ဖိုးရှိတာတွေကို သိရှိနိုင် အောင် ဒီပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်။ လာကြည့်ကြတဲ့သူတော်တော်များများက ပြခန်းတိုင်းကို စိတ်ဝင်စားကြတယ်။ ပညာရေးပြခန်းမှာလည်း စက်ပစ္စည်း ကိရိယာတွေရှိတယ်။ သိပ္ပံနှင့် နည်းပညာ ပြခန်းကိုလည်း အများစိတ်ဝင်စားကြ တယ်။ လေကြောင်း၊ ရေကြောင်း ပြခန်း တွေကိုလည်း စိတ်ဝင်စားကြတယ်။ ပြခန်းတွေအားလုံးကို စည်စည်ကားကား နဲ့ ဝိုင်းဝန်းပြီး ကြည့်ရှုကြတာတွေ့ပါတယ်။ အလားတူပဲ ဖျော်ဖြေတဲ့နေရာမှာလည်း အားပေးကြတာ တွေ့ရပါတယ်။ စက်မှု နည်းပညာ ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေ တီထွင်ထားတဲ့ စက်ပစ္စည်း ကိရိယာတွေကိုလည်း ပြသထားတယ်။
နည်းပညာတွေက အချိန်နဲ့အမျှ ပြောင်းလဲနေတာကို လာကြည့်တဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ပြည်သူ လူထုတွေ သိရှိစေချင်တယ်။ သို့သော် ပြောင်းလဲလာတဲ့ နည်းပညာတွေကို ဘဝ မှာ အကျိုးရှိအောင် သုံးတတ်ဖို့အတွက် အသိလေးကို ပေးဖို့လိုပါတယ်။ ဥပမာ ကွန်ပျူတာ၊ ဖုန်းတွေကို သုံးရင်သုံးတတ် သလို အကျိုးရှိတယ်ဆိုတဲ့ အသိလေး တွေလည်း ပေးချင်တယ်။ မကောင်းတာ ကိုပယ်ပြီး ကောင်းတာကိုသုံးဖို့လိုတယ်။
သိပ္ပံနှင့်နည်းပညာပြခန်းတွေမှာဆို တီထွင်ထားတာတွေ အများကြီးရှိတယ်။ ပြည်တွင်းမှာ ထုတ်လုပ်ပြီး နိုင်ငံခြားငွေသက်သာတဲ့နည်းလမ်းနဲ့ လုပ်နိုင်တဲ့ တီထွင်မှုတွေလည်း တွေ့ရပါတယ်။ ဒါတွေဟာ အလွန်အင်မတန်ကောင်းပါ တယ်။ ကလေးတွေကို အားကျစေချင် တယ်။ ငါတို့စာတတ်အောင် သင်ရမယ်။ ပညာတတ်အောင် သင်ရမယ်။ ဒီလို တတ်မှသာ တီထွင်နိုင်မယ်။ ကောင်းကျိုး ပြုနိုင်မယ်ဆိုတဲ့အတွေးကို ရောက်စေချင် ပါတယ်။ ဒါကြောင့် ပွဲကိုလာရောက် လေ့လာသင့်ပါတယ်။ လူငယ်နဲ့ စာပေ ပွဲတော်လို့ နာမည်တပ်ထားတာက လူငယ်တွေကို ဦးစားပေးချင်လို့ပါ။ တကယ်တော့ လူကြီးတွေလည်း လာလို့ ရပါတယ်။ ပြည်သူလူထုအားလုံး လာစေ ချင်ပါတယ်။ ပွဲတော်ကို ကိုယ့်သားသမီး တွေကိုပြမယ်။ ပွဲတော်လာကြည့်ရင်းနဲ့ ကိုယ့်သားသမီးကို အသိပညာတွေ သင်ပြ ညွှန်ကြားပေးနိုင်တာတွေ ရှိပါတယ်။ ဒီမှာ စာအုပ်တွေ လာဝယ်ကြတာရှိပါတယ်။ တစ်နေ့တစ်နေ့ကို အတော်ရောင်းရ တယ်။
ကလေးစာအုပ်တွေ၊ ဂန္ထဝင်စာအုပ် တွေ၊ စာပေဗိမာန်ကရောင်းတဲ့ စာအုပ် တွေ၊ ပုဂ္ဂလိကဆိုင်တွေက လာရောင်းတဲ့ စာအုပ်တွေလည်း ရှိပါတယ်။ လာရောက် ဝယ်ယူရင်းနဲ့ မိမိတို့ သားသမီးတွေကို အတွေ့အကြုံရှိအောင်ပြပါ။ သားသမီး တွေကို ကျောင်းစာတွေကိုပဲ မလုပ်စေဘဲ အပြင်ကိုထွက်ပြီး လေ့လာသင်ယူတတ် တဲ့ အလေ့အကျင့်မျိုးရအောင် လာရောက် ကြည့်ရှုသင့်ပါတယ်။ ဒီပွဲမှာ အများကြီး ပညာတွေရပါတယ်လို့ ပြောလို ပါတယ်။
ဦးဝင်းခိုင် (ကျောင်းအုပ်ကြီး၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း)
လူငယ်နှင့် စာပေပွဲတော်ဖြစ်တဲ့ အတွက် ကျွန်တော်တို့ ကျောင်းက ကျောင်းသား ကျောင်းသူတွေ ၁၀၀၀ ကျော် လာရောက်လေ့လာနေပါတယ်။ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ကိုဗစ်လှိုင်းတွေကြောင့် ကျောင်းတွေ နားထားရတဲ့အတွက် အခုလိုပွဲတော်ကြီး ကျင်းပပေးတဲ့အခါ လာရောက်လေ့လာပြီး ပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။ ကလေးအများစုက ဖုန်းနဲ့ ဂိမ်းဆော့ပြီး အချိန်ကုန်နေကြတာများပါတယ်။ ဒီနေ့ ခေတ်မှာ ကျောင်းသားလူငယ်တွေ အားလုံး စာဖတ်ဖို့ ပိုမိုလိုလာပါပြီ။ သမိုင်း ဝင် စာအုပ်စာပေတွေ၊ လေ့လာစရာပြခန်း တွေကအစ ပြခန်းအားလုံးကို လေ့လာ ကြည့်ရှုရင်းနဲ့ အသိပညာဗဟုသုတတွေ ရရှိမယ်လို့ ယုံကြည်ပါတယ်။ ကျောင်းသား လူငယ်တွေ ပြခန်းတွေကို ကြည့်ခြင်း အားဖြင့် ရရှိလာမယ့် အသိပညာဗဟုသုတ တွေကနေတစ်ဆင့် ကျောင်းအတွက်၊ နိုင်ငံ့အတွက် အကျိုးပြုစေမယ့် သားကောင်းရတနာများ ပေါ်ထွန်းလာဖို့ အခုလိုပွဲတော်ကြီးတွေကို နှစ်စဉ်နှစ်တိုင်း ကျင်းပပေးစေချင်ပါတယ်။
မအင်ကြင်းဖူး(ပြပွဲသို့လာရောက်လေ့လာ သည့် ကျောင်းသူ)
ကျွန်မတို့အနေနဲ့ ဒီပွဲတော်ကြီးမှာ ရှိတဲ့ ပြခန်းတွေကတစ်ဆင့် အသိပညာ ဗဟုသုတွေရရှိစေနိုင်သလို နည်းပညာနဲ့ ပတ်သက်တဲ့ ပြခန်းတွေကလည်း အတတ် ပညာကို ဘယ်လို လေ့လာအားထုတ်ရ တယ်ဆိုတာကို မျက်မြင်ကိုယ်တွေ့ သိရှိ ရပါတယ်။ သိပ္ပံနဲ့ နည်းပညာပြခန်းမှာ ဆိုရင် ကျောင်းမှာသင်နေရတဲ့ သင်ခန်းစာ တွေနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို အပြင် မှာ မျက်မြင်တွေ့ရတဲ့အခါ ပိုပြီးစိတ်ဝင် စားဖို့ကောင်းပါတယ်။ အခုလို မြင်ရတော့ စာတွေ့နဲ့ လက်တွေ့ ဘယ်လိုကွာခြား တယ်၊ ဘယ်လိုအချက်တွေကို ကိုယ်က ထပ်ပြီးဖြည့်ဆည်းရမယ်ဆိုတာ သိရှိသွား တယ်။ ဒီလိုသိမှ ကျွန်မတို့ ရည်မှန်းချက် တွေ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်မက ဒီပွဲတော်ကို ပထမဆုံးအကြိမ် လာရောက်လေ့လာတာပါ။ ပွဲတော်ကို လာရောက်တဲ့အခါမှာ နေပြည်တော် အတွင်းမှာရှိတဲ့ ကျောင်းပေါင်းစုံက ကျောင်းသား ကျောင်းသူတွေအားလုံး တစုတစည်းတည်းတွေ့ရတော့ ပိုပြီး ပျော်စရာကောင်းပါတယ်။ ကျွန်မတို့ အနာဂတ်အတွက် ကြီးပွားတိုးတက်စေပြီး အသိပညာဗဟုသုတတွေ များစွာရရှိနိုင် တဲ့ ဒီပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပ ပေးစေချင်ပါတယ်။ လူငယ်နဲ့စာပေ ပွဲတော်ကြီးကို အခုလို ပါဝင်ဆင်နွှဲခွင့်ရ အောင် စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင် ပါတယ်။
ဒေါက်တာသန်းထိုက်စိုး
ပညာရေးဝန်ကြီးဌာန ပြခန်းတာဝန်ခံ
ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာန အနေနဲ့ ရွှေ့နိုင်ပြောင်းနိုင်ဆိုတဲ့ ပြတိုက်နဲ့ လိပ်ပြာပြခန်းကို အဓိကထား ပြသသွား မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံဟာ အပူပိုင်းမုတ်သုံရာသီဥတု ရှိပါ တယ်။ နေရောင်ခြည် ကြွယ်ဝပါတယ်။ လိပ်ပြာတွေဟာ နေရောင်ခြည်ကို ကြိုက်နှစ်သက်တဲ့ အင်းဆက်တွေဖြစ်ပါ တယ်။ လိပ်ပြာတွေ များများရှိတဲ့ ပတ်ဝန်း ကျင်ဟာ သန့်ရှင်းပါတယ်။ လိပ်ပြာ ဆိုတာ ပတ်ဝန်းကျင်ရဲ့ ဂုဏ်သိက္ခာ၊ ပတ်ဝန်းကျင် စံပေတံ၊ ပတ်ဝန်းကျင် သန့်ရှင်းစင်ကြယ်မှုတွေလို့ ပြောလို့ရပါ တယ်။ ပွင့်ခြားဝတ်မှုန်တွေ ကူးတဲ့အခါမှာ လိပ်ပြာတွေဟာ မရှိမဖြစ် အရေးကြီးပါ တယ်။
ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်မှာ လိပ်ပြာပြတိုက်ရှိပါတယ်။ အခြားနိုင်ငံ တွေမှာ လိပ်ပြာဥယျာဉ်တွေရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ ခုထိတော့ မရှိသေးဘူး။ ဒါကိုလုပ်နိုင်ရင်တော့ Eco Tourism ခရီးသွားလုပ်ငန်းတွေမှာ ဆွဲဆောင်မှုရှိလာမယ်၊ အမှတ်တရပစ္စည်း တွေရောင်းချလို့ ရလာမယ့်အတွက် လိပ်ပြာဥယျာဉ် ကျွန်တော်တို့နိုင်ငံမှာ ပေါ်ထွန်းလာဖို့အတွက် ဒီလိုလာရောက်ပြသပေးခြင်းဖြစ်ပါတယ်။ လိပ်ပြာတွေကို လေ့လာခြင်းအားဖြင့် ကလေးတွေဟာ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးလာ မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်ပါ တယ်။ နေပြည်တော်နဲ့ အနီးတစ်ဝိုက်မှာ ရှိတဲ့ ကျောင်းသား ကျောင်းသူတွေ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ နဲ့ မြန်မာပြည်အရပ်ရပ်က လူငယ်တွေ အနေနဲ့ လူငယ်နဲ့ စာပေပွဲတော်ကို လာရောက်မယ်ဆိုရင် အသိပညာ အတတ် ပညာတွေ အများကြီးရမှာ ဖြစ်ပါတယ်။
မောင်ထက်လျှံရဲရင့်(ပွဲတော်သို့ လာရောက် လေ့လာသည့် ကျောင်းသား)
ဒီပွဲတော်ကို ဖေဖေနဲ့ မေမေက လိုက်ပို့ တာပါ။ ပွဲတော်မှာ လေယာဉ်တွေနဲ့ သင်္ဘောတွေကို ဂိမ်းကစားရသလို ကိုယ်တိုင်မောင်းရတဲ့အတွက် သားပျော်ပါ တယ်။ နောက်ပြီး သူငယ်ချင်းတွေနဲ့ ဆေးရောင်ခြယ်၊ အရုပ်ဆက်၊ အိမ်ဆောက် ကစားနည်းတွေကို ကစားခွင့်ရတဲ့အပြင် ပြခန်းက မမတွေကလည်း လက်ဆောင် တွေပေးပါတယ်။ မေမေက သားကြိုက်တဲ့ ပုံပြင်စာအုပ်တွေ အများကြီးဝယ်ပေးတဲ့ အပြင် ဖေဖေက ပြခန်းတွေနဲ့ ပတ်သက် ပြီး သားသိချင်တာတွေကို လိုက်ရှင်းပြ ပေးပါတယ်။ လေယာဉ်ပျံသရုပ်ပြကွင်း မှာလည်း လေယာဉ်တွေကို မောင်းနှင် ပြသပေးတာကို ကြည့်ရတော့ သားကြီး လာရင် လေယာဉ်မောင်းတဲ့သူ ဖြစ်ချင် ပါတယ်။ လေယာဉ်မောင်းနည်းပြပေးတဲ့ ဦးဦးက တကယ့်လေယာဉ်အစစ်လည်း ဒီအတိုင်းပဲမောင်းရတာလို့ ပြောပါတယ်။ အိမ်မှာ ကျောင်းပိတ်ရက်ဆို အဖေဝယ်ပေး ထားတဲ့ လေယာဉ်တွေနဲ့ ကစားပါတယ်။ ဒီပွဲကိုလာရလို့ သားအလွန်ပျော်ပါတယ်။
တွေ့ဆုံမေးမြန်း - မျိုးဆက်သစ်
ဓာတ်ပုံ - ကိုကိုအေး