
ကိုဇော်ဌေး(ယဉ်ကျေးမှု)
================
အသက် (၁၅) နှစ်မှ (၃၅) နှစ်အထိကို လူငယ်ဟု သတ်မှတ်ကြ သည်။ သူတို့သည် ဖြူစင်သန့်ရှင်းသောကလေးဘဝမှလွန်မြောက်၍ အားမာန်ပြည့်ဝကာ တက်ကြွသောအသွင်ရှိသည့်လူငယ်ဘဝသို့ အညွန့်တလူလူရောက်ရှိလာကြသည်။ သူတို့ကို အနာဂတ်၏ ခေါင်းဆောင်ကောင်းများအဖြစ် မျှော်လင့်ကြသည်။
ဘဝ၏ရည်မှန်းချက်များ
လူငယ်ဟုကြားသိလိုက်သည်နှင့် ဖုတ်သွင်းရထားဆိုက်မည့်သူဟု ရှုမြင်လိုက်ကြသည်။ လူငယ်ဘဝသည် အားအင်အပြည့်ဆုံး၊ အတက် ကြွဆုံး၊ ထိုးထွင်းသိမြင်စွန့်စားနိုင်ချိန်အရှိဆုံးကာလပင်ဖြစ်သည်။ ဘဝ၏ရည်မှန်းချက်များ ပြည့်စုံကုံလုံအောင်ကြိုးပမ်းရင်းနှင့်ပင် ဆက်စပ်လျက်ရှိသော အများ၏အကျိုးကိုလည်း ဝင်ရောက်သယ်ပိုး လာကြရသည်။ သယ်ပိုးရင်းနှင့်ပင် နေရာတစ်နေရာကိုလည်း ရောက်ရှိလာတတ်သည်။ ရရှိလာတတ်သည်။ လုပ်ပိုင်ခွင့်အချို့ကို လက်ဝယ်ရယူနိုင်လာကြသည်။ ထိုအခါ အဂတိမည်သောတရား သည် လူငယ်ထံသို့ ချဉ်းကပ်လာတော့သည်။ အကောင်းဆုံးအချိန်ကို ဖြတ်သန်းနေသည့်လူငယ်အား ချမ်းသာသုခပြည့်ဝစေသည်ဟူသော မက်လုံးကိုပေးကာ အရာရာကို ဖြတ်လမ်းနည်းဖြင့် ရယူနိုင်ရာ လမ်းကြောင်းပေါ်သို့ တွန်းတင်လာတော့သည်။ လူငယ်၏ ကိုယ်ကျင့်တရားသည် စမ်းသပ်ခံချိန်ရောက်လာတော့သည်။ စိန်ခေါ် မှုတွင် လူငယ်သာပြိုလဲသွားပါက လူငယ်၏အပေါ် မျှော်လင့်ထားသူ အားလုံးလည်း ပြိုလဲသွားရာရောက်တော့သည်။
လူငယ်တစ်ဦးနှင့်တစ်ဦး ထွန်းပေါက်သောအချိန် မတူညီကြသော် လည်း အများအကျိုးသယ်ပိုးသည့်နယ်ပယ်နှင့် မွေးရာပါကံတရားကို အားပြုကြရသော အလုပ်အကိုင်မျိုးတွင်မူ လူငယ်တို့၏အောင်မြင်မှု သည် မြန်ဆန်တတ်သည်။ အောင်မြင်မှုနှင့်အတူ လူငယ်ထု၏စိတ်ဓာတ် နှင့် မောင်းနှင်အားကို အလိုအလျောက် ရယူပိုင်ဆိုင်လိုက်ကြသည်။ စံပြပုဂ္ဂိုလ်ပမာ လေးစားအားကျခြင်းကိုခံရတော့သည်။ ထိုလူငယ်၏ အရည်အချင်းနှင့် အကျင့်စာရိတ္တသည် လူငယ်များစွာအပေါ် သက်ရောက်သည်။ သက်ရောက်မှုကြောင့်ပင် ထိုလူငယ်သည် သူ၏ အရည်အချင်းနှင့် အကျင့်စာရိတ္တကို ကြာရှည်တည်တံ့အောင်ထိန်းသိမ်း ရတော့မည်ဖြစ်သည်။ လောကကြီးသည် ထိုလူငယ်ကို ကြာရှည်စွာ မထိန်းသိမ်းမစောင့်ရှောက်ပါချေ။ အတွင်းလှိုက်စားတတ်သည့် ခြ သည် ကာလတစ်ခုကိုစောင့်သည်။ ခြသည် လူငယ်၏အကျင့်စာရိတ္တ အား လူမသိ သူမသိ လှိုက်စားသည်။ ကာလတစ်ခုသို့ရောက်ချိန်ဝယ် ထိုလူငယ်သည် ခြကြောင့် ပြိုလဲကျတော့သည်။ ကြီးကြီးမားမား ရည်မှန်းချက်ထားသူ လူငယ်အနေဖြင့် ထိုထိုသောခြတို့ကို သတိပြုရန် ပင်ဖြစ်သည်။
အဂတိလိုက်စားသည်ကို “မတရားသဖြင့် ဘက်လိုက်သည်”ဟု မြန်မာအဘိဓာန်က ဖွင့်ဆိုသည်။ ဦးထွန်းမြင့်၏ “သုခမှတ်စု”၌မူ “တစ်ဖက်သတ် စီရင်ခြင်း”ဟု ဖော်ပြထားသည်။ အဓိပ္ပာယ်သက်ရောက် မှုသည် အတူတူပင်ဖြစ်သည်။ ဆန္ဒာ၊ ဒေါသာ၊ ဘယာ၊ မောဟာ ဟူသောအဂတိတရားလေးပါးကြောင့် မတရားသဖြင့် ဘက်လိုက်ကြ ခြင်းဖြစ်သည်။
ဆန္ဒာဂတိ- ချစ်သဖြင့် တစ်ဖက်သတ်စီရင်ခြင်း၊ ဘက်လိုက် ခြင်း။
ဒေါသာဂတိ- အမျက်ဒေါသကြောင့် မုန်းသဖြင့် တစ်ဖက်သတ် စီရင်ခြင်း၊ ဘက်လိုက်ခြင်း။
ဘယာဂတိ- ကြောက်ရွံ့သဖြင့် တစ်ဖက်သတ်စီရင်ခြင်း၊ ဘက်လိုက်ခြင်း။
မောဟာဂတိ- မသိသဖြင့် တွေဝေ၍ တစ်ဖက်သတ်စီရင်ခြင်း၊ ဘက်လိုက်ခြင်းဟု တွေ့ရသည်။
လူငယ်သည် တစ်ပါးသူအားချစ်သဖြင့် နေရာပေးခြင်း၊ အခွင့်အရေး ပေးခြင်းကိုပြုနိုင်သည်။ တစ်ဖန် တစ်ပါးသူအား ကြည့်မရခြင်းဟူသော အမျက်ဒေါသဖြင့် ထိုသူရယူနိုင်သည့် အခွင့်အရေးတို့ကို ပိတ်ပင်တားဆီး ခြင်းလည်း ပြုနိုင်သည်ကို ဆင်ခြင်သင့်သည်။ ကြောက်ခြင်း၊ ရွံ့ခြင်း အန္တရာယ်ပြုခြင်းတို့ကြောင့်လည်း တစ်ပါးသူအား အထိုက်အလျောက် အခွင့်အရေးပေးမိနိုင်သည်။ မောဟာဂတိသည် တွေးဆချက်များလွန်း သည်။ တစ်ပါးသူအား မသိခြင်းသည် သိအောင်မလုပ်လိုခြင်း ဖြစ်နိုင် သေးသည်။ အလုပ်ကို သိအောင်မလုပ်ဘဲ လွယ်ကူစွာတစ်ဖက်သတ် စီရင်ခြင်း၊ ဘက်လိုက်ခြင်းလည်းဖြစ်နိုင်သည်။ အလုပ်အပေါ် အာရုံ စူးစိုက်မှုမရှိဘဲ အမှတ်မထင်ပြုပြင်စီရင်စေစားလျက်ရှိသောကြောင့် တစ်ဖက်သတ်စီရင်ခြင်း၊ ဘက်လိုက်ခြင်းမျိုးလည်း ဖြစ်သွားရပြန်သည်။ လုပ်ပိုင်ခွင့်ရှိသူလူငယ်က မည်သို့မျှမဆိုသာသော်လည်း စီရင်ခံရသူ (နစ်နာသူ)က ပေးဆပ်လိုက်ရမှုများစွာရှိသွားသည်။ လုပ်ပိုင်ခွင့်ရှိသူ လူငယ်သည်လည်း အဂတိတရားနှင့် ငြိစွန်းသွားသည်။ ကိုယ်ကျိုးပြု ခြင်း၊ မပြုခြင်းနှင့် မသက်ဆိုင်ဘဲ အဂတိတရားနှင့် ငြိစွန်း၊ မငြိစွန်းသာ ဆိုင်သည်။ အဂတိလိုက်စားမှုမြောက်ခြင်း၊ မမြောက်ခြင်းကို စဉ်းစားရန် ဖြစ်သည်။ အဂတိတရား တစ်ပါးပါးကို ကျူးလွန်မိသည်ပင်လျှင် အဂတိ တရားလိုက်စားသည်ဟူသော စွပ်စွဲချက်ဖြင့် စွပ်စွဲနိုင်သည့်အသေးစိတ် လွန်းလှသော မြန်မာ့ဓလေ့ထုံးတရားကို လေးစားမိသည်။
ကိုယ်ကျင့်တရားပျက်ယွင်းပြီး အဂတိလိုက်စားခြင်း
ယနေ့အချိန်ကာလ၌ အဂတိကို တံစိုးလက်ဆောင်လာဘ်စားခြင်း ဖြင့် ကိုယ်ကျင့်တရားပျက်ယွင်းမှုအပေါ် စံထားသတ်မှတ်ကြသည်။ မြန်မာမင်းများလက်ထက်၊ အထူးသဖြင့် ကုန်းဘောင်ခေတ်တွင် မင်းမှု ထမ်းများ တံစိုးလက်ဆောင်ယူခြင်း၊ လာဘ်ပေးခြင်းကို တင်းကျပ်စွာ တားမြစ်ခဲ့သည်။ ၁၇၈၃ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်သော အမိန့်တော်၌ “တိုင်းရေးပြည်ရေး ရာဇဝတ်တော်ရေးကို မထောက်၊ မကြောက်၊ မစစ်မကြော၊ မစီရင်သောကြောင့် ရပ်စုကွက်စုများတွင် သူခိုးလူဆိုးတို့ ပေါ်ရှိကြောင်း၊ အရပ်ခေါင်းအကြီးတို့တွေ့မိ၍ ဆိုင်ရာ ပို့အပ်သည်ကိုလည်း သတ်တန် ဖြတ်တန်သူကို မသတ်မဖြတ်၊ တံစိုး ပဏ္ဏာစားယူ၍သာ လွှတ်ထားကြောင်းများကို ရွှေနားတော် ကြားတော် မူရသည်။ ဝန်တို့မှာ မကြားမသိသော နောင် သည်ကဲ့သို့ မစစ်မကြော ကွပ်မညှပ်ကြောင်း၊ ပဏ္ဏာကာရစားယူလွှတ်ကြောင်းများကို ကြားတော်မူလျှင် နှစ်ခွန်းချေမည်မဟုတ်” ဟူ၍ တားမြစ်ခဲ့သည်။ ကိုယ်ကျင့်တရားပျက်ယွင်းပြီး အဂတိလိုက်စားခြင်းကို ရှေးကတည်း က တားမြစ်ခဲ့ကြောင်း လူငယ်တို့သိစေချင်သည်။
လွတ်လပ်ရေးမရမီကာလ၊ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးစစ်ဒဏ်သင့်ခဲ့ရသော ပြည်သူလူထု အများကို ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ချိန်ကလည်း ထောက်ပံ့ ရေးပစ္စည်းများကို ခိုးယူခြင်း၊ အဂတိလိုက်စားခြင်းတို့ရှိခဲ့သည်။ အဂတိလိုက်စားခြင်းကို တားဆီးရန်နှင့် ပြည်သူ့ထောက်ပံ့ရေးပစ္စည်း များ ခိုးယူခြင်းမှ ကာကွယ်သည့်ကော်မတီ( Civil Supplies Thefts Preventive Committee )ကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ တွင် စတင်ဖွဲ့စည်းခဲ့သည်ဟု လေ့လာသိရှိရသည်။ အဂတိလိုက်စားမှုကို ပိုမိုထိရောက်စွာကာကွယ်တားဆီးနိုင်ရန် ၁၉၄၈ ခုနှစ် အဂတိလိုက်စား မှုတားမြစ်ရေးအက်ဥပဒေကို သီးခြားပြဋ္ဌာန်းပေးခဲ့သည်။
၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ်
ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention Against Corruption -UNCAC) ကို နယူးယောက်မြို့၌ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကျင်းပသည့် (၅၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်(၅၈/၄) အရ ပြဋ္ဌာန်းခဲ့သည်။ ကွန်ဗင်းရှင်း၏ Article (66) အရ အဆိုပါကွန်ဗင်းရှင်းသည် ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စတင်အသက်ဝင်သည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC)တွင် အဖွဲ့ဝင် နိုင်ငံ အမှတ်စဉ်(၁၃၇) အဖြစ် ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင် မြန်မာနိုင်ငံကို ၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြု ခဲ့သည်။ ကုလသမဂ္ဂကွန်ဗင်းရှင်း၏ ရည်ရွယ်ချက်မှာ အဂတိလိုက်စား မှုများအား ပိုမိုထိရောက်အောင်မြင်စွာတားဆီးနိုင်ရေး တိုးမြှင့် ဆောင်ရွက်နိုင်ရန်၊ အဂတိလိုက်စားမှုများအား တားဆီးကာကွယ်ရေး နှင့် မတရားရယူထားသောပစ္စည်းများကို ရှာဖွေသိမ်းဆည်းရေး ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် နည်းပညာအကူအညီတောင်းမှုများကို တိုးမြှင့်၍ ဖြည့်ဆည်းထောက်ပံ့ နိုင်ရန်၊ ပြည်သူ့ရေးရာကိစ္စများနှင့် ပြည်သူ့ပစ္စည်းများကို ဖြောင့်မတ် ရိုးသားမှု၊ တာဝန်ခံမှုနှင့် လျော်ကန်သင့်မြတ်စွာ စီမံခန့်ခွဲနိုင်မှုများကို မြှင့်တင်ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ သို့ရည်ရွယ်ရင်း ကို အလေးထားသည့်အနေဖြင့် မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၂၃ အဖြစ် ပြည်ထောင်စုလွှတ်တော်က ၂၀၁၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့ ရက်စွဲဖြင့် စတင်ပြဋ္ဌာန်းနိုင်ခဲ့သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လာ ခဲ့ကြသည်။
အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေချိန်ဝယ် လူငယ်တို့သည် အဂတိကိုမသိခြင်းကြောင့်လည်းကောင်း၊ သိလျက်နှင့် သော်လည်းကောင်း မကျူးလွန်စေချင်ပါချေ။ ပျိုမျစ်နုငယ်စဉ်ကာလ ဝယ် အဂတိဆိုသည်ကိုပင် သဲကွဲစွာနားမလည်သေးသည့်အချိန်၌ တစ်ပါးသူယောင်၍ အမောင်တောင်မှန်း မြောက်မှန်းမသိ ဖြစ်တတ် လေ့ရှိပေသည်။ အဂတိအမှောင်အတွင်း ခြေနင်းမိပါက လူငယ်၏ စွမ်းဆောင်ရည်သာမက လူငယ်ထု၏ပုံရိပ်ကိုပင် ထိခိုက်စေပါသည်။ အဂတိလိုက်စားမှုသည် နိုင်ငံအတွင်းရှိ ကဏ္ဍအားလုံးနှင့် အင်စတီ ကျူးရှင်း (Institution)များအားလုံးအပေါ်ကျရောက်နိုင်သော ရောဂါ ဆိုးကြီးဖြစ်သည်။ ကုသရန်အတွက် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရနိုင် သည်။ခက်ခဲပြီးရှုပ်ထွေးသည့်ဖြစ်စဉ်များ ရှိလာနိုင်သည်။ သက်ရောက် မှုသည် ပေးဆပ်ရမှုကြီးမားနိုင်ပြီး အဖြေသည် လူငယ်တို့၏အနာဂတ် လမ်းစပျောက်သွားခြင်းပင်ဖြစ်သည်။
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးသည် အခါအားလျော်စွာ ပြောင်းလဲနေ တတ်သည်။ လူငယ်တို့သည် ပြောင်းလဲနေသည့် ရေစီးကြောင်းနှင့် အလိုက်သင့်လိုက်ပါတတ်ကြသည်။ သို့သော်လည်း ဓလေ့ရိုးရာ ထုံးတမ်းနီတိတို့က လူငယ်တို့ ထာဝစဉ်ပြုမူလိုက်နာအပ်သည့် ကျင့်ဝတ်စည်းကမ်းများကို ပြဋ္ဌာန်းပေးထားပြီးဖြစ်သည်။ ကျင့်ဝတ်နှင့် စည်းကမ်းများတွင် သားသမီးဝတ်၊ တပည့်ဝတ်၊ တာဝန်အလျောက် အပ်နှင်းထားသည့်အခွင့်အာဏာကိုအလွဲသုံးစားပြုမူမှု စသည်တို့ ပါဝင်သည်။ မိမိကြည်ညိုသည့်ပုဂ္ဂိုလ်ဟူသော ဆန္ဒစွဲကြောင့်သော် လည်းကောင်း၊ တစ်ချိန်တစ်ခါက မိမိနစ်နာခဲ့သည်များသည် ပြန်လည် နိုးထလာပြီး ဒေါသတို့တစ်ဖန်နိုးထလာသောကြောင့်လည်းကောင်း၊ ရေစီးကြောင်းတွင် လိုက်ပါမသွားမှုကြောင့် ယုန်ထင်ကြောင်ထင် အဖြစ်ခံရမည့် ဘယာကြောင့်သော်လည်းကောင်း၊ စိတ်အစဉ် မပြတ် သားသည့် မောဟကြောင့်သော်လည်းကောင်း ဖြူစင်နေသည့်လူငယ် သည် အဂတိတရားနှင့် ငြိစွန်းသွားတတ်သည်ကိုလည်း သတိပြုစေ ချင်သည်။ အဂတိတရားမိုက်မှားမှုကြောင့် လူငယ်၏စာရိတ္တ ချွတ်ယွင်း သွားသလို လူငယ်အား မျှော်မှန်းထားသည့် လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးအကျိုးစီးပွားသည်လည်း ထိခိုက်သွား တော့သည်။
လူငယ်သည် အနာဂတ်အတွက် အမြဲပြင်ဆင်နေကြသည်။ ရှေ့ကို မြော်တွေးခြင်းမရှိဘဲ တဒင်္ဂဖြစ်တည်လာသော အဂတိတရားကို နှစ်သက်မက်မောကျူးလွန်လိုက်မိပါက ခြေလှမ်းများစွာ နောက်ကျ သွားနိုင်သည်။ လူတို့သည် မှားနိုင်သည်။ အမှားပြုမိပါက အချိန်မီ ပြန်လည်သုံးသပ်ပြီး ပစ္စုပ္ပန်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်ကြရမည် ဖြစ်သည်။ သင်ယူခြင်း၊ လေ့လာခြင်းတို့ကို စဉ်ဆက်မပြတ်လုပ်ကိုင်ကာ ရပ်တန့်မနေသင့်ပါချေ။ အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေကို ကျူးလွန်မှ အဂတိမြောက်သည်မဟုတ်ဘဲ မြန်မာဓလေ့ဆိုဆုံးမစကားလာ အဂတိတရားလေးပါးကိုလည်း အထူး သတိထားရှောင်ရှားသင့်သည်။ တစ်ဖန် လူငယ်တိုင်း စာတတ်ကြသည်။ စာတတ်သည့်လူငယ်တိုင်း စာဖတ်ခြင်းဖြင့် မှားခြင်း၊ မှန်ခြင်းကို ချင့်ချိန်နိုင်မည်ဖြစ်သည်။ အခြေအနေ အချိန်အခါတစ်ခု ပျက်ယွင်းခြင်း ထက် လူငယ်၏အကျင့်စာရိတ္တမပျက်ယွင်းရန် ပိုအရေးကြီးသည်။
လူငယ်တို့တွင် ပင်ကိုသဘာဝကတည်းက အနစ်နာခံလိုစိတ်၊ စာနာနားလည်စိတ်၊ သည်းခံခွင့်လွှတ်စိတ်တို့သည် ရှိပြီးဖြစ်သည်။ သန့်စင်သောထိုစိတ်လေးများကို မွန်မြတ်သောနေရာ၌ အသုံးချ စေချင်သည်။ အသုံးဝင်ခြင်းကြောင့်လည်း လူငယ်တို့ကို တိုင်းပြည်၏ အနာဂတ်အဖြစ်မျှော်မှန်းကာ ပြုစုပျိုးထောင်ပေးနေကြခြင်း ဖြစ်သည်။ မြန်မာ့အနာဂတ်ကို လူငယ်တို့က ကောင်းမွန်အောင် ဖန်တီးနိုင်ရန် ရေခံမြေခံကောင်းသည် မြန်မာ့ထုံးတမ်းဓလေ့လာ ဆိုဆုံးမစကားတို့ပင်ဖြစ်သည်။ ရင့်ကျက်သူလူကြီးတို့၏ သွန်သင် စကားကိုနာခံကာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အဂတိကင်းစင်စွာ ဆောင်ရွက်နိုင်ကြပါလိမ့်မည်ဖြစ်ပါကြောင်း စေတနာကောင်းဖြင့် တိုက်တွန်းလိုက်မိပါသည်။ ။
မှီငြမ်း- ၂၀၁၈ ခုနှစ်၊ သြဂုတ်လထုတ် သုတပဒေသာစာစောင် အတွဲ (၄၅)၊ အမှတ်(၈)ပါ Cover Story ဆောင်းပါးများ။
- Log in to post comments