
နေပြည်တော် ဒီဇင်ဘာ ၁၉
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီအစည်းအဝေး (၁/၂၀၂၃) ကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယ ဥက္ကဋ္ဌ(၂) အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်နောင်နှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
ပူးပေါင်းဆောင်ရွက်ရန်လိုအပ်
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုး သားကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)က အဖွင့်အမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ လူမှုကာကွယ် စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံ ချက်ကို ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး လုပ်ငန်း များကိုစတင်ဆောင်ရွက်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံး ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာဌာနများ ပါဝင်သည့် အမျိုးသား ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံ တကာအစီရင်ခံစာများအရ တစ်ကမ္ဘာလုံး၏ “GDP တွင် လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ် ပါဝင်မှုရာခိုင်နှုန်း” သည် ၁၂ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ဝင်ငွေအနည်းဆုံးနိုင်ငံများအနေဖြင့် ၁ ဒသမ ၁ ရာခိုင်နှုန်းရှိ၍ မြန်မာနိုင်ငံအနေဖြင့် ၀ ဒသမ ၉၉ ရာခိုင်နှုန်း ထောက်ပံ့ပေးလျက်ရှိကြောင်း၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင် များနှင့်မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ်၊ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး သူများအား လူမှုရေးပင်စင်ထောက်ပံ့သည့် အစီအစဉ် နှင့် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ထိထိ ရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာ ဌာနများသာမက တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များ၏ အရေးကြီးသော လုပ်ငန်းနယ်ပယ်များဖြစ် သည့် အာဟာရပြည့်ဝရေး၊ ပညာရည်မြင့်မားရေး၊ (၅) နှစ်အောက် ကလေးသေဆုံးမှု လျှော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး ကိစ္စရပ်များအတွက် ရေးဆွဲပြဋ္ဌာန်းထားသောမူဝါဒ များ၊ မဟာဗျူဟာစီမံချက်များနှင့်အညီ နိုင်ငံတော် အဆင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီး ကြောင်း ပြောကြားသည်။
ဆွေးနွေးပြောကြား
ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၂) က အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ လူမှုဖူလုံ ရေးအဖွဲ့က ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်း တိုးမြှင့်ရရှိရေး ဆောင် ရွက်ချက်များကို ဆွေးနွေးပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးနှင့် တွဲဖက်အတွင်းရေးမှူး၊ လူမှု ဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေး(၁/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက် ဆောင်ရွက်မှုများ၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အညွှန်းကိန်းများ၊ ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကော်မတီဝင် များက လုပ်ငန်းဆောင်ရွက်မှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးဆုံးဖြတ်ချက် မူကြမ်း (၆) ရပ် ချမှတ်သည်။
ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာအမျိုးသားကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၁) က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းကာ နိဂုံးချုပ် အမှာစကား ပြောကြားသည်။
သတင်းစဉ်