လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ ကုမ္ပဏီများ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

Type

 

ဦးကျော်ကျော် ( တရားရေး )

 

ကုမ္ပဏီ ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရဖွဲ့စည်းတည်ထောင်၍ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ သို့မဟုတ် တည်ဆဲကုမ္ပဏီတစ်ခုခုကိုဆိုလိုကြောင်း လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂(ဋ)တွင် ပြဋ္ဌာန်း ထားသည်။ မှတ်ပုံမတင်သည့် ကုမ္ပဏီဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းများမဟုတ်သည့် အခြားသောအဖွဲ့အစည်း၊ ကော်ပိုရေးရှင်း၊ ပြည်ပကော်ပိုရေးရှင်း၊ အစုစပ်လုပ်ငန်း၊ အသင်းအဖွဲ့ သို့မဟုတ် အခြားတည်ဆဲဥပဒေအရ တည်ထောင်ထားသော အဖွဲ့အစည်း တစ်ရပ်ရပ်ကိုဆိုလိုကြောင်း လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ ၂၂၆ တွင် ပြဋ္ဌာန်း ထားကြောင်း တွေ့ရသည်။

 

မိုက်ခရို၊  အသေးစားနှင့်  အလတ်စားလုပ်ငန်း ဆိုသည်မှာ (၁) ကုမ္ပဏီအဖြစ်မှတ်ပုံတင်ထားသော မိုက်ခရို၊  အသေးစားနှင့်  အလတ်စားလုပ်ငန်း ဖြစ်ပါက အပိုင်း(၆)အရ လျှောက်ထားစဉ်အချိန်က မြီရှင်များထံသို့ ပေးဆပ်ရန် တင်ရှိသည့် စုစုပေါင်း ကြွေးမြီသည် နည်းဥပဒေများဖြင့်သတ်မှတ်ထား သော   ပမာဏထက်မပိုသည့်   စီးပွားရေးဆိုင်ရာ ကြွေးမြီများ တင်ရှိနေသည့်လုပ်ငန်း၊ (၂) ကုမ္ပဏီ အဖြစ်မှတ်ပုံတင်မထားသော မိုက်ခရို၊ အသေးစား နှင့်  အလတ်စားလုပ်ငန်းဖြစ်ပါက   အပိုင်း(၆)အရ လျှောက်ထားစဉ်အချိန်က မြီရှင်များထံသို့ ပေးဆပ် ရန်တင်ရှိသည့် စုစုပေါင်းကြွေးမြီသည် နည်းဥပဒေ များဖြင့်     သတ်မှတ်ထားသော    ပမာဏထက် ကျော်လွန်သည့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ကြွေးမြီ များတင်ရှိနေသည့်  လုပ်ငန်းကိုဆိုကြောင်း  လူမွဲ ခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ ၂(ပ)တွင် ပြဋ္ဌာန်းထား သည်။

 


ကုမ္ပဏီမှတ်ပုံတင်ထားခြင်းမရှိသော မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းဆိုသည်မှာ (၁)လူပုဂ္ဂိုလ်တစ်ဦးတည်းက      ပိုင်ဆိုင်လုပ်ဆောင် နေသော စီးပွားရေးလုပ်ငန်း၊ (၂)နှစ်ဦး သို့မဟုတ် နှစ်ဦးထက် ပိုသောသူများက ၁၉၃၂ ခုနှစ်၊ အစုစပ် လုပ်ငန်းအက်ဥပဒေပုဒ်မ ၄ နှင့်အညီ လုပ်ဆောင်နေ သော အစုစပ်လုပ်ငန်း သို့မဟုတ် စီးပွားရေးလုပ်ငန်း ကိုဆိုကြောင်း   လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ ၂(ဖ)တွင် ပြဋ္ဌာန်းထားသည်။

 


“အစုစပ်လုပ်ငန်း”  ဆိုသည်တွင်  စီးပွားရေး လုပ်ငန်းတစ်ခု၏ အကျိုးအမြတ်များကို ခွဲဝေခံစား နိုင်ရန် ရည်ရွယ်ချက်ဖြင့် သို့မဟုတ် အစုဝင်တစ်ဦး ဦးက  အားလုံးအတွက်ဆောင်ရွက်၍ အကျိုးခံစား ခွင့်ပြုရန် ရည်ရွယ်ချက်ဖြင့် စုပေါင်း၍ ဆောင်ရွက် သောလုပ်ငန်းဖြစ်သည်။  အစုစပ်လုပ်ငန်းတွင် ပါဝင် သူတစ်ဦးချင်း၊ ပါဝင်လာသူများကို “အစုစပ်ဝင်များ”  ဟူ၍လည်းကောင်း၊   စုပေါင်း၍  လုပ်ကိုင်သော  “လုပ်ငန်း”ကို“အစုစပ်လုပ်ငန်း”ဟူ၍ လည်းကောင်း ခေါ်ဆိုပါသည်။ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာ၌ “လုပ်ငန်းအမည်”ပေး၍   ဆောင်ရွက်ရပါသည်။ အစုစပ်လုပ်ငန်းသည် ပဋိညာဉ်နှင့်  ဆက်နွှယ်၍ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း အစုစပ်လုပ်ငန်း အက်ဥပဒေ ပုဒ်မ ၄ တွင် ပြဋ္ဌာန်းထားကြောင်း တွေ့ရပါသည်။

 


စာရင်းရှင်းလင်းဖျက်သိမ်းခြင်း    အပါအဝင်  လူမွဲ ခံယူခြင်းများနှင့်  စပ်လျဉ်း၍   လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေအရဆောင်ရွက်ခြင်း။  ။  ယခင်က ကုမ္ပဏီများ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့်   စပ်လျဉ်း၍  ၁၉၁၄  ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေအရ လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊  ဩဂုတ်လ ၁ ရက်နေ့မှ  စတင်၍  ၂၀၁၇ ခုနှစ်     မြန်မာနိုင်ငံ  ကုမ္ပဏီများဥပဒေ အရ လည်းကောင်း    စာရင်းရှင်းလင်းဖျက်သိမ်း ပေးရန် လျှောက်ထား ဆောင်ရွက်ခဲ့ကြရပါသည်။

 


ယခုအခါ လူမွဲခံယူခြင်းဆိုင်ရာဥပဒေကို ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုတရားလွှတ်တော်ဥပဒေ အမှတ် ၁ ဖြင့် ၁၄ - ၂ - ၂၀၂၀ ရက်နေ့က  ပြဋ္ဌာန်းခဲ့ ပြီး ယင်းဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ)အရ  နိုင်ငံတော် သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၀ ဖြင့် ၂၅ - ၃ - ၂၀၂၀ ရက်နေ့တွင်    စတင်အာဏာ တည်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ လူမွဲခံယူ ခြင်းဆိုင်ရာ  နည်းဥပဒေများကိုလည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ၂၈-၄-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၂၁/၂၀၂၀ ဖြင့် ထုတ်ပြန် ခဲ့သည်။

 


လူမွဲခံယူခြင်းဆိုင်ရာဥပဒေ  အပိုင်း(၇)၊   ပုဒ်မ ၁၅၉ အရ    မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ မှတ်ပုံတင် ထားသော  ကုမ္ပဏီများ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းဆိုင်ရာအမှုများကို စစ်ဆေးစီရင် နိုင်ရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၏ ၃၀-၃-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၃၂/၂၀၂၀ ဖြင့်      ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားရုံး၊  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး  နှင့်  ခရိုင်တရားရုံးများအား  စီရင်ပိုင်ခွင့်အာဏာ အပ်နှင်းခဲ့ပြီလည်း ဖြစ်သည်။

 


လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁၈၊ ပုဒ်မခွဲ (က)တွင် “ ဤဥပဒေ စတင်အာဏာတည်သည်နှင့် တစ်ပြိုင်နက် ကုမ္ပဏီများ၊ ကုမ္ပဏီအဖြစ် မှတ်ပုံတင် ထားသော မိုက်ခရို၊ အသေးစားနှင့်  အလတ်စား လုပ်ငန်းများနှင့်        အစုစပ်လုပ်ငန်းများ   စာရင်း ရှင်းလင်းဖျက်သိမ်းခြင်းအပါအဝင်လူမွဲခံယူခြင်း များနှင့်  တစ်သီးပုဂ္ဂလနှင့် မှတ်ပုံတင်ထားခြင်း မရှိ သော မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်း များ   လူမွဲခံယူခြင်းများနှင့်   စပ်လျဉ်း၍  အခြား တည်ဆဲ ဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိ စေကာမူ ဤဥပဒေအရသာလျှင် ဆောင်ရွက်ရမည်” ဟု ပြဋ္ဌာန်းထားပါသည်။

 


လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ ၄၁၈၊ ပုဒ်မ ခွဲ(က)အရ ဤဥပဒေအာဏာတည်သည့် ၂၅-၃-၂၀၂၀ ရက်နေ့မှစ၍ ကုမ္ပဏီများစာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ အစုစပ်လုပ်ငန်းများ ဖျက်သိမ်းခြင်း၊ တစ်သီးပုဂ္ဂလ  လူမွဲခံယူခြင်းတို့ကို  လူမွဲခံယူခြင်း ဆိုင်ရာဥပဒေအရ   ဆောင်ရွက်ရမည်ဖြစ်သည်။   လူမွဲခံယူခြင်းဆိုင်ရာဥပဒေသည်   ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေနှင့်    သက်ဆိုင်ခြင်းမရှိစေရ ကြောင်း ယင်းဥပဒေပုဒ်မ ၄၁၈(ခ)တွင်  ပြဋ္ဌာန်းထား သည်။

 


စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ဆောင်ရွက်ဆဲ အမှုများနှင့်စပ်လျဉ်း၍ လူမွဲခံယူခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၄၁၉ တွင်    “လူမွဲခံယူခြင်းဆိုင်ရာဥပဒေ အာဏာတည်သည့် နေ့ရက်မတိုင်မီက ဆောင်ရွက် နေသော ကုမ္ပဏီများ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ အစုစပ်လုပ်ငန်းများ ဖျက်သိမ်းခြင်း၊ တစ်သီးပုဂ္ဂလ လူမွဲခံယူခြင်းတို့ကို  ယခင်   ဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်ဖြစ်ကြောင်း”       အတိ အလင်း  ပြဋ္ဌာန်းထားသည်။

 


ဆောင်ရွက်ဆဲ လျှောက်လွှာများနှင့် စပ်လျဉ်း၍ လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ ၄၂၁၊ ပုဒ်မခွဲ(က)တွင်   “ယခင်ဥပဒေအရ  ပြုလုပ်ခဲ့သော   ကုမ္ပဏီ သို့မဟုတ်   အခြားအဖွဲ့အစည်းတစ်ရပ်ရပ်အား ဖျက်သိမ်းရန်  လျှောက်ထားမှုတစ်ရပ်ရပ်ကို  ဤ ဥပဒေ  စတင်အာဏာတည်သည့်နေ့အထိ   တစ်စုံ တစ်ရာ  အရေးယူဆောင်ရွက်ခြင်း  မရှိသည့်အပြင် လျှောက်ထားသူက  ရုပ်သိမ်းခြင်းမပြုပါက  ယင်း လျှောက်လွှာကို   ဤဥပဒေအရ  လျှောက်ထားခဲ့ သော လျှောက်ထားမှုတစ်ရပ်ရပ်အဖြစ် မှတ်ယူရ မည် ”ဟူ၍လည်းကောင်း၊ ဤဥပဒေပုဒ်မ ၄၂၁၊ ပုဒ်မခွဲ(ခ)တွင်“ ပုဒ်မခွဲ(က)၌  ပါရှိသော လျှောက်ထား မှုနှင့်   စပ်လျဉ်း၍   ဤဥပဒေအရ သတ်မှတ်ထားသော လိုအပ်ချက်များနှင့်     ကိုက်ညီစေရန်အတွက်  လျှောက်ထားသူသည်  မိမိ၏   လျှောက်လွှာကို ပြင်ဆင်ရန်    လျှောက်ထားနိုင်သည်”      ဟူ၍ လည်းကောင်း ပြဋ္ဌာန်းပါရှိသည်။

 


စာရင်းရှင်းလင်းဖျက်သိမ်းခြင်း။  ။ လူမွဲခံယူခြင်း ဆိုင်ရာ  ဥပဒေပုဒ်မ  ၁၄၅(က)တွင် စာရင်းရှင်းလင်း  ဖျက်သိမ်းခြင်းအပိုင်းပါ ပြဋ္ဌာန်းချက်များသည် (က)  မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ   မှတ်ပုံတင်ထား သည့်   ကုမ္ပဏီ၊  (ခ)  မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၃ အရ  မှတ်ပုံတင်ထားသောအဖွဲ့အစည်း၊  (ဂ) အခန်း(၁၀)တွင် ဖော်ပြပါရှိပြီး  အခန်း(၁၀)အရ  အကျုံးဝင်သည့် အဖွဲ့အစည်းများ စာရင်း ရှင်းလင်းဖျက်သိမ်းခြင်း နှင့် သက်ဆိုင်စေရမည်ဖြစ် ကြောင်း ပြဋ္ဌာန်းထားသည်။  ထို့ပြင်  လူမွဲခံယူခြင်း ဆိုင်ရာဥပဒေပုဒ်မ ၁၄၅(ခ)တွင်  မြန်မာနိုင်ငံကုမ္ပဏီ များ  ဥပဒေအရ မှတ်ပုံတင်ထားသည့်  ကုမ္ပဏီတစ်ခု အား  ဆန္ဒအလျောက်ဖျက်သိမ်းခြင်း သို့မဟုတ် တရားရုံးက ဖျက်သိမ်းခြင်းဟူသည့်  နည်းလမ်း တစ်ရပ်ရပ်ဖြင့် ဖျက်သိမ်းနိုင်ကြောင်းလည်း ပြဋ္ဌာန်း ထားသည်။

 


ကုမ္ပဏီအား    ဆန္ဒအလျောက်  ဖျက်သိမ်းနိုင်သော အခြေအနေများ။   ။    ကုမ္ပဏီ၏  ဖွဲ့စည်းပုံစည်းမျဉ်း အရ  ကုမ္ပဏီ၏ သက်တမ်းအတွက်  သတ်မှတ်ထား သည့်  ကာလကုန်ဆုံးခြင်း  သို့မဟုတ်   ကုမ္ပဏီ၏ ဖွဲ့စည်းပုံစည်းမျဉ်းတွင်   ကုမ္ပဏီကိုဖျက်သိမ်းနိုင် သည်ဟု ဖော်ပြထားသည့်     အခြေအနေတစ်ရပ်ရပ် ဖြစ်ပေါ်ခဲ့ခြင်း၊ ထို့အပြင် ကုမ္ပဏီ၏ အထွေထွေ အစည်းအဝေးတွင် ကုမ္ပဏီအား  ဆန္ဒအလျောက် ဖျက်သိမ်းမည်ဖြစ်ကြောင်း  ဆုံးဖြတ်ချက်ချမှတ်ခဲ့ ခြင်း၊ ကုမ္ပဏီအား ဆန္ဒအလျောက်  ဖျက်သိမ်းမည် ဖြစ်ကြောင်းကို ကုမ္ပဏီကအထူးဆုံးဖြတ်ချက်ဖြင့် ချမှတ်ဆောင်ရွက်ခြင်း၊ အပိုင်း(၅)နှင့် အပိုင်း(၆)တို့တွင် ဖော်ပြထားသောအခြေအနေများ ဖြစ်ပေါ်ခဲ့ ခြင်းဆိုသည့် အခြေအနေတစ်ရပ်ရပ်တွင် လူမွဲခံယူ ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၄၇(က)အရ  ကုမ္ပဏီတစ်ခု အား ဆန္ဒအလျောက် ဖျက်သိမ်းနိုင်သည်။

 


လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၆၁(က)ပါ တရား ရုံးက ကုမ္ပဏီအား ဖျက်သိမ်းနိုင်သောအခြေအနေ များ။  ။ (၁) ကုမ္ပဏီ၏အထူးဆုံးဖြတ်ချက်ဖြင့် လျှောက်ထားလာခြင်း၊ (၂) ကုမ္ပဏီသည် ယင်း၏ လုပ်ငန်းကိုဖွဲ့စည်းပြီး   တစ်နှစ်အတွင်း   မစတင်နိုင် ခြင်း  သို့မဟုတ် ယင်း၏လုပ်ငန်းကို  တစ်နှစ်လုံး ရပ်ဆိုင်းထားခြင်း၊ (၃) ကုမ္ပဏီသည် ကြွေးမြီမပေး ဆပ်နိုင်ခြင်း၊ (၄) တရားရုံးက  ထိုကုမ္ပဏီအား ဖျက်သိမ်းခြင်းသည် တရားမျှတသည်ဟု  ထင်မြင် ခြင်း၊ (၅)   အများပြည်သူအကျိုးငှာဖြစ်သည်ဟု တရားရုံးမှ ယုံကြည်လောက်သော အကြောင်းတရား များရှိခြင်းဟူသည့်  အခြေအနေတစ်ရပ်ရပ်တွင် တရားရုံးကကုမ္ပဏီကို ဖျက်သိမ်းနိုင်သည်။

 


လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၆၃ အရ စာရင်း ရှင်းလင်းဖျက်သိမ်းရန်  လျှောက်လွှာတင်သွင်း  ခြင်း။  ။ (က) ကြွေးမြီမပေးဆပ်နိုင်ခြင်းကြောင့် ကုမ္ပဏီ ဖျက်သိမ်းရန် တရားရုံးသို့လျှောက်လွှာ တင်သွင်းရာတွင် ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် ဒါရိုက်တာများကဖြစ်စေ၊ မြီရှင်ကဖြစ်စေ လျှောက် ထားရမည်။ (ခ) ပုဒ်မ ၁၆၁ ပါ အခြေအနေများကြောင့် ကုမ္ပဏီအား ဖျက်သိမ်းရန်  လျှောက်ထားခွင့်ရှိသူများ တွင် ပုဒ်မခွဲ (က)ပါ ပုဂ္ဂိုလ်များအပြင် ကြွေးမြီပေးဆပ် ရန် တာဝန်ရှိသူများနှင့် မှတ်ပုံတင်အရာရှိလည်း ပါဝင်သည်။

 


စာရင်းရှင်းလင်းဖျက်သိမ်းရန် လျှောက်ထားမှုကိုကြားနာ ဆုံးဖြတ်ခြင်း။  ။ စာရင်းရှင်းလင်းဖျက်သိမ်း ရန် လျှောက်ထားမှုကို ကြားနာပြီးနောက် တရားရုံး သည် (က) ကုမ္ပဏီအား   စာရင်းရှင်းလင်းဖျက်သိမ်း စေရန်  အမိန့်ချမှတ်ပြီး   စာရင်းရှင်းလင်းဖျက်သိမ်း ရေးအရာရှိ ခန့်အပ်ခြင်း၊   (ခ) လျှောက်ထား မှုကိုပလပ်ခြင်း၊  (ဂ) ကြားနာမှုကို   ကန့်သတ်ချက်ဖြင့် ဖြစ်စေ၊ ကန့်သတ်ချက်မပါဘဲဖြစ်စေ        ရွှေ့ဆိုင်း ခြင်း၊ (ဃ) ကြားဖြတ်အမိန့်ချမှတ်ခြင်း၊   (င) အခြား သင့်သည်ထင်မြင်သည့်  အမိန့်ချမှတ်ခြင်းဆိုသည့် အမိန့်တစ်ရပ်ရပ်ကို လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၆၄ အရ ချမှတ်နိုင်သည်။

 


စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ   ခန့်အပ် ခြင်း။ ။  တရားရုံးက ကုမ္ပဏီအား စာရင်းရှင်းလင်း ဖျက်သိမ်းစေရန် အမိန့်ချမှတ်ပါက လူမွဲခံယူခြင်း ဆိုင်ရာ ကျွမ်းကျင်သူကို  လူမွဲခံယူခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၆၇(က) အရ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်ရမည်။

 


လူမွဲခံယူခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၇၇(က)အရ       စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ တာဝန် များ။ ။  စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အဓိကကျသည့် တာဝန်များမှာ ကုမ္ပဏီက ရပိုင်ခွင့်ရှိ သည့် သို့မဟုတ် ရပိုင်ခွင့်ရှိနိုင်သည့် ပစ္စည်းများ အားလုံးကို ၎င်း၏အုပ်ထိန်းမှု သို့မဟုတ်  ၎င်း၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိရန် တတ်စွမ်းသမျှ ဆောလျင်စွာ ဆောင်ရွက်ကာ ကုမ္ပဏီ၏မြီရှင်များကို ခွဲဝေပေးပြီးနောက် ပိုလျှံပါက ရပိုင်ခွင့်ရှိသူများအား ခွဲဝေပေးရန်ဖြစ်သည်။  

 


ကုမ္ပဏီဖျက်သိမ်းခြင်းမပြုမီ  နောက်ဆုံး  အစည်း အဝေး။  ။  ကုမ္ပဏီ၏ကိစ္စရပ်များအား အပြည့်အဝ စာရင်းရှင်းလင်းဖျက်သိမ်းပြီးသည်နှင့်    တစ်ပြိုင်နက် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည်  မည်သို့ ဆောင်ရွက်ခဲ့သည်နှင့်         ကုမ္ပဏီ၏ပစ္စည်းကို  မည်သို့အပြီးသတ်စီမံခန့်ခွဲခဲ့သည်ကို  ဖော်ပြသည့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း စာရင်းကို ပြုစုပြီး နောက်  ရှင်းလင်းတင်ပြရန်   ကုမ္ပဏီ၏မြီရှင်များ  အစည်းအဝေး  သို့မဟုတ်  ကုမ္ပဏီတွင်  ပါဝင် သူများ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်း ခြင်းဖြစ်ပါက ကုမ္ပဏီတွင် ပါဝင်သူများ၏  အစည်း အဝေးကို  လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂၁၁(က) အရ  ခေါ်ယူကျင်းပရမည်။

 


ကုမ္ပဏီအား အပြီးသတ်ဖျက်သိမ်းခြင်းနှင့် ကုမ္ပဏီ အား ပြန်လည်တည်ရှိစေခြင်း။   ။ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂၁၂(က) သည် စာရင်းရှင်းလင်းဖျက်သိမ်း ရေးအရာရှိက မှတ်ပုံတင်အရာရှိထံ   ပုဒ်မ  ၂၁၁ ပုဒ်မခွဲ(ခ) တွင် ပြဋ္ဌာန်းပါရှိသည့် အချက်အလက် များ  ပေးပို့သည့်ကိစ္စနှင့် သက်ဆိုင်စေရမည်ဖြစ် သည်။
အထက်ပါပုဒ်မအရ ပေးပို့သော အချက်အလက် များရရှိသည်နှင့် တစ်ပြိုင်နက် မှတ်ပုံတင်အရာရှိသည် မှတ်ပုံတင်စာရင်းတွင်   ရေးသွင်းရမည်။   ထိုသို့ မှတ်ပုံတင်ပြီးသည့်နေ့မှ ၃ လ ပြည့်မြောက်သည့်နေ့ တွင်  ကုမ္ပဏီသည်   အပြီးသတ်ဖျက်သိမ်းပြီးဖြစ် သည်ဟု ယင်းဥပဒေပုဒ်မ၂၁၂(ခ) အရ မှတ်ယူရမည် လည်းဖြစ်သည်။
သို့သော်   စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ ကဖြစ်စေ၊  အကျိုးသက်ဆိုင်သူဟု  တရားရုံးက ထင်မြင်ယူဆသူကဖြစ်စေ လျှောက်ထားလာပါက တရားရုံးသည် ကုမ္ပဏီအား အပြီးသတ်ဖျက်သိမ်းမည့် ရက်ကို ရွှေ့ဆိုင်းရန် လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ ၂၁၂(ဂ) အရ အမိန့်ချမှတ်နိုင်သည်။

 


အခြားအကျိုးသက်ဆိုင်သူမှ လျှောက်ထားလာ ပါက   တရားရုံးသည်  ကုမ္ပဏီမှတ်ပုံတင်ရုံးတွင် အပြီးသတ်  ဖျက်သိမ်းပြီးဖြစ်သည့်   ကုမ္ပဏီအား ပြန်လည်အသက်သွင်းသည့် အမိန့်ကို သင့်လျော် သည့် စည်းကမ်းချက်များ သတ်မှတ်လျက် ချမှတ်နိုင် ပြီး စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကိုလည်း လူမွဲခံယူခြင်းဆိုင်ရာဥပဒေ  ပုဒ်မ   ၂၁၂(ဃ)အရ ခန့်ထားနိုင်သည်။

 


အလုပ်အကိုင်များတည်မြဲစေခြင်းဖြင့် ရင်းနှီးမြှုပ်နှံ မှုများကို အကာအကွယ်ပေးခြင်း။  ။ နိုင်ငံတော်၏ ဥပဒေစနစ်နှင့်  ကူးသန်းရောင်းဝယ်ရေးစနစ်များ အကြား လိုက်လျောညီထွေဖြစ်စေရန်၊ နိုင်ငံတော် အတွင်း    လူမွဲခံယူခြင်းဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်    စီမံခန့်ခွဲခြင်းနှင့်   ကြီးကြပ် ခြင်းပြုနိုင်ရန်အတွက် ထိရောက် လွယ်ကူသော  စနစ်တစ်ရပ်ရှိစေရန်နှင့်   ယင်းစနစ်အား ထိရောက် စွာ   အကောင်အထည်ဖော်ရန်    ကျွမ်းကျင်သော      လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ ပေါ်ပေါက် လာစေရန်၊ နိုင်ငံတော်အတွင်း  လူမွဲခံယူခြင်း ဆိုင်ရာလုပ်ငန်းစဉ်များကို ကြိုတင်ခန့်မှန်း သိရှိနိုင် ပြီး   သင့်တင့်မျှတသောရလဒ်များရရှိစေရန်၊   လူမွဲ မှုခင်းများကို   အချိန်နှင့်တစ်ပြေးညီ  ထိရောက် စွာနှင့် ဘက်လိုက်ခြင်းကင်းစွာ ဖြေရှင်းဆောင်ရွက် နိုင်စေရန်၊ အလားအလာရှိသော စီးပွားရေးလုပ်ငန်း များ အထူးသဖြင့် နိုင်ငံတော်အတွင်းရှိ  မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ငွေကြေး အခက်အခဲကြုံတွေ့ရသည့်အခါ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အထောက်အကူ များပေးခြင်း၊  ထိုမှတစ်ဆင့်  လုပ်ငန်းများ ပြန်လည် ရှင်သန်စေပြီး အလုပ်အကိုင်များ တည်မြဲစေခြင်းဖြင့်    ရင်းနှီးမြှုပ်နှံမှုများကို  ကာကွယ်ပေးရန်၊   အလား အလာမကောင်းသော       စီးပွားရေးလုပ်ငန်းများ အတွက် ထိရောက်လွယ်ကူသော စာရင်းရှင်းလင်းဖျက်သိမ်းခြင်းလုပ်ငန်းစဉ်ရှိစေရန်နှင့် ထိုသို့စာရင်း ရှင်းလင်းဖျက်သိမ်းရာတွင်  စီးပွားရေးလုပ်ငန်း များ၏ ပိုင်ဆိုင်မှုတန်ဖိုးများကို အတတ်နိုင်ဆုံးမြှင့် တင်နိုင်စေရန်   ဆောင်ရွက်ခြင်းဖြင့်  မြီရှင်များမှ  ငွေကြေးအများဆုံးပြန်လည်ရရှိစေရန်၊  အခြေအနေ တူသည့်မြီရှင်များအကြား   သာတူညီမျှဖြစ်စေရန်၊ လူမွဲခံယူသည့်စနစ်ကို အလွဲသုံးစားပြုခြင်းမှတားဆီး ရန်၊  နယ်စပ်ဖြတ်ကျော်    လူမွဲခံယူခြင်းမူဘောင် ကို   တည်ထောင်ပေးခြင်းအားဖြင့်  နိုင်ငံတကာ ဈေးကွက်သို့  ဝင်ရောက်နိုင်စွမ်းအား အထောက်အကူ ဖြစ်စေရန်  ရည်ရွယ်သည့် ပြဋ္ဌာန်းချက်များဖြစ်၍ အလွယ်တကူလေ့လာနိုင်ရန်   ကောက်နုတ်တင်ပြ အပ်ပါသည်။     ။