
ရန်ကုန် စက်တင်ဘာ ၂၃
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသည့် Anita Asia Company Limited ၏ အထည်ချုပ် စက်ရုံသို့ရောက်ရှိရာ စက်ရုံ၏တာဝန်ခံက စက်ရုံ လုပ်ငန်း လည်ပတ်နေမှု၊ အမှာစာများ လက်ခံရရှိမှု၊ တွေ့ကြုံနေရသည့်အခက်အခဲများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာ အခက်အခဲ များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးသည်။
အားပေးကြည့်ရှု
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ Ayeyar Prince Trading Company Limited ၏ ဆန်သန့်စင် ကြိတ်ခွဲခြင်းလုပ်ငန်းသို့ရောက်ရှိရာ စက်ရုံ၏လုပ်ငန်း ခွင်၌ ကုမ္ပဏီ၏တာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ဆန်ကြိတ်ခွဲရေးလုပ်ငန်း လည်ပတ်နေမှု၊ ပြည်ပသို့ တင်ပို့နိုင်မှုနှင့် ကန်ထရိုက် စနစ်ဖြင့် လယ်ယာလုပ်ငန်း ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆန် ကြိတ်ခွဲမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ ကန်ထရိုက်လယ်ယာစနစ်ဖြင့် Supply Chain တစ်ခုလုံး ပါဝင်ဆောင်ရွက်နိုင်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ညှိနှိုင်းခဲ့ပြီး ခေတ်မီဆန်စက်ဖြင့် ကြိတ်ခွဲထုတ်လုပ် နေမှုများကို အားပေးကြည့်ရှုသည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေလင်ပန်းစက်မှုဇုန် ကနောင်ခန်းမ၌ လှိုင်သာယာ စက်မှုဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ခဲ့ရာ ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်း၊ အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးမှ ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများနှင့် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက စက်မှု ဇုန်အတွင်း စက်ရုံလုပ်ငန်းလုပ်ဆောင်နေမှု၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များ၊ မီးလောင်စက်ရုံများ အမြန်ဆုံး လုပ်ငန်းပြန်လည်လည်ပတ်နိုင်ရေးကိစ္စရပ်များ၊ သင်္ဘောလိုင်းတင်ပို့ခြင်းဆိုင်ရာ ကိစ္စရပ် များ၊ အာမခံထားရှိမှု၊ အခွန်ကင်းလွတ်ခွင့်နှင့် ချေးငွေ ရရှိရေးကိစ္စရပ်များ၊ စက်မှုဇုန် အဆင့်မြှင့်တင်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး တင်ပြကြသည်။
ပြန်လည်ညှိနှိုင်းဆွေးနွေး
ယင်းနောက် တင်ပြဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မီးလောင်စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆောလျင် စွာ ဆောင်ရွက်ပေးထားသည့် အစီအစဉ်များ၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် ဆက်စပ် လျက်ရှိသည့် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးသွားမည့် အစီအစဉ်များ၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် ကိုဗစ်ချေးငွေများ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေး၊ အသေးစားအလတ်စား စက်မှု လုပ်ငန်းများနှင့် သွင်းကုန်အစားထိုးလုပ်ငန်းများ ပိုမိုမြှင့်တင်ရေးဆောင်ရွက်ပေးမည့် အခြေအနေများ၊ ပို့ကုန်တင်ပို့မှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းများ ရိုးရှင်း လွယ်ကူရေး၊ Online စနစ်ဖြင့် ဝန်ဆောင်မှုမြှင့်တင် ရေး၊ ခွင့်ပြုမိန့်ရပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအပေါ် ဝန်ဆောင်မှုပိုမိုတိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှု အတား အဆီးများလျှော့ချရေး၊ ပွင့်လင်းမြင်သာမှု အားကောင်း ရေးတို့အတွက် အလေးထား ဆောင်ရွက်ပေးလျက် ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင်များက တင်ပြသည့် ကိစ္စရပ်များအပေါ် ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်