လတပေါင်း

Type

 

မောင်လူမွှေး (မြန်မာမှု)
 

မြန်မာ့ဆယ့်နှစ်လရာသီ လများတွင်   “တပေါင်း သာခေါင် လများနောင်” ဆိုသည့်  တပေါင်းလသည် ရှေးပုဂံခေတ်တစ်လျှောက်လုံး   ဝိသဇ္ဇနီ(ဝစ္စနှစ်လုံး ပေါက်)မပါဘဲ “တပေါင်” ဟုသာ  ရေးထိုးကြ၏။ 
တန်ခူးလမှစတင်သော် နောက်ဆုံးလဖြစ်သည်။ ရှေးမြန်မာမှုစာပေများ၌ ကမ္ဘာဦးအစ ပထမလသည် “တပေါင်းလ” ဖြစ်ကြောင်းကို ဝိသုဒ္ဓိမဂ်ကျမ်း၊ အာဒိ ကပ္ပကျမ်း၊ ပေါရာဏကျမ်းများတွင်   ဖွင့်ဆိုလေ သည်။ “တပေါင်းလ”ကို ရာသီစက်အနေနှင့် ပြောရ ပါကလည်း  တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက် မှ   တပေါင်းလပြည့်နေ့အထိ   ဆောင်းဥတုတွင် ပါဝင်၍   တပေါင်းလပြည့်ကျော်တစ်ရက်မှ    ဝါဆို လပြည့်နေ့အထိ နွေဥတုတွင် ပါဝင်နေသည်။
တပေါင်းလရေးထုံး
ထိုအကြောင်းအရာများကို     “တပေါင်းလ” စာအလင်္ကာတွင် အကျယ်ဖော်ပြပါမည်။    ဤ၌ “တပေါင်း” ရေးထုံးကိုသာ ဦးစွာဖော်ပြပါမည်။
ငါပေါင်သင်ကျောက်စာတွင်  (သကြစ် ၅၃၇- တပေါင်လ)၊ ပုဂံပြတိုက်ကျောက်စာ အမှတ်-၅၂ တွင် (သက္ကရာဇ် ၅၅၉- တပေါင်လဆန်း ၆ ရက်)၊ ညောင်ဦးမြို့ ရွှေစည်းခုံဘုရားကို    ကျွန်လှူသော ကျောက်စာတွင်  (သက္ကရာဇ် ၆-ရာ ၁-ဆယ်ခု တပေါင်လ)၊  ကိုယ်တော်ပျောက်    ကျောက်စာတွင် (သက္ကရာဇ် ၆၂၃-ခု တပေါင်လ)စသည်ဖြင့်  ရေးသား လာခဲ့ကြရာ အင်းဝခေတ်သို့   ရောက်မှသာလျှင် ဝစ္စနှစ်လုံးပေါက်ထည့်၍ “တပေါင်း”ဟု ယခုခေတ် ရေးထုံးကဲ့သို့ ရေးလာကြပေသည်။ သို့တိုင်    အချို့ ကျောက်စာများတွင် ဝစ္စနှစ်လုံးပေါက်မပါဘဲ  ရေးမြဲ တွေ့ရပေသေးသည်။      ရွှေသိမ်တော်မော်ကွန်း ကျောက်စာတွင် (သကြစ် တထောင်ကိုဆယ်-၁၀၉၀ တပေါင်လ)၊ နိဗ္ဗာန်ဆိပ်ဦးဘုရားကျောက်စာ စသည် တို့တွင်  တွေ့ရပေသည်။     နိဗ္ဗာန်ဆိပ်ဦးဘုရား ကျောက်စာတွင် သက္ကရာဇ်ကိုသာမက ဖုသျှနှစ်ဟု လည်း ရေးသည်ကို   တွေ့ရပေသည်။   ပုဂံခေတ် ကျောက်စာများတွင် သက္ကရာဇ်စဉ်သာမက ယနေ့ ခေတ် သင်္ကြန်စာတွင် ရေးလေ့ရှိသော    ဖုသျှနှစ်၊ ဇေဋ္ဌနှစ်၊ အသလိဿနှစ် စသည်ဖြင့် နှစ်အမည်များ ကိုလည်း ရေးထိုးကြလေသည်။ 
တပေါင်းလ၏ ရာသီရုပ် 
တပေါင်းလ ဝေါဟာရနှင့်ပတ်သက်၍  လှေသင်း အတွင်းဝန်မင်း ဦးချိန်၏ ဝေါဟာရ လီနတ္ထဒီပနီတွင်-
“မိန၊  မိန်ရာသီကား။ မလျှော၊ ငါးကြင်းပွတ် သဏ္ဍန်စုသည် ဆိုသည်။ အင်္ဂလိပ်  ပြင်သစ် လူမျိုးတို့နေရာ အနောက်မျက်နှာ  တိုင်းကြီး ပြည်ကြီးများက ရောက်လာသည့် ကမ္ဘာမြေလုံး    မိန်ရာသီတွင်လည်း  ငါးကြင်းရုပ်နှစ်ခုပင် ရေးထားလျက်ရှိသည်။ ထိုရာသီ၏ ပရိယာယ် သုံးပါး၌  န-အက္ခရာတွင် တံခွန်နှင့် (မိန်)ရာသီ ဟု ခေါ်ဆိုသည်။ ထိုရာသီကား  ငါးကြင်းပွတ်  အဆင်းသဏ္ဍန်နှင့်တူသော     ရာသီ၊ ငါးတို့ ရွှင်မြူးကြိုက်နှစ်သက်သောရာသီ ဆိုလိုသည်။ ထိုရာသီတွင် ဥတ္တရဖလဂုနီနက္ခတ်နှင့်ယှဉ်၍ လပြည့်သောကြောင့် ဖဂ္ဂုဏမာသဟူ၍ သဒ္ဒါ ကျမ်း၊ အဘိဓာန်ကျမ်းတို့တွင်   ဆိုသည်။ ထိုရာသီကိုစွဲ၍ တပေါင်းလ  မြန်မာ့ဘာသာ ခေါ်ဝေါ်သည်မှာ အမရကောသ အဘိဓာန်ကျမ်း တွင် “တပသျား၊   ပူပန်ခြင်းကောင်းသော တပေါင်းလ။ ဖလ္ဂုဏာတိ၊ ဖဂ္ဂုဏ ပုဏ္ဏမီနှင့် ယှဉ်သော တပေါင်းလ” ဟူ၍   ပရိယာယ် ရှိသည်။   ကာလရှည်လျား   ဝေးကွာသော ကြောင့်၊ တပသျား -  ပျက်ယွင်း၍       မြန်မာ့ ဘာသာ  “တပေါင်းလ” ဖြစ်သည်”  ဟု      ယူရမည်ကို ဖော်ပြထားလေသည်။ (မူရင်းသတ်ပုံအတိုင်း)
ဆရာကြီးဦးဖိုးလတ်၏    မြန်မာလအမည်များ တွင် -
“တပေါင်းတွင် “ထန်း” ဟောပုဒ်နှင့်  ချက်၊ ပြုတ်၊ ကျို ဟော “ပေါင်း” ပုဒ်ကို စပ်သော် ထန်းချက်သည်။ ထန်းချက်လဟု     ရိုးသား ဖြောင့်စဉ်းသောအနက်   ပေါ်ထွက်လာချေ၏။   ထန်းချက်သည်ဟုဆိုရာ၌    ထန်းရည်ကို ထန်းလျက်ဖြစ်အောင်  ကျိုချက်ခြင်းဟူ၏။ တပေါင်း=ထန်းချက်သည်။     ထန်းရည်ကို ကျို၍ ထန်းလျှက်ချက်သည်။     ထန်းချက်လ။ ထန်းရည်ကိုကျို၍ ထန်းလျက်ချက်သောလ”
ဟု  ဖော်ပြထားလေသည်။ 
တပို့တွဲ၊   တပေါင်း၊   တန်ခူး သုံးလလုံးသည် ထန်းပင်ကို အကြောင်းပြု၍   ဖြစ်ပေါ်လာသော ဝေါဟာရများ ဖြစ်ပါသည်။ တပေါင်းတွင် ပါဝင်သော “ပေါင်း” ဝေါဟာရကို  ဆရာကြီး   ဦးဖိုးလတ်က တရုတ်၊ တိဗက်၊ မြန်မာတိုင်းရင်းသားလူမျိုးစုတို့၏ ဝေါဟာရအသံထွက် စသည်များကို  ဘာသာဗေဒ၊ သဒ္ဒဗေဒများနှင့် ညှိနှိုင်းတိုက်ဆိုင်၍    ဖွင့်ဆိုထား သည်မှာ   အလွန်မှတ်သားဖွယ်ရာ   ဖြစ်ပါသည်။ လှေသင်းအတွင်းဝန်မင်းနှင့် ဦးဖိုးလတ်၏ အယူဆ ကို အောက်ပါအတိုင်း မှတ်စုပြုနိုင်ပါသည်။
တပေါင်းလ    =    (၁)    ပူပန်ခြင်းကောင်းသောလ      
            [တပသျှား(သက္ကတ)= တပေါင်း]။
            ဝေါဟာရလီနတ္ထ။ 
        (၂)     ပူသောနွေရာသီသို့ ကျရောက် သောလ [တပ(ပါဠိ)= တပေါင်း]။   ဝေါဟာရလီနတ္ထ။
        (၃)    ထန်းချက်လ၊ ထန်းရည်ကိုကျို၍ ထန်းလျက်ချက်သောလ 
            [တာလ-     တာလ်- တန်း=  တ (ထန်း)+ ပေါင်း=ချက်သော လ]။ ။ (မြန်မာလအမည်များ)
ဆိုလိုသည်မှာ    မြန်မာ့သုတေသနပညာရှင် ဦးဖိုးလတ်က တပေါင်းအမည်သည်    လှေဝန်မင်း ဦးချိန်နှင့် တချို့သောပညာရှင်များ   ကြံဆသလို ပါဠိပျက်၊ ပါဠိသက် သက္ကတဖက်သော     ဝေါဟာရ မဟုတ်ဘဲ မြန်မာဝေါဟာရစစ်စစ်ဖြစ်ကြောင်းကို “ရိုးသားဖြောင့်စင်းသောအနက် ပေါ်ထွက်လာလေ ၏” ဟု  ကောက်ချက်ချ ဖော်ပြထားလေသည်။
တပေါင်းလ၏ ပွဲတော်
တပေါင်းလ၏ ပွဲတော်မှာ “သဲပုံစေတီပွဲတော်” ဖြစ်သည်။ 
“ငါးတန်ငါးကြင်း၊ ရွေတသင်းတို့၊  မြစ်တွင်း မြူးပျော်၊ ဇင်ယော်မြစ်တွေး၊ ချစ်သံလေးနှင့်၊ ရေကျေးရေငှက်၊ စက္ကဝက်ဟင်္သာ၊ ငှက်တကာ လည်း၊ ဘာသာကျူးကြော်၊  မြူးပျော်ကြတုံ၊ ငွေသောင်ခုံဝယ်၊ သဲပုံစေတီ၊ ပွဲတော်ပြီတည်း” 
ဟု အင်းဝခေတ် စာဆိုကျော် ရှင်မဟာသီလဝံသ ဖွဲ့ဆိုသည်ဟု အဆိုရှိသော     ဗုဒ္ဓုပ္ပတ္တိပျို့တွင် တပေါင်းလ သဲပုံစေတီပွဲတော်ကို မြစ်နားချောင်းနား တစ်ဝိုက် ပြုလုပ်ကြသည်ဟု သိနိုင်ပေသည်။
သဲပုံစေတီပွဲတော်မှာ ဗုဒ္ဓဘာသာမှ  ဆင်းသက် လာသော မြန်မာ့ယဉ်ကျေးမှုပွဲတော်    ဖြစ်သည်။ ပုဂံခေတ်ကပင်လျှင်        သဲပုံစေတီ ပေါ်ခဲ့သည်ကို သမိုင်းအထောက်ထားများအရ   သိရပေသည်။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် နွေရာသီရောက် သောအခါ သဲခုံ၊   သောင်ခုံများ      ဟိုမှသည်မှ ပေါ်ပေါက်လာလေသည်။ ထိုအချိန်တွင်    အများ ပြည်သူများ လုပ်ငန်းခွင်သိမ်း၍ ရွှေစငွေစ ရွှင်သည့် ရာသီလည်း ဖြစ်ပေသည်။ သဲပုံစေတီဆိုတိုင်းလည်း မြစ်နားချောင်းနားတစ်ဝိုက်     အားလုံးမဟုတ်ဘဲ လွင်တီးခေါင်      ကုန်းမြင့်ဒေသတို့တွင်လည်း  ပြုလုပ်ကိုးကွယ်ကြလေသည်။ မည်သို့ကိုးကွယ် သည်ဖြစ်စေ ယာယီသဘော  အလွယ်သဘောအရ သဲကိုပင် အသုံးပြုရရိုးဖြစ်ရာ  သဲပုံစေတီဟုပင် ခေါ်တွင်ကြလေသည်။ 
ရှေးအခါက သဲပုံစေတီကို မူလတည်ထားစ ချိန်တွင်  သန့်စင်ပြီး  သဲများကို   ရိုင်ပတ်ဆင့်၍ တည်ကြလေသည်။ ရိုင်ပတ်များကို အဆင့်ငါးဆင့် တည်ဆောက်ကြသည်။ မြင့်မိုရ်တောင်ရှိ အာလိန် ငါးဆင့်ကို    ရည်ရွယ်၍      တည်ထားကြသည်။ ထိုအာလိန်ငါးဆင့်ကို သဲများဖြင့် အပြည့်သိပ်ရ သည်။ တံခွန် ကုက္ကား၊ မုလေးပွါး၊ ကြက်လျှာပန်းများ ဖြင့် ပူဇော်ကြလေသည်။
တပေါင်း၊ တန်ခူးကျော်ပြီး ရေများတက်လာချိန် တွင် ထိုသဲပုံစေတီမှာ  ပျက်ပျယ်သွားလေသည်။ တချို့လည်း    မြစ်ရေစီးကြောင်းပေါ်   မူတည်၍ သောင်ထွန်းခြင်း၊ ကျွန်းစုပေါ်ခြင်း     စသည်ဖြင့် ကျန်ရှိလေသည်။ ကုန်းကျင်း လွင်တီးခေါင်များတွင် ပြုလုပ်သော သဲပုံစေတီများမှာလည်း ကဆုန်၊ နယုန် မိုးလေဆုံသောအခါ     ပျက်ပြယ်သွားလေသည်။ တစ်ချို့နေရာတွင်   စေတီရာ   ကျန်ရှိခဲ့လေသည်။ နှစ်ကာလကြာသောအခါ ထိုနေရာကို   ငုံ၍ အုတ် အင်္ဂတေဖြင့်  တည်ထားကိုးကွယ်ကြလေသည်။ 
အနော်ရထာမင်းလက်ထက်    ပုဂံမြို့အနီးရှိ ဧရာဝတီမြစ်ကမ်းသဲခုံတွင်    စွယ်တော်မြတ်ကို ဌာပနာ၍   စေတီတော်ကြီးတစ်ဆူ   တည်ထားခဲ့ သည်။   စွယ်တော်ပင့်လာရာ   လမ်းတစ်ထောက် ထိုသဲခုံပေါ်တွင်    ဆင်တော်ဝပ်၍   နားရာမှ စေတီတော်တည်ခြင်း ဖြစ်သည်ဟု     အဆိုရှိလေ သည်။ ထိုစေတီကြီးမှာ သဲခုံပေါ်တွင်   တည်ထားခဲ့၍ ရွှေစည်းခုံစေတီဟု       ဘွဲ့တော်သတ်မှတ်ခဲ့ရာ ယခုတိုင်ထင်ရှားစွာ ရှိနေပေသည်။  (စည်းခုံ= စဲခုံ= သဲခုံ။ သလွန်=စလွန်၊ သလဲ=စလဲ စသည်တို့ကဲ့သို့ သနှင့် စ ပြောင်းသည်)။
သဲပုံစေတီတော်နှင့်ပတ်သက်၍     ပိဋကတ် ဆိုင်ရာကျမ်းများတွင် အတိတ်ကိုညွှန်၍  ဖွင့်ဆိုသော စာပေများရှိပေသည်။ အပါဒါန်ပါဠိတော် ပုလိနုပ္ပါ ဒကမထေရ် ဝတ္ထုတွင်      သဲပုံစေတီတည်ခြင်း အကြောင်းကို ဖော်ပြထားလေသည်။  ယုံကြည် ကိုးကွယ်မှုဘာသာရေး  ယဉ်ကျေးမှု   ရိုးရာဓလေ့ အနေနှင့် ရှေးမြန်မာကြီးများသည် တီထွင်ဖန်တီးခဲ့ ကြသော မြန်မာမှုတစ်ရပ်ပင်ဖြစ်သည်။   တီထွင် ဖန်တီးသည်ဆိုသော်လည်း ပိဋကတ်တော်နှင့်  မကိုက် ညီသော အကြောင်းအရာမဟုတ်ပေ။ အထက်ဖော်ပြ ပါ အပါဒါန်ပါဠိတော် ပုလိနုပ္ပါဒကမထေရ် ဝတ္ထုလာ အကြောင်းရင်းတွင်    လူတစ်ဦးတစ်ယောက်သည် တိုးတက်ကြီးပွားလာသည် အသက်ကြီးလာသည်နှင့် အမျှ ယုံကြည်ကိုးကွယ်မှု စိတ်၏တည်ဆောက်ရာ ထွက်ပေါက်ဖြစ်ရာ  တစ်ခုမဟုတ်တစ်ခု     ရှိသင့် ကြောင်းကို ဖော်ပြသော   ဝတ္ထုသာဓက ဖြစ်လေ သည်။ 
ရှေးမြန်မာ့ယဉ်ကျေးမှု မြန်မာမှုတို့    အမြုတေ တည်ရာ ပုဂံဒေသတွင်  လှည်းဝင်ရိုးသံ   တညံညံ ပုဂံဘုရားပေါင်းဆိုသည့် အနေအထားရှိသော်လည်း တခြားဒေသများတွင် ထိုကဲ့သို့  မရှိသေးပေ။ အေဒီ ၁၁ ရာစုနှစ်မှသည် ယနေ့ ၂၁ ရာစုနှစ်အထိ  မြန်ပြည် အနှံ့တွင် တည်ထားခဲ့ကြသော စေတီပုထိုးများသည် တပေါင်းလ သဲပုံစေတီယဉ်ကျေးမှုမှ မြစ်ဖျားခံလာ သည်၊  ဆက်စပ်နေသည်ဆိုသော အချက်အလက် တွင် ပါဝင်သည်ဆိုပါက လွန်အံ့မထင်ပေ။ 
သဲပုံစေတီမှ    အဆင့်ဆင့်ဖြစ်ပေါ်လာသော ဝါဠုကစေတီ၊ ထူပစေတီ၊ ဂူဟစေတီ    စသဖြင့် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့်  တည်ဆောက်ခဲ့ကြသော မြန်ပြည်အနှံ့ စေတီပုထိုး ဘုရားများ၏ ပွဲတော် များကို များသောအားဖြင့်    ဤတပေါင်းလတွင် ဘုရားပွဲကျင်းပကြမြဲ ဖြစ်ပါသည်။  ထိုဘုရားပွဲတော် များအနက် အကြီးကျယ်ဆုံးနှင့် နှစ်ပေါင်းအကြာဆုံး ပွဲတော်မှာကား ရွှေတိဂုံစေတီတော် ဘုရားပွဲဖြစ်ပေ သည်။ ပုဂံဒေသ ရွှေစည်းခုံ၊ အာနန္ဒာ စသည့် စေတီ ဘုရား ပွဲတော်များသည်လည်း စည်ကားလှပါသည်။ အေဒီ ၁၁-၁၂ ရာစုနှစ်တွင် တည်ဆောက်ခဲ့ကြ၍ ဘုရားပွဲတော်ကျင်းပခဲ့သည့်       ကာလလည်း ကြာညောင်းခဲ့ပေပြီ။ မြန်ပြည်အနှံ့    တန်ခိုးကြီး စေတီဘုရားများ၏     ပွဲတော်များကိုလည်း ဤတပေါင်းလတွင်ပင် ဒေသအလိုက် ကျင်းပကြမြဲ ဖြစ်သည်။ ထိုအထဲတွင် တပေါင်းလတွင်  ကျင်းပ သော ရွှေတိဂုံစေတီတော်ဘုရားပွဲသည်   ထူးခြားလှ ပေသည်။ 
ရွှေတိဂုံစေတီတော်သမိုင်းအရ မဟာသက္ကရာဇ် ၁၀၃ ခု တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့တွင် သိကြား မင်း၊ ဥက္ကလာပမင်းကြီးနှင့်   တဖုဿ၊   ဘလ္လိက ကုန်သည်ညီနောင်တို့ ကြီးမှူး၍ စေတီတော်ကြီးကို တည်တော်မူခဲ့သည်ဟု အဆိုရှိပေသည်။    ခေတ် အဆက်ဆက် မင်းအဆက်ဆက် တပေါင်းပွဲတော်ကို ကျင်းပခဲ့ကြသည်။ 
ဤသို့သော ပွဲသဘင်ကို စာဆိုတော် နဝဒေးကြီးက- 
“တပေါင်းသော်ကား၊ ဆံတော်ဒဂုံ၊ တက်ကြတုံ ၏၊     ပည်းပုံများဖြင်    သဘင်နှစ်ကြောင်း၊ လှေပေါင်းလှည်းက၊ တုပဆင်ယင်၊ မမြင်စဖူး၊ တင့်လွန်ကျူးမျှ၊      စုံပူးမကွာ၊    သို့သော  ခါသည် ...” 
စသည်ဖြင့် ရေးဖွဲ့ထားရာ လှည်း၊ လှေများဖြင့် ရေကြောင်း၊ ကုန်းကြောင်းနှင့် လာရောက် ဖူးမြော် ကြပုံ၊     ပွဲသဘင်များခံကြပုံ၊    ထူးခြားသော ဝတ်ကောင်းစားလှများ     ဝတ်စားဆင်ယင်ကြပုံ၊ မောင်နှံစုံများလာကြပုံ စသည်တို့ကို  ရေးဖွဲ့ထားရာ ရှေးအခါက   ဘုရားပွဲသို့   လာရောက်ကြပုံတို့ကို ကွက်ကွက်ကွင်းကွင်း မြင်ရသကဲ့သို့  ခံစားတွေးထင် နိုင်ပါ၏။ 
ရွှေတိဂုံ တပေါင်းပွဲတော်နှင့်ဆက်စပ်၍ ခရစ်နှစ် ၁၈၈၂ ခုနှစ်  ရွှေရိုးအမည်ခံ     Sir Scott   (James George Scott)ရေးသည့် The Burman စာအုပ်တွင်-
“မြန်မာနိုင်ငံတွင် အားလုံးသောဘုရားပွဲတော် များအနက် ရွှေတိဂုံဘုရားပွဲတော်သည် အကြီးကျယ် ဆုံးဖြစ်သည်။ ဘုရားဖူးများ   ပြည့်ကျပ်စည်ကားလှ သည်။  မြန်မာနိုင်ငံရှိ   အဝေးဆုံးအရပ်ဒေသများ၊ ရှမ်းကုန်းပြင်မြင့်     အရပ်ဒေသများကသာမက ပင်လယ်ရပ်ခြား တိုင်းနိုင်ငံများဖြစ်သည့် ယိုးဒယား၊ ကမ္ဘောဒီးယားနှင့်    ကိုရီးယားနိုင်ငံများမှလည်း ဘုရားဖူးဧည့်သည်များ လာရောက်ကြသည်။” ဟု မှတ်တမ်းပြုထားလေသည်။
 ထိုကဲ့သို့ပင်  ၁၈၈၇ ခုနှစ် မတ်လ ၁၁ ရက်နေ့ (သီပေါမင်း  ပါတော်မူပြီး ၂ နှစ်ကျော်အကြာ) ရန်ကုန်ဂေဇက် အပတ်စဉ်သတင်းစာတွင်လည်း-
“ရွှေတိဂုံ   တပေါင်းပွဲတော်သို့   ယခုနှစ်တွင် လာရောက်ကြသူများမှာ    အထူးများပြား ကြောင်း၊ လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကပင် မြို့တွင်း၌ တောမှ ဘုရားဖူးများဖြင့် ပြည့်နှက် နေကြောင်း၊ ယင်းတို့အထဲတွင်  ရှမ်းလူမျိုးနှင့် ကရင်လူမျိုး အများအပြား  ပါဝင်ကြကြောင်း ယမန်နေ့နံနက်  ရွှေတိဂုံကုန်းတော်ပေါ်တွင် မြင်ရသောရှုခင်းများ မျက်စိပသာဒအမြင်တွင် ထူးခြားလှ၍  စိတ်နှလုံးကို    ချမ်းမြေ့ဖွယ် ဖြစ်ကြောင်း၊ အကြောင်းမှာ ဝတ်ကောင်းစားလှ မျိုးစုံကို ဝတ်ဆင်ထားသော   လူတန်းကြီးမှာ မျက်စိတဆုံးပင်ဖြစ်ကြောင်း”          စသဖြင့် 
တပေါင်းပွဲတော်အကြောင်းကို  ဖော်ပြထားလေသည်။
ဒြပ်မဲ့ယဉ်ကျေးမှုများ
 ဆရာကြီးသိပ္ပံမောင်ဝ၏   ရွှေတိဂုံတပေါင်း ပွဲတော်  ဆောင်းပါးဝတ္ထုမှာ    အထူးခြားတကာ့ အထူးခြားဆုံးဟုပင်    ဆိုရပေမည်။    ယခုနှစ် ၂၄-၃-၂၀၂၄ ဆိုလျှင် နှစ်ပေါင်း ၉၀ ပြည့်ပေပြီ။ ၁၂၉၆ ခု ဒုတိယဝါဆိုလ ဆရာကြီးသိပ္ပံမောင်ဝ၏ တပေါင်းလ   ရွှေတိဂုံဘုရားပွဲ  ဆောင်းပါးကို မြတ်ရွှေတိဂုံယဉ်ကျေးမှုစာစောင် အတွဲ-၄ အမှတ်-၁ တွင်ဖတ်ရှုနိုင်ပါသည်။ ယခုထိပင်လျှင် တပေါင်းလ တွင် ရွှေတိဂုံဘုရားပွဲတော်ကို ကျင်းပမြဲဖြစ်ပါသည်။ အနယ်နယ်အရပ်ရပ်မှ    ညအိပ်နေ့နေ    ဘုရားဖူးသူ များ ရှိပေသေးသည်။ ဆရာကြီး   သိပ္ပံမောင်ဝ၏ ဆောင်းပါးပါ   ဗုဒ္ဓဘာသာဝင်   မျိုးဆက်များသည် ရွှေတိဂုံ တပေါင်းပွဲတော်သို့ အသွင်သစ်၊ အမြင်သစ်၊ ခရီးစဉ်သစ်ဖြင့် တပေါင်းပွဲ ဆင်နွှဲလာရောက်နေကြ ဆဲဖြစ်ပါသည်။ 
  တပေါင်းလ၏ပွဲသဘင် သဲပုံစေတီမှသည် တပေါင်းလတွင် ကျင်းပကြသော မြန်ပြည်အနှံ့ ဘုရားစေတီပွဲများသည်  ဒြပ်မဲ့ယဉ်ကျေးမှုများကို ဖော်ဆောင်နေပါကြောင်း    တင်ပြနိဂုံးချုပ်အပ်ပါ သည်။    ။