
* နှုတ်ပြောလေး အလွယ်သား
သည်စကား သည်အရာ၊
ရေးဖွဲ့လျှင် ကလောင်သွက်
မခက်လှပါ၊
သို့သော်လည်း လက်တွေ့မှာ
ကျယ်ပြောစွာ မြင်နိုင်၏၊
ထိုအရာ ‘‘လွတ်လပ်ရေး’’
တွေးချင့်ပါဘိ။
* တို့နိုင်ငံ တို့သမိုင်း
ဆစ်ပိုင်း၍ ကြည့်စေချင်၊
သွေးသက် အလီလီနဲ့
အဓွန့်တည် လွတ်လပ်ရေး
ရေးခြယ်ခဲ့အင်၊
ကျူးကျော်မှု အစုံပင်
ခေတ်ဆက်စဉ် ချေမှုန်းခဲ့၊
အချုပ်ခြာ ဘယ်မပျောက်
အံ့လောက်ပါရဲ့ ။
* သမိုင်းမှာ တစ်ဆစ်ချိုး
အဖြစ်ဆိုး တစ်ရံခါ၊
အကြောင်းစုံ ပေါင်းဆုံခွင်း
ခံပြင်းလှစွာ၊
လွတ်လပ်ရေး ရတနာ
တစ်ခါဖြင့် ပျက်သုဉ်း၊
နှစ်-ရာချီ တိုက်ယူမှ
ရခဲ့နောက်ဆုံး။
o ယနေ့ခါ ယနေ့ခေတ်
လက်သစ်တဲ့ ကိုလိုနီ၊
မူဟန်သွင် အမျိုးမျိုးနဲ့
တိုးဝင်ကြသည်၊
ယဉ်ကျေးမှု နယ်ပယ်ဆီ
စိမ့်ဝင်မည် ဖြိုဖျက်ရင်း၊
စီးပွားရေး နယ်ပယ်ဆီ
ဝင်ရောက်မည် ခြယ်လှယ်ရင်း၊
ကိုယ့်အရေးအရာ ကိုယ်မပိုင်စိုး
ဆိုးလှဖြစ်ခြင်း။
* အရသာ လွတ်လပ်ရေး
တွေးကြည့်၍ မသိနိုင်၊
ဆုံးရှုံးချိန် သမယမှ
သိကြပိုင်ပိုင်၊
ညီညွတ်မှု မခံ့ခိုင်
ကျေပျက်နိုင် ခဏချင်း၊
လွတ်လပ်အောင် ချွေးသွေးဆက်
ခက်ခဲဘိခြင်း။
* ပြည့်ဝန်တာ ရွက်ဆောင်မှု
ဘာတစ်ခု ပြုခဲ့ပြီ၊
သင့်ကိုယ်သင် ပြန်စစ်မေး
တွေးသင့်လှသည်၊
လွတ်လပ်ရေး ရတနာသည်
အဓွန့်ရှည် တည်တံ့ရေး၊
ကျရာဝန် ကိုယ်စီထမ်း
လှမ်းကြစို့လေး။ ။
(၇၄-နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဂုဏ်ပြုကဗျာ)
ကိုရည်မွန်