
တွံတေး
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကို မြို့မဘောလုံးကွင်း၌ ဒီဇင်ဘာ ၂၂ ရက်က စတင်ကျင်းပရာ ရှမ်းစုအသင်းနှင့် ကွမ်းခြံအသင်းတို့ ယှဉ်ပြိုင်ကစား ကြသည်။
ပြိုင်ပွဲတွင် တွံတေးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ၊ ရပ်ကွက်/ကျေးရွာအသီးသီးမှ အသင်း ၁၀ သင်းက အုပ်စု(၂)အုပ်စုခွဲ၍ ပါဝင် ယှဉ်ပြိုင်ကာ တစ်ရက်လျှင် နှစ်ပွဲနှုန်းဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ဗိုလ်လုပွဲကို ဇန်နဝါရီ ၃ ရက် ညနေ ၃ နာရီတွင် မြို့မဘောလုံးကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ရာ ဘောလုံးပြိုင်ပွဲအပြင် ကြက်တောင်ရိုက်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်၊ မာရသွန်အပြေးပြိုင်ပွဲများလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ တွံတေးသား
ရန်ကုန်
ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင် နှင့်စာအုပ်ပြပွဲကို တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ဒီဇင်ဘာ ၂၂ ရက်က ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူလေးများ လာရောက်ကြည့်ရှုသည်။
လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ အကြောင်းများကို ကျောင်းသား ကျောင်းသူများ သိရှိနားလည်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ အသက်သွေးချွေးများကို စတေးကာ ရယူပေးခဲ့သည့် လွတ်လပ်ရေး ကို အမြတ်တနိုး တန်ဖိုးထားတတ်စေရန်၊ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝသည့် အနာဂတ်မျိုးဆက်သစ် လူတော် လူကောင်းများ ဖြစ်လာစေရန်နှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)
ကျောင်းကုန်း
ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် ကာယဉာဏစွမ်းရည် ပြိုင်ပွဲများကို ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဒီဇင်ဘာ ၂၀ ရက်က ကျင်းပသည်။
ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှူး ဒေါ်ရီရီလွင်က စွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ကာယစွမ်းရည် ပြိုင်ပွဲအဖြစ် ပူစီပေါင်းဖောက်ပြိုင်ပွဲနှင့် ထိုင်ခုံလုပွဲများ ကျင်းပပေး ခဲ့ရာ မြို့သစ်အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဝင်းကြိုင်(ပြန်/ဆက်)