
l သူငယ်ချင်း.....မင်းနဲ့ ငါ နေ
သည် ရေမြေကား ၊ ပဝေသဏီ
အခြေတည်စ ၊ ရှေးမဆွပင်
အစဉ်လွတ်လပ် ၊ ငြိမ်းချမ်းဓာတ်နှင့်
မြင့်မြတ်အောင်ဆု၊ ပြည်ထောင်စုမြန်မာ
ပြည်ရွာ၏ဂုဏ်၊ လွန်ပြည့်စုံ၏။
l ဂုဏ်ရှိန်တင့်ဒြပ် ၊ လွတ်လပ်ပိုက်ထွေး
သည်အရေးကား၊ သေးသေးငယ်ငယ်
ရခဲ့လွယ်ခြင်း၊ အလျဉ်းမဟုတ်
မဆုတ်မနစ်၊ အမျိုးချစ်စိတ်
တဖိတ်ဖိတ်ကဲ ၊ ခိုင်မြဲကြိုးပမ်း
ရယူလှမ်းပြီး ၊ သည်ခရီးကား
တန်ဖိုးကြီးမား၊ အလွန်များ၏။
l မြန်မာ့သမိုင်း၊ တစ်ခါရိုင်းခဲ့
နယ်ချဲ့လက်အောက် ၊ ကျရောက်ဖြစ်အင်
အစဉ်နာကြည်း ၊ အရှက်သည်းရ...
ပြည်ကြီးပျက်သုဉ်း၊ ကြိမ်မီးအုံးရ...
ဆုံးရှုံးခြွေနင်း ၊ မျိုးဂုဏ်ကင်းရ...
ကျွန်ဖြစ်ခြင်းဒဏ် ၊ စော်ကားခံရ...
ထိုဘဝများ ၊ အလွန်ခါး၏။
l ဇာတိပုည ၊ ဂုဏ်မာနချို့
ငါတို့လူမျိုး ၊ ကြမ္မာညှိုးချိန်
ချိုးနှိမ်သိမ်ဖျင်း ၊ ရွှေမှန်ကင်းအစစ်
ထင်းဖြစ်ခဲ့ရ ၊ ထိုခဏများ
ခါးသီးစိတ်စွဲ ၊ လွန်ကဲဒေါသ
မေ့မရပေ ၊ မြန်မာတွေ။
ကမ္ဘာမကြေ ၊ ဒါတို့မြေ။
l သူ့ကျွန်မခံ ၊ ဇာတိမာန်က
“သေသော်မှတည့် သြော်ကောင်း၏” ဟု
စွဲမြဲရှုလျက် ၊ “တက်” ခေါက်သံပြင်း
အားမာန်တင်းလျက် ၊ လှေခွက်ချည်းကျန်
အလံမလဲ ၊ သတ္တိဇွဲနဲ့
နယ်ချဲ့ကိုပြိုင် ၊ ဓားလွတ်ကိုင်ရင်း
စစ်ခင်းခဲ့ကြ ၊ တို့ဘိုးဘရဲ့
မြေခသွေးစက် ချင်းချင်းနီ
ကမ္ဘာမကြေ ဥဒါန်းရှည်။
l စိတ်ဓာတ်သာရှိ၊ နည်းမသိမို့
ထိမိအားလုံး ၊ မစုရုံးနိုင်
လှမ်းကိုင်မရောက် ၊ ပန်းတိုင်ပျောက်၍
သို့ပျောက်ရာမှ ၊ လမ်းမှန်ပြသော်
တပ်မတော်တစ်ရပ် ၊ ထွန်းပေါ်အပ်မို့
တို့လွတ်လပ်ရေး ၊ သက်သွေးများစွာ
ယှဉ်ကာတိုက်ပွဲ ၊ အတူနွှဲ၍
အောင်ပွဲရယူ ၊ အောင်လံထူခဲ့
ပြည်သူ-တပ်မတော် မှတ်တိုင်များ။
သမိုင်းစဉ်က အမှန်တရား။
ဘယ်သူဖျက်ဖျက် ပျက်မသွား။
l သြော်....
ခုတော့ထွတ်မြတ် ၊ တို့လွတ်လပ်ပြီ
လွတ်လပ်တည်ရုံ ၊ မပြည့်စုံသေး
ကုံလုံအေးမြ ၊ လွန်ကြွယ်ဝ၍
“တရားမျှတ ၊ လွတ်လပ်ကြခြင်း
ချစ်ခြင်းကြည်ဖြူ ၊ ခွင့်တူညီမျှ
ဝါဒဖြူစင်” ၊ မှန်အောင်မြင်ရေး
မျှော်တွေးစုံညီ ၊ ယုံကြည်ကြိုးစား
အမျိုးသားရေး ရှိပေသေး၏။
l ထို့ထက်တစ်နှုန်း ၊ အရေးကြီးဆုံးကား
ရရှိထားသည့် ၊ တို့၏သက်သွေး
လွတ်လပ်ရေးတွက်၊ ဆက်လက်ခိုင်မာ
နောင်ကမ္ဘာတိုင် ၊ မယိမ်းယိုင်သင့်
အားမာန်ဝင့်ပြီး ၊ စည်းစည်းလုံးလုံး
ပေါင်းရုံးဆောင်ပြု ၊ ပြည်ထောင်စုအဖြစ်
ချစ်ချစ်ကြည်ကြည် ၊ ကမ္ဘာတည်အောင်
စွမ်းဆောင်ဖို့ကြိုးပမ်း လှမ်းရန်မသွေ။
မင်းတို့ငါတို့ ၊ တာဝန်ပေ။
ကျေပွန်လှမ်းတက် ထမ်းရွက်စေ။ ။
အကျော်ပင်