လမ်း၊ တံတား ကွန်ရက်တို့ဖြင့်  ဖွံ့ဖြိုးတိုးတက်နေသော တိုင်းဧရာဝတီ

 

 

ဧရာဝတီတိုင်းဒေသကြီးသည် ရှေးအခါက မွန်သုံးရပ်ဖြစ်သော မွန်တိ၊ မွန်စ၊ မွန်ညဟူ၍ အပိုင်း (၃) ပိုင်းရှိ၏။ မွန်တိကို ဒဂုံ၊ ဒလ၊ မွန်စကို သထုံ၊ (မုတ္တမ)၊ မွန်ညကို ပုသိမ်၊ မြောင်းမြဟု ပိုင်းခြားထား ခဲ့ရာ  ဧရာဝတီတိုင်းဒေသကြီးမှာမူ  ‘မွန်ည’ ဒေသတွင် ပါဝင်ခဲ့ကြောင်း  သိရပေသည်။ ရှေးအခါက မြန်မာနိုင်ငံအောက်ပိုင်းကို ရာမညဟူသော အမည်ဖြင့် ခေါ်ဝေါ်ခဲ့ကြသော်လည်း    မည်သည့်ခေတ်၊  မည်သည့်မင်း        လက်ထက်၌  စတင်ခေါ်ဝေါ်ခဲ့ကြသည်ကို တိကျခိုင်မာစွာ   မသိရပေ။    ရာမည ဟူသော  အမည်ကိုသာ  အလွန်ရှေးကျသည့်  သီဟိုဠ်ရာဇဝင် (မဟာဝံသကျမ်း အခန်း-၇၆)  တွင်  ပထမဆုံး တွေ့ရသည်။ ကုန်းဘောင် မင်းဆက်ကို တည်ထောင်သော အလောင်းမင်းတရားကြီးသည် ရာမည တိုင်းသား  မွန်များကို  စည်းရုံး၍  တတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ  ဧရာဝတီတိုင်းဒေသကြီးတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊  စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေရန် ခရိုင် ခြောက်ခရိုင်၊ မြို့နယ် ၂၆ မြို့နယ်၊ မြို့ ၄၅ မြို့၊ ရပ်ကွက် ၃၀၂  ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၉၂၀ အုပ်စုနှင့် ကျေးရွာ ၁၁၈၆၀ ရွာ တို့ဖြင့် ဖွဲ့စည်းထားသည်။
ထိုဒေသသည် မြစ်ချောင်း၊ အင်းအိုင်ပေါများသော ဒေသတစ်ခုဖြစ် သည့်အားလျော်စွာ   ပြည်သူများသည်  ရေလမ်းတစ်ခုတည်းကိုသာ အဓိကအားထား၍  သွားလာကူးသန်းနေကြရခြင်းဖြစ်ပြီး  စီးပွားရေး မှာလည်း မိရိုးဖလာစီးပွားရေးလုပ်ငန်းဖြစ်သော စိုက်ပျိုးရေးနှင့်   ရေ လုပ်ငန်းများကိုသာ လုပ်ကိုင်လျက်ရှိကြသည်။ ဧရာဝတီတိုင်းဒေသကြီး သည် စိုက်ပျိုးရေးဘက်တွင်မူ လယ်ယာထွက်ကုန် ဆန်စပါးများ ပေါများ ၍ နိုင်ငံတော်၏ စပါးကျီဟု တင်စားရလောက်သည့် ဝိသေသထူးတစ်ခု ကို ပိုင်ဆိုင်ရရှိထားသည်။ သို့သော် သိသာထင်ရှားနိုင်သော ပြောင်းလဲ တိုးတက်မှုဟူ၍ကား မဆိုနိုင်ပေ။        
အဘယ်ကြောင့်ဆိုသော်  ဒေသ တွင်းမှ ပြည်သူများသည် ရေလမ်း တစ်ခုတည်းကိုသာ    အားထား    သွားလာနေရသောကြောင့်   ဖြစ် သည်။
လမ်းကွန်ရက်များ ဖောက်လုပ်
ယခုအခါ ဧရာဝတီတိုင်းဒေသ ကြီးသည် ဖွံ့ဖြိုးဝေစည် ဧရာဝတီ အဖြစ်သို့ ရောက်ရှိနေပြီဖြစ်သည်။  အကြောင်းကား   ဧရာဝတီတိုင်း  ဒေသကြီးတွင် နိုင်ငံတော်က ရာသီ မရွေးသွားလာနိုင်သော  ကားလမ်း ကွန်ရက်များ   ဖောက်လုပ်ပေး လိုက်ခြင်းကြောင့်   ဖြစ်သည်။ လမ်းကွန်ရက်များကို    မူလက (၅)   သွယ်ဖြင့်    စခဲ့သော်လည်း ယခုအခါ (၁၁) သွယ်အထိ ဖြစ် လာခဲ့သည်။ ယင်းတို့မှာ မအူပင်-ရေလဲလေး - ရွှေတောင်မော် - ကျိုက်ပိ-မော်လမြိုင်ကျွန်းလမ်း (၄၄ မိုင် ၆ ဖာလုံ)၊ မော်လမြိုင် ကျွန်း-လှိုင်ဘုန်း-သစ်ပုတ်ကွင်း-ပေါက်-ပြင်စလူလမ်း    (၇၂  မိုင် ၃ ဖာလုံ)၊ လပွတ္တာ-သင်္ဃန်းကြီး-ပြင်စလူလမ်း (၃၅ မိုင် ၂ ဖာလုံ)၊ လပွတ္တာ(ကျောက်ဖျာလေး)-သုံးခွ- အုတ်တွင်း-ထိပ်စွန်းလမ်း (၅၅ မိုင် ၁ ဖာလုံ)၊  ဘိုကလေး-ကြိမ် ချောင်း-ကဒုံကနိလမ်း(၄၂ မိုင်)၊ ဘိုကလေး-စက်ဆန်း-ထော်ပိုင်-အမာလမ်း  (၃၈ မိုင် ၅ ဖာလုံ)၊ ဖျာပုံ - ကျုံကဒွန်း - ဒေါ်ငြိမ်း - အမာလမ်း (၅၁ မိုင်)၊ ကျုံကဒွန်း-စက်ဆန်းလမ်း (၁၇ မိုင် ၆ ဖာလုံ)၊ ဂျက်ကာ-စိန်တောင်-မော်တင် စွန်းလမ်း (၉၅ မိုင်)၊ ဘိုကလေး-မော်လမြိုင်ကျွန်း - ကျုံမငေး - ဝါးခယ်မ-မြောင်းမြလမ်း (၂၂ မိုင် ၅ ဖာလုံ)၊ ပုသိမ်-ငပုတောလမ်း (၁၉  မိုင်  ၅  ဖာလုံ)   စုစုပေါင်း လမ်းကွန်ရက်  (၁၁) သွယ်၊  မိုင် ပေါင်း (၄၉၄ မိုင် ၃ ဖာလုံ)  တို့ ဖြစ်သည်။
တံတားများကဏ္ဍတွင်လည်း ဧရာဝတီတိုင်းဒေသကြီးအတွင်း ညောင်တုန်းတံတား၊   ဗိုလ်မြတ် ထွန်းတံတား၊     ပုသိမ်တံတား အမှတ် (၁)၊ (၂)၊ မြောင်းမြတံတား၊  လေးမျက်နှာတံတား၊ ဝါးခယ်မ တံတား၊      ရွှေသောင်ယံတံတား၊ ဝေါ်ကဲတံတား စသည့် ပေ ၁၈၀ အထက် တံတားကြီး ၉၃ စင်း၊ ပေ ၁၈၀  အောက် ကွန်ကရစ်တံတား  ၉၄၂  စင်း၊  ဘေလီတံတား  ပေ  ၁၈၀ အထက် ၄၄ စင်း၊ ပေ ၁၈၀ အောက် ၆၁ စင်း၊ သစ်သားတံတား ပေ ၁၈၀ အထက်  ၉ စင်း၊ ပေ ၁၈၀ အောက် အစင်း ၅၀၊ ရေပြွန်/ ရေကျော်    တံတားပေ    ၁၈၀ အောက် ၁၅၆၀ စင်းရှိပြီး တံတား စုစုပေါင်း  ၂၇၅၉  စင်း   တည် ဆောက်ပေးထားသည်။
လမ်းမကြီး (၄)သွယ်
ယင်းသို့      နိုင်ငံတော်က တည်ဆောက်    ဖောက်လုပ်ပေး လိုက်သော     လမ်းကွန်ရက်များ၊  တံတား စီမံကိန်းကြီးများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်း အလျားလိုက်   လမ်းမကြီး (၄)သွယ်ဖြစ်သည့် ရန်ကုန်- ညောင် တုန်း- ဓနုဖြူ-ငါးသိုင်းချောင်း-ဂွ-သံတွဲ   -  တောင်ကုတ်  -   ဆနဲ ခမောင်း  -  တပ်တောင်း  - အမ်း- မြောက်ဦး-ကျောက်တော်-ဘူးသီး တောင် - မောင်တော - စစ်တွေ ကားလမ်း၊ ပုသိမ်-ငါးသိုင်းချောင်း- ကွင်းကောက်-ဘက်ရဲ-ဥသျှစ်ပင် -ပဒန်း-ကံပြား-ကဇွန်းမ-မြိုင်- ဆားလင်းကြီး-မုံရွာကားလမ်း၊ ပုသိမ်  - ရေကြည် - ကျုံပျော် - အထောင် - ဟင်္သာတ - အင်္ဂပူ-မြန်အောင် - ကြံခင်း - ဘက်ရဲ ကားလမ်း၊ ပုသိမ်-မော်တင်စွန်း ကားလမ်းနှင့်     ပြည်ထောင်စု စာရင်းဝင် ကန့်လန့်ဖြတ်လမ်းမ ကြီး(၉)သွယ်ဖြစ်သည့် ရန်ကုန်-ညောင်တုန်း - ဓနုဖြူ - ငါးသိုင်း ချောင်း-ဂွ၊ ရန်ကုန်-ညောင်တုန်း-ပန်းတနော်-ဝါးခယ်မ-ကျုံမငေး-လပွတ္တာ၊ ရန်ကုန်-ညောင်တုန်း-ကျောင်းကုန်း-ပုသိမ်၊ရန်ကုန်- ကျိုက်လတ်-မော်လမြိုင်ကျွန်း၊ ရန်ကုန်  -  ဒေးဒရဲ  -  ဖျာပုံ - ဘိုကလေး-ကျိုက်ပိ-မော်လမြိုင် ကျွန်း၊ ရန်ကုန်- ဒေးဒရဲ- ဖျာပုံ- ကျုံကဒွန်း- ဒေါ်ညိမ်း- ဆိတ်မ-အမာ၊ ရန်ကုန်- တွံတေး- မအူပင်- မော်လမြိုင်ကျွန်း၊    ပုသိမ် - ငပု တော-လပွတ္တာ၊ပုသိမ်-မြောင်းမြ -လပွတ္တာ၊     အလျားလိုက်နှင့် ကန့်လန့်ဖြတ်လမ်းမကြီးများနှင့် ဆက်သွယ်ပေါင်းဆုံပြီး ဧရာဝတီ တိုင်းဒေသကြီးတစ်ခုလုံး ယခင်က ရေလမ်းခရီး      မော်တော်စီး၍ သွားလာနေရသည့်ဘဝမှ    ယခု အခါ ကားနှင့် ပတ်၍ရသည်အထိ တိုးတက်လျက်ရှိနေပြီဖြစ်သည်။
ထို့ပြင်  ဧရာဝတီတိုင်းဒေသ ကြီးတွင်    ပုသိမ်- မုံရွာ- ရေဦး လမ်းမကြီး ဖောက်လုပ်ခြင်းနှင့် ရေနံမြေသစ်များ   ရှာဖွေတွေ့ရှိ ခြင်း စသော   စီမံကိန်းကြီးများ သည်လည်း ဧရာဝတီတိုင်းအတွင်း နေထိုင်သူများအတွက်  အားတက် သဖွယ်ဖြစ်ရသည်။   ၎င်းနောက် မြန်အောင်ရေနံမြေနှင့်  ရွှေပြည် သာ ရေနံမြေများကို ရှာဖွေတွေ့ရှိ သောအခါ “ရွှေမည်းကို မြေထဲက တူးဖော်နိုင်ပြီ” ဟု ကြွေးကြော်နိုင် ခဲ့သည်။
စီမံကိန်းများ၏ အကျိုးဆက် 
ထို့နောက်     ရန်ကုန်မြို့မှ အနောက်စူးစူးသို့   ထိုးထွက်လာ သော အမှတ် (၅) ရန်ကုန်-ပုသိမ် အဝေးပြေး         လမ်းမကြီးနှင့် တံတားကြီးများ၊ လမ်းကွန်ရက် များ၊  မြစ်ရေတင်စီမံကိန်းများ၊ ၎င်းစီမံကိန်းများ၏ အကျိုးဆက် ဖြစ်သော မိုးစပါး၊ နွေစပါးများ၊ တက္ကသိုလ်နှင့်   ကောလိပ်များ၊ အဏ္ဏဝါသိပ္ပံသုတေသန   ဓာတ်ခွဲ ခန်းများ၊ ရုပ်မြင်သံကြား ထပ်ဆင့် လွှင့်စက်ရုံများနှင့်   မိုက်ခရိုဝေ့ဖ် စခန်းများ၊  ရာသီမရွေးသွားလာ နိုင်သော   ကျေးလက်လမ်းများ၊ ပြည်တွင်း ဂြိုဟ်တုဆက်သွယ်ရေး စခန်းနှင့်     ပြည်ပရေအောက် ကေဘယ်လ်စခန်းများ၊    တိုင်း ဒေသကြီးအတွင်း   ပေါ်ထွက်လာ သော အပန်းဖြေစရာ ငွေဆောင်၊ ချောင်းသာတို့လို       သဘာဝ ကမ်းခြေအလှအပများ၊    နိုင်ငံ တကာအဆင့်မီ ဟိုတယ်ကြီးများ နှင့် အခြား အခြားသော မွေးမြူ ရေး    ကဏ္ဍ၊    သစ်တောကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊   စီးပွားရေး ကဏ္ဍ၊    လူမှုရေး၊    ပညာရေး၊ ကျန်းမာရေးကဏ္ဍသစ် စသည် တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး သည်   ယခုအခါ  ဖွံ့ဖြိုးဝေစည် နေပြီဖြစ်သည်။
ချမ်းမြေ့မောင်