နေပြည်တော် ဖေဖော်ဝါရီ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးဟိုင်းကြီးကျွန်းမြို့နှင့် ငပုတောမြို့နယ်တို့ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများအား ဟိုင်းကြီးကျွန်းရှိ နယ်မြေခံရေတပ် စခန်းဌာနချုပ်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်တောင် တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ ဟိုင်းကြီးကျွန်းမြို့နှင့် ငပုတောမြို့နယ်တို့ရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ တွင် ဟိုင်းကြီးကျွန်းဒေသသည် သမိုင်းကြောင်း အစဉ်အလာရှိသည့် ဒေသတစ်ခုဖြစ်ပြီး ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလားအလာကောင်းများစွာ ကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုလည်းဖြစ်ကြောင်း၊ ပုသိမ်ဆိပ်ကမ်းတွင် ယခင်က ပင်လယ်ကူးသင်္ဘော ကြီးများ ဝင်ထွက်သွားလာခဲ့ကြပြီး နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ရေကြောင်းတိမ်ကော သွားခဲ့ပြီး ဝင်ထွက်မှုမရှိခဲ့ခြင်းဖြစ်ကြောင်း၊ မိမိအနေ ဖြင့် ဟိုင်းကြီးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သွားလာမှု အဆင်ပြေစေရေးအတွက် များစွာ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦများကို ဆောင်ရွက်ပေးခဲ့ပြီး ပညာ ရေးပိုင်းဆိုင်ရာများကိုလည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ မိမိ၏ ရည်ရွယ်ချက်မှာ ဒေသဖွံ့ဖြိုးတိုးတက် ရေး၊ နိုင်ငံသူ၊ နိုင်ငံသားများနှင့် ဒေသခံများ ပညာ ရည်မြင့်မားတိုးတက်စေရေး ရည်ရွယ်ဆောင်ရွက် လျက်ရှိပြီး နိုင်ငံသားတိုင်း KG+9 ပြီးမြောက်စေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရမှု
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ် များကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန် များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိအနေ ဖြင့် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလ များတွင် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည့် အခြေ အနေများနှင့် တစ်ဦးချင်းစီ၏ အခွင့်အရေးများ ဆုံးရှုံး မှုမရှိစေရေး လူတိုင်းမဲပေးရန်လိုအပ်သည့် အခြေ အနေများနှင့် ပတ်သက်၍ ပြောကြားခဲ့ကြောင်း၊ သို့သော် ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးမှု ကာလများနှင့် ရွေးကောက်ပွဲကာလများတွင်လည်း မဲမသမာမှုများ ဖြစ်ပေါ်စေနိုင်မည့် လုပ်ဆောင်ချက် များကို တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါကာလတွင် အစိုးရ ၏ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဆောင်ရွက် ချက်များမှာ သံသယဖြစ်ဖွယ် တွေ့ရှိရကြောင်း၊ အစိုးရအနေဖြင့် ရွေးကောက်ပွဲအကြိုကာလ ကြိုတင် မဲပေးချိန်တွင်လည်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုကို အကြောင်းပြ၍ မဲမသမာမှုများ ပြုလုပ်ခဲ့သည်ကို စိစစ်တွေ့ရှိခဲ့ရကြောင်း၊ ရွေးကောက်ပွဲရလဒ်များ ထွက်ပေါ်လာသည့်အချိန်တွင် မဖြစ်နိုင်ဖွယ်ရာ မဲစာရင်း ကွဲလွဲမှုများကို တွေ့ရှိရသည့်အတွက် ကျွမ်းကျင်ပညာရှင်များဖြင့် မဲစာရင်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ မဲစာရင်းကြီးမားစွာ ကွဲလွဲမှုများအပေါ် ဖြေရှင်း ဆောင်ရွက်ပေးရန် မိမိတို့အနေဖြင့် တာဝန်ရှိသူ များကို အကြိမ်ကြိမ်ပြောဆိုခဲ့သော်လည်း ၎င်းတို့ အနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့် အပြင် တတိယအကြိမ် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို အတင်းအဓမ္မ ရယူရန်အထိ ဆောင်ရွက်လာခဲ့ခြင်းကြောင့် ယခု အခြေအနေထိ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း။
နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် ဖြစ်ပေါ် လာသည့် ဆူပူမှုများကို မိမိတို့အနေဖြင့် ဥပဒေ နှင့်အညီသာ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ အစပိုင်းတွင် ဆူပူမှုများသာရှိသော်လည်း နောက်ပိုင်း တွင် အကြမ်းဖက်ခြင်း၊ လုယက်သတ်ဖြတ်ခြင်းများ အထိဖြစ်ပေါ်လာကြောင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများကို မိမိတို့အနေဖြင့် ဥပဒေ နှင့်အညီ ကိုင်တွယ်ဆောင်ရွက်ခဲ့ကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းမှုရှိသဖြင့် ဝမ်းမြောက်ပါကြောင်းနှင့် တပ်မတော်၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူလူထုတို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကြမ်းဖက်မှုဖြစ်စဉ် များကို တိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း။
ရေခံမြေခံကောင်းမွန်ပြီးဖြစ်သဖြင့်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို
ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်လို
ဧရာဝတီတိုင်းဒေသကြီးသည် ရေခံမြေခံများ ကောင်းမွန်ပြီး ငါးမွေးမြူရေးလုပ်ငန်းများ အပါအဝင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရ ကြောင်း၊ MSME လုပ်ငန်းများကိုလည်း ခရိုင်အားလုံး ၌ အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရ ကြောင်း၊ ယခုထက်ပိုမိုကြိုးစား ဆောင်ရွက်သွားမည် ဆိုပါက ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများ အနေဖြင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေး ရန်လိုကြောင်း၊ အစိုးရတစ်ရပ်သည် ပြည်သူလူထု တို့၏ လူမှုအကျိုးစီးပွားကို ဖော်ဆောင်ပေးရမည် ဖြစ်ကြောင်း၊ မိမိတို့သည် နိုင်ငံရေးအစိုးရမဟုတ်ဘဲ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ပေး နေသည့် အစိုးရတစ်ရပ်ဖြစ်ကြောင်း၊ မိမိတို့၏ ဆောင်ရွက်ချက်များကို တစ်ဦးချင်းစီ၏ တာဝန်များ အလိုက် အောင်မြင်အောင် လုပ်ဆောင်၍ အလုပ်ဖြင့် သက်သေပြနိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ စတင် တာဝန်ယူစဉ်ကာလက နိုင်ငံ၏ စီးပွားရေးသည် ကျဆင်းလျက်ရှိသည်ဖြစ်သော်လည်း မိမိတို့အနေ ဖြင့် အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့မှု များကြောင့် လက်ရှိအချိန်တွင် နိုင်ငံ့စီးပွားရေးသည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်သွား မည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ အတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားရေးရည်မှန်း ချက်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာပေါများရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ရွေးကောက်ပွဲဆောင်ရွက်ရန်အတွက် အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အခက်အခဲများရှိနေသေးကြောင်း၊ ရွေးကောက်ပွဲကို ကျင်းပရာတွင် ပြည်သူလူထုက လက်ခံသည့် သိက္ခာ ရှိသည့် ရွေးကောက်ပွဲကို ကျင်းပနိုင်ရမည်ဖြစ် ကြောင်း၊ ယခင်အစိုးရလက်ထက် ရွေးကောက်ပွဲ၌ သိက္ခာမဲ့သော ရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် မိမိတို့ အနေဖြင့် သိက္ခာရှိသည့်ရွေးကောက်ပွဲ ကျင်းပနိုင် ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ထို့ကြောင့် နိုင်ငံ့တာဝန် ထမ်းဆောင်နေသူ များအနေဖြင့်လည်း ဝန်ထမ်းတစ်ဦးအနေဖြင့် မိမိတို့ တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဟိုင်းကြီးကျွန်းမြို့နှင့် ငပုတောမြို့နယ်တို့ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူ များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



