
လွိုင်ကော် ဧပြီ ၁၄
ကယားပြည်နယ် လွိုင်ကော်မြို့ ၌ ကယားပြည်နယ် အစိုးရအဖွဲ့ က ကြီးမှူး၍ ၁၃၈၄ ခုနှစ် မြန်မာ့ ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့ ) မွန်းလွဲပိုင်းက နောင်ယား (ခ) ရပ်ကွက်ရှိ မဟာ သင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကယားပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာ သင်္ကြန်ပွဲတော် မဟာသင်္ကြန်ဗဟို မဏ္ဍပ်ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ သင်္ကြန်ယိမ်း အဖွဲ့များက ဖွင့်ပွဲသီချင်းဖြင့် စုပေါင်း သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေး၍ အတာသင်္ကြန် ရေပက်ဖျန်းပြီး နှစ်ဦးသင်္ကြန်ကို ကြိုဆိုကြသည်။ ထို့နောက် ယိမ်း အဖွဲ့က သင်္ကြန်ယိမ်းအကအလှ များ၊ မြန်မာ့ဂီတ၊ ခေတ်ပေါ် တေးဂီတများနှင့် သင်္ကြန်တေး သီချင်းများဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်ကြသည်။
အဆိုပါဗဟိုမဏ္ဍပ်၌ သင်္ကြန် ပွဲတော်ရက်များအတွင်း ယိမ်း အကအဖွဲ့များက နေ့အလိုက် ပါဝင်ယှဉ်ပြိုင် ကပြသွားကြမည် ဖြစ်ပြီး သင်္ကြန်အတက်နေ့ ပိတ်ပွဲ အခမ်းအနားတွင် ပြိုင်ပွဲဝင်ဆုရ အသင်းများအား ဆုများ ပေးအပ် ချီးမြှင့်မည်ဖြစ်သည်။
သင်္ကြန်ပွဲတော် အကြိုနေ့မှ အတက်နေ့အထိ ဗဟိုမဏ္ဍပ်နှင့် ရပ်ကွက်အတွင်းရှိ မဏ္ဍပ်အသီးသီး တွင် ဖျော်ဖြေရေးတင်ဆက်မှုများ အပြင် ကယားပြည်နယ် အစိုးရ အဖွဲ့၊ ဌာနဆိုင်ရာများနှင့် အလှူရှင် များက စတုဒိသာစုပေါင်းအလှူ ကို ကျွေးမွေးလှူဒါန်းမည်ဖြစ်ပြီး မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဘာသာရေးဆိုင်ရာ အခမ်းအနား များ၊ အန္တရာယ်ကင်းပရိတ်တရား တော် ရွတ်ဖတ်ပူဇော်ခြင်းများနှင့် သက်ကြီးပူဇော်ပွဲများ ကျင်းပ မည်ဖြစ်သည်။
ကယားပြည်နယ်အစိုးရအဖွဲ့ က ဗဟိုမဏ္ဍပ်နှင့် မဏ္ဍပ်အသီးသီး တွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် ဖျော်ဖြေ ရေးနှင့် စတုဒိသာကျွေးမွေး လှူဒါန်း ရေးအစီအစဉ်များ နေ့စဉ်ဆောင် ရွက်ပေးထားသည့်အပြင် ပွဲတော် ကိုဆင်နွှဲမည့် ပြည်သူများ၏ လုံခြုံ ရေးအတွက်လည်း တာဝန်ရှိသူ များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ ပြည်နယ်(ပြန်/ဆက်)