နာမည်ကြီး ပီအက်စ်ဂျီအသင်းသည် မေ ၁၄ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ပြင်သစ်လီဂူးဝမ်း ပွဲစဉ် (၂၉) တွင် လန်းစ်အသင်းကို နှစ်ဂိုးပြတ်နိုင်ပွဲရရှိပြီးနောက် လီဂူးဝမ်းအမှတ်ပေးဖလားကို ငါးကြိမ်ဆက် ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်သည်။
ပီအက်စ်ဂျီ အသင်းသည် လူးဝစ်အင်းနရီကေးကို နည်းပြအဖြစ် ခန့်အပ်ချိန်မှစတင်ကာ သုံးကြိမ်ဆက် အမှတ်ပေးဖလား ကို ဆွတ်ခူးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ထို့အပြင် ပီအက်စ်ဂျီအသင်းသည် လီဂူးဝမ်းအမှတ်ပေးဖလားကို အသင်းသမိုင်း တစ်လျှောက် (၁၄) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်သည်။
ပွဲအစပိုင်းကတည်းက လန်းစ် အသင်းကို ထိန်းချုပ်ကစားနိုင်ခဲ့သော ပီအက်စ်ဂျီအသင်းသည် ပွဲချိန် ၂၉ မိနစ်တွင် ဦးဆောင်ဂိုးရရှိခဲ့သည်။ အဆိုပါ ဦးဆောင်ဂိုး ကို ခွီချာကွာရတ်စခေလီယာက ဒမ်ဘီလီ၏ ဖန်တီးမှုမှ သွင်းယူ ပေးခဲ့သည်။ ပြိုင်ဘက်လန်းစ်အသင်းသည် ချေပဂိုးရရှိရေးကြိုးပမ်းလာသော်လည်း ပီအက်စ်ဂျီအသင်းခံစစ်နှင့် ဂိုးသမားတို့ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။
လန်းစ်အသင်းသည် ပွဲချိန်တစ်လျှေက်တွင် ဂိုးရရှိနိုင်သည့် အခွင့်အရေးဖန်တီးမှု ခြောက်ကြိမ်ရှိခဲ့သော်လည်း ခြောက်ကြိမ် စလုံး သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိပေ။
ပီအက်စ်ဂျီအသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို ပွဲချိန်ပြည့်ခါနီးတွင် လူစားဝင် တိုက်စစ်ကစားသမား အမ်ဘာယေးက သွင်းယူပေးခဲ့သည်။
ပီအက်စ်ဂျီအသင်းသည် လာမည့် မေ ၃၀ ရက်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် နာမည်ကြီး အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ကစားရဦးမည်ဖြစ်သည်။
အောင်ဇော်