လီဗာပူးတို့ ဝက်ဖို့ဒ်ကို ဂိုးပြတ်အနိုင်ယူပြီး မန်ယူ လက်စတာကို ရှုံးနိမ့်

 

ပရီမီယာလိဂ်ပွဲစဉ်(၈)၏ အစောဆုံးပွဲစဉ်အဖြစ် ဝက်ဖို့ဒ်အသင်းနှင့် လီဗာပူးအသင်းတို့ပွဲစဉ်ကို အောက်တိုဘာ ၁၆ ရက်ညပိုင်းက ဝက်ဖို့ဒ်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးအသင်းက ငါးဂိုးပြတ် အနိုင်ရရှိခဲ့သည်။ သွင်းဂိုးများကို မာနေး၊ ဖာမီနို၊ ဆာလာတို့က သွင်းယူပေးနိုင်ခဲ့သည်။  

 


နောက်ဆုံးသုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးနေသည့် ဝက်ဖို့ဒ်အသင်းသည် ယနေ့ပွဲစဉ်ကို အနိုင်ရရှိရန် အဓိက ကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာခဲ့ပြီး  လီဗာပူးအသင်းကလည်း ဖာမီနို၊ မာနေး၊ ဆာလာ စသည့် အားထားရသည့် ကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာခဲ့သည်။ ပထမပိုင်းတွင် လီဗာပူးအသင်း အနေဖြင့် ဝက်ဖို့ဒ်အသင်းကို အကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့ပြီး သွင်းဂိုးများ ရယူနိုင်ခဲ့သည်။ လီဗာပူး အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ကိုးမိနစ်တွင် ဆာလာ၏ ဖန်တီးမှုမှတစ်ဆင့် မာနေးက သွင်းယူပေးနိုင် ခဲ့သည်။ ဗန်ဒိုက်ဦးဆောင်ပွဲထွက်လာသည့် လီဗာပူးအသင်း၏ ခံစစ်သည် ကျစ်လျစ်မှုရှိခဲ့ပြီး ဝက်ဖို့ဒ် အသင်း၏ ထိုးဖောက်မှုများကို ဟန့်တားနိုင်ခဲ့သည်။ 

 


အဖွင့်ဂိုးခွင့်ပြုပေးလိုက်ရသော်လည်း ဝက်ဖို့ဒ်အသင်း၏ ကစား အား တက်လာခြင်းမရှိဘဲ လီဗာပူးအသင်း၏ ဖိအားပေးမှုကို ခံခဲ့ရသည်။ ထို့ပြင်  ဝက်ဖို့ဒ်အသင်းသည် ပထမပိုင်းတွင် လီဗာပူးအသင်းဘက်သို့ ဂိုးကန်သွင်းချက် တစ်ကြိမ်မျှ မရှိသည်အထိ ခြေစွမ်းကျဆင်းခဲ့သည်။ လီဗာပူးအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၃၇ မိနစ်တွင် မီလ်နာ၏ ဖန်တီးပေးမှုမှတစ်ဆင့် ဖာမီနိုက သွင်းယူပေးခဲ့သည်။ 

 


လီဗာပူးအသင်းအတွက် တတိယဂိုးကို ပွဲချိန် ၅၂ မိနစ်တွင် ဖာမီနိုက သွင်းယူပေးသည်။ လီဗာပူးအသင်းသည် တတိယဂိုးရရှိပြီး နှစ်မိနစ် အကြာတွင် စတုတ္ထဂိုးရရှိရာ ဖာမီနို၏ ဖန်တီးမှုမှ ဆာလာက သွင်းယူ ပေးနိုင်ခဲ့သည်။   ပွဲချိန် ၆၆ မိနစ်တွင် ဝက်ဖို့ဒ်အသင်း ဂိုးရရှိနိုင်လောက် သည့်  အခွင့်အရေးရရှိခဲ့သော်လည်း  လီဗာပူး  ခံစစ်ကစားသမားများ   ရှင်းထုတ်ပုံကောင်းမွန်ခဲ့သည့်အတွက် နစ်နာခဲ့ရသည်။ 

 


ပွဲချိန်ပြီးခါနီးတွင်   လီဗာပူးအသင်း   ပဉ္စမဂိုးရရှိခဲ့ပြီး  ဖာမီနိုက သွင်းယူပေးနိုင်ခဲ့သည်။ ယနေ့ပွဲစဉ်တွင် လီဗာပူးအသင်းမှ တိုက်စစ် ကစားသမား ဖာမီနို အထူးခြေစွမ်းပြပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။ ယနေ့ပွဲစဉ်တွင် အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့သော မာနေးသည် ဒီဒီယာ ဒရော့ဘာ၊ အသင်းဖော် ဆာလာတို့ပြီးနောက် ပရီမီယာလိဂ် သွင်းဂိုး ၁၀၀ ပြည့်မြောက်သည့် တတိယမြောက် အာဖရိက ကစား သမား ဖြစ်လာခဲ့သည်။ 

 


လီဗာပူးအသင်းသည် ယခုအနိုင်ပွဲကြောင့် ပွဲစဉ် (၈) အပြီးတွင် ရမှတ် ၁၈ မှတ်အထိ ရရှိလာပြီဖြစ်သည်။ ပြိုင်ဘက် ဝက်ဖို့ဒ်အသင်းက ပွဲစဉ် (၈) အပြီး  ခုနစ်မှတ်သာ   ရရှိထားသည်။ 

 


လက်စတာနှင့် မန်ယူပွဲတွင် လက်စတာတို့  မန်ယူကို  လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ယူခဲ့သည်။ ပွဲချိန် ၁၉ မိနစ်တွင် ဂရင်းဝုဒ်က မန်ယူ အတွက် အဖွင့်ဂိုးသွင်းပြီး တိုင်လီမန်းက ၃၁ မိနစ်တွင် လက်စတာ အတွက် ချေပဂိုးသွင်းပေးသည်။ ဒုတိယပိုင်း ၇၈ မိနစ်တွင် ဆိုယွန်ကူက လက်စတာအတွက် ဒုတိယဂိုးသွင်းယူသော်လည်း  ရက်ဖို့ဒ်က ၈၂ မိနစ် တွင် ချေပဂိုးပြန်သွင်းပေးသည်။

 


သို့သော် မန်ယူတို့ နောက်တန်းအားနည်းချက်ကြောင့် ၈၃ မိနစ်တွင် ဗာဒီက တတိယဂိုးနှင့် ပွဲချိန်ပြီးခါနီးတွင် ဒါကာက စတုတ္ထဂိုး သွင်းယူ ပေးကာ ပွဲအပြီး လေးဂိုး-နှစ်ဂိုးဖြင့် လက်စတာတို့ နိုင်ပွဲရခဲ့သည်။ ပွဲစဉ် (၈) အပြီး မန်ယူက ၁၄ မှတ်ရရှိကာ လက်စတာက ၁၁ မှတ် ရရှိထား သည်။
အခြားပွဲစဉ်များတွင်  ဗီလာနှင့် ဝုဖ်  နှစ်ဂိုးစီ  သရေ၊  နော့ဝှစ်နှင့် ဘရိုက်တန် ဂိုးမရှိသရေဖြစ်ခဲ့ပြီး မန်စီးတီးက ဘန်လေကို နှစ်ဂိုး-ဂိုး မရှိဖြင့် အနိုင်ရသည်။
                          

အောင်ဇော်