
နေပြည်တော် အောက်တိုဘာ ၂၂
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ ပြည်သူ့ဆေးရုံရှိ တပ်မတော်သားဆရာဝန်များ၊ သူနာပြုများ၊ ပြည်သူ့ဆေးရုံမှ ကျန်းမာ ရေးဝန်ထမ်းများကို တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေး စကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် PPE ဝတ်စုံများ၊ Mask များ၊ လက်သန့်ဆေးရည်များ၊ ခွဲစိတ်ခန်းသုံးမျက်မှန် များ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော်အနေ ဖြင့်လည်း တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့်မြို့၌ တစ်ရက်လျှင် အောက်ဆီဂျင် လီတာ ၄၀ ဝင်အိုး ၁၀၀ ထွက်ရှိသည့် အောက်ဆီဂျင်ထုတ်လုပ်သည့်စက် စမ်းသပ်လည်ပတ်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်