
အမျိုးသမီးတိုက်လေသူရဲများအဖြစ် လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ခြင်းသည်
တပ်မတော် (လေ)၏ သမိုင်းစာမျက်နှာသစ်တစ်ခုကို ထပ်မံဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်
========================================================
နေပြည်တော် ဇန်နဝါရီ ၆
တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၃) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် တက်ရောက်မိန့်ခွန်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ ဗိုလ်ချုပ် မြင့်ကျော်ထွန်း၊ တပ်မတော်(လေ)မှ အရာရှိကြီး များ၊ မိတ္ထီလာတပ်နယ်မှ အရာရှိ ကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြ ကွင်းအတွင်း ချီတက်နေရာယူ ကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်သည် ကျောင်းဆင်း တပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူ၍ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေးသည်။ ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ်(လေ)အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက် အလေးပြုကြသည်။
လေသူရဲတောင်ပံများ အပ်နှင်း
ယင်းသို့ တပ်ခွဲများက အနှေးလျှောက်၊ အမြန် လျှောက်ဖြင့် ချီတက်အလေးပြုကြစဉ် နည်းပြ လေသူရဲများက အမောင်းသင်ရဟတ်ယာဉ်များနှင့် အမောင်းသင်လေယာဉ်များဖြင့် အုပ်ဖွဲ့ပျံသန်း၍ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား အလေးပြုကြသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က ကျောင်းဆင်းအရာရှိများအား လေသူရဲတောင်ပံများကို တစ်ဦးချင်း အပ်နှင်းသည်။
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က လေယာဉ်မောင်း သင်တန်းအမှတ်စဉ် (၈၃)မှ စံပြလေသူရဲဆုရ လေ ၄၃၅၄ ဗိုလ်ဟိန်းမြတ်အောင်၊ လေယာဉ်မောင်း ထူးချွန်ဆုရ လေ ၄၃၅၃ ဗိုလ်ဝေယံထက်၊ စာပေ ထူးချွန်ဆုရ လေ ၄၃၉၅ ဗိုလ်ဒေါ်လဲ့ဝေအောင်တို့ အား ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်စား ကာကွယ် ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် လေယာဉ် မောင်းသင်တန်းတွင် သင်တန်းကာလတစ်လျှောက် အပြင်းအထန် ကြိုးစားလေ့ကျင့် သင်ကြား တတ်မြောက်ခဲ့ကြပြီးဖြစ်သည့်အတွက် လေသူရဲ တောင်ပံ အပ်နှင်းခြင်းခံရကာ တပ်မတော်(လေ)၏ လေသူရဲဘဝကို စတင်ဖြတ်သန်းကြရတော့မည် ဖြစ်ကြောင်း၊ လေသူရဲတောင်ပံ အပ်နှင်းခံရခြင်း သည် လေသူရဲတစ်ဦးအဖြစ် သတ်မှတ်ခြင်းဟူသည့် မှတ်တိုင်တစ်ခုမျှသာဖြစ်ပြီး နိုင်ငံတော်မှ ပေးအပ် သည့် ပျံသန်းရေးတာဝန်များကို စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်နှင့် ရည်မှန်းချက်တာဝန်ကို ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်(လေ)၏ ကောင်းမြတ်သည့်အစဉ်အလာ ကို ထိန်းသိမ်းစောင့်ရှောက်လျက် ပျံသန်းမှုအတတ် ပညာကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လေ့လာခြင်း၊ လက်ဆင့်ကမ်းဝေမျှခြင်းဟူသည့် လေသူရဲတစ်ဦး၏ တာဝန်ဝတ္တရားများကိုလည်း အထူးကျေပွန်အောင် ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
ပျံသန်းရေးတာဝန် ထမ်းဆောင်နေကြသည့် လေသူရဲများအနေဖြင့် သိရှိလိုက်နာကျင့်သုံးရမည့် လေကြောင်းပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာနေကြရမည်ဖြစ်ပြီး အရည်အချင်း၊ အရည် အသွေးပြည့်ဝသည့် လေသူရဲကောင်းများအဖြစ် ပေးအပ်သည့် စစ်ဆင်ရေး၊ လေ့ကျင့်ရေးတာဝန်များ ပြီးမြောက်အောင်မြင်အောင် ပျံသန်းထမ်းရွက်နိုင်ရန် အမြဲတိုးတက်ပြောင်းလဲနေသည့် နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး ဆတက်ထမ်းပိုး ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလို ကြောင်း။
အမျိုးသမီးလေသူရဲ စုစုပေါင်း ၂၀
တပ်မတော်(လေ)အနေဖြင့် မျိုးဆက်သစ် လေသူရဲများကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးရာ တွင် လေယာဉ်မောင်း သင်တန်းအမှတ်စဉ်(၇၉)အထိ အမျိုးသားလေသူရဲများကိုသာ လေ့ကျင့်သင်ကြား ပေးရာမှ လေယာဉ်မောင်းသင်တန်း အမှတ်စဉ် (၈၀)မှစတင်၍ အမျိုးသမီးလေသူရဲများကိုပါ လေ့ကျင့် သင်ကြားပေးခဲ့ရာ ယခုလေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၃) အထိ အမျိုးသမီးလေသူရဲ စုစုပေါင်း ၂၀ အထိ အောင်မြင်စွာ လေ့ကျင့်သင်ကြား မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ လေယာဉ်မောင်း သင်တန်းကို အောင်မြင်စွာ တက်ရောက်ခဲ့ကြသည့် အမျိုးသမီး လေသူရဲများသည် တာဝန်ကျရာ ပျံသန်း ရေးအုပ်များတွင် ပျံသန်းရေးဆိုင်ရာ လေ့ကျင့်ရေးနှင့် စစ်ဆင်ရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင် လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။
ယခုသင်တန်းဆင်းမည့် လေယာဉ်မောင်း သင်တန်း အမှတ်စဉ်(၈၃) တွင် ထူးခြားချက်အနေဖြင့် တိုက်ခိုက်ရေး လေယာဉ်မောင်းနှင်မည့် အမျိုးသမီး တိုက်လေသူရဲ နှစ်ဦးဖြစ်သည့် ဗိုလ်ဒေါ်ဝါဝါမော်နှင့် ဗိုလ်ဒေါ်လဲ့ဝေအောင်တို့ကို အောင်မြင်စွာ သင်ကြား ပေးနိုင်ခဲ့သည့်အတွက် တပ်မတော်(လေ)၏ ပထမဆုံး အမျိုးသမီးတိုက်လေသူရဲများအဖြစ် ပျံသန်းရေးတာဝန်များကို စတင်ထမ်းဆောင်နိုင် တော့မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အမျိုးသမီး တိုက်လေသူရဲများအဖြစ် လေ့ကျင့်မွေးထုတ်ပေးနိုင် ခဲ့ခြင်းသည် တပ်မတော်(လေ)အတွက်သာမက တပ်မတော်တစ်ရပ်လုံးအတွက်ပါ မှတ်တမ်းတင် ဂုဏ်ယူရမည်ဖြစ်ပြီး တပ်မတော် (လေ)၏ သမိုင်းစာ မျက်နှာသစ်တစ်ခုကို ထပ်မံဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်ကြောင်း၊ အမျိုးသမီးလေသူရဲများအနေဖြင့် မိမိတို့၏ အောင်မြင်မှုနှင့် တာဝန်ပေးအပ်ခြင်းခံရမှု အတွက် ဂုဏ်ယူတတ်ရန်လိုသကဲ့သို့ ပေးအပ်လာ သည့် တာဝန်များကို အမျိုးသားလေသူရဲများနှင့် တန်းတူရင်ပေါင်တန်း ကျေပွန်စွာထမ်းဆောင်ကြ ရန် အလေးအနက်ထား မှာကြားလိုကြောင်း။
ယနေ့ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအများစုကို ကူးစက်ပြန့်ပွားလျက်ရှိကြောင်း၊ “တိုင်းရင်းသား ပြည်သူလူထုရဲ့ ကျန်းမာရေးထက် အရေးကြီးတာ မရှိ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွေမှာ ဘာကန့်သတ်ချက်မှမထားရှိဘဲ ရှိသမျှသော လူစွမ်းအား၊ ပစ္စည်းစွမ်းအား၊ ဉာဏစွမ်းအားတွေနဲ့ စုပေါင်းကာကွယ်ကြရမယ်” ဟူသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ မူဝါဒလမ်းညွှန်ချက်နှင့် အညီ ကိုဗစ်-၁၉ ကပ်ရောဂါကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ပြည်သူလူထုအားလုံး ပူးပေါင်း ပါဝင်တိုက်ထုတ်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရ၊ ပြည်သူလူထု၊ တပ်မတော်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး လက်တွဲပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ် များတွင် စုပေါင်းညီညွတ်စွာ ရင်ဆိုင်ကျော်လွှားလျက် ရှိသကဲ့သို့ မိမိတို့တပ်မတော်(လေ)အနေဖြင့် တာဝန်ကျရာ အခန်းကဏ္ဍမှ တက်ကြွစွာပါဝင်လှုပ်ရှား ဆောင်ရွက်လျက်ရှိကြောင်း။
တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူ တို့၏ လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တပ်မတော်(လေ)အနေဖြင့် ပေးအပ်လာသည့်တာဝန်များကို ဦးလည် မသုန် ပါဝင်ထမ်းဆောင်လျက်ရှိပြီး ပျံသန်းရေး အပြင် အထက်ကပေးအပ်လာသည့် တာဝန်၊ အမိန့် နှင့်ညွှန်ကြားချက်များအပေါ် ကျေပွန်စွာ ထမ်းဆောင် ကြရန်နှင့် တိကျစွာလိုက်နာသွားကြရန် အလေး အနက်ထား မှာကြားလိုကြောင်း ပြောကြားသည်။
ယနေ့ လေသူရဲတောင်ပံအပ်နှင်းခြင်းခံရသူ ကျောင်းဆင်းအရာရှိများအနေဖြင့် သက်ဆိုင်ရာ လေယာဉ်/ ရဟတ်ယာဉ် အမျိုးအစားအလိုက် အဆင့်မြင့် သင်တန်းများ ဆက်လက်တက်ရောက်ရ မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်