နေပြည်တော် ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ကြီးမှူးကျင်းပသော အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲအောင်ပွဲနှင့် ရေစက်ချ မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ်ရှိ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင် ချမ်းသာကြီးတန်ဆောင်း ၌ ပြုလုပ်ရာ ဗဟန်းမြို့နယ်ရှိ ပါဠိတက္ကသိုလ် ညောင်တုန်း ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် တိပိဋကဩဝါဒါစရိယ စေတိယင်္ဂဏပဝရ သီရိမဟာဓမ္မ ဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ သ. စ . အ ဓမ္မာ စရိယ (ဝဋံသကာ) ပါဠိပါရဂူ လှရတနာဆရာတော် ဘဒ္ဒန္တ နာရဒါ ဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော် မူကြပြီး တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွှေတိဂုံစေတီ တော် ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ဝင်များနှင့် ဧည့်ပရိသတ် များ တက်ရောက်ပူဇော်ကြသည်။
ဦးစွာ သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ပြီး အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ပါဠိတက္ကသိုလ် ညောင်တုန်း ကျောင်းတိုက်၏ ပဓာန နာယက ဆရာတော်ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြ ကာ သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြပြီး ဆရာတော်ထံမှ အနုမော ဒနာတရား နာကြားကာ ရေစက် သွန်းချ အမျှပေးဝေကြသည်။
အဆိုပါ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဇွန် ၁ ရက်မှ ယနေ့အထိ ငါးရက်တိုင် ရွတ်ဖတ် ပူဇော်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



