
ရန်ကုန် ဒီဇင်ဘာ ၁၉
လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်လျှပ်စစ်မီး အဆင့်မြှင့်ထွန်းညှိပူဇော် ခြင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီခွဲ တွင် ရွှေတိဂုံစေတီတော်ရင်ပြင် မြောက်ဘက် ချမ်းသာကြီးတန်ဆောင်းအနီး အောင်မြေ၌ ကျင်းပ သည်။
တက်ရောက်
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကို နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးတို့က ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့် လျှပ်စစ်မီး အဆင့်မြှင့်ထွန်းညှိပူဇော်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်လျှပ်စစ်မီး အဆင့်မြှင့်ထွန်းညှိပူဇော် ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဦးအောင်သန်းဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကောင်မရှင်ဥက္ကဋ္ဌ ဦးတင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးနှင့် တာဝန်ရှိသူများက လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့် လျှပ်စစ်မီး အဆင့်မြှင့်ထွန်းညှိပူဇော် ထားရှိမှုကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန် ရှိသူများသည် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော် မြတ်ကြီးအား လျှပ်စစ်မီးအဆင့်မြှင့်ထွန်းညှိထားမှု ကို လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။
ယခင်က ရွှေတိဂုံစေတီတော်လုံးတော်ပြည့် မီးသုံးစွဲမှုပမာဏမှာ တစ်ရက်လျှင် ၁၃၅၉ Units (Kwhr) သုံးစွဲလျက်ရှိရာမှ လုပ်ငန်းများပြီးဆုံးချိန် တွင် မီးသုံးစွဲမှုပမာဏ ၇၇၃ Units (Kwhr)သို့ လျှော့ချနိုင်မည်ဖြစ်၍ ၅၈၆ Units (Kwhr) လျော့နည်း သွားသည့်အတွက် တစ်နှစ်လျှင် မီတာခ ကုန်ကျ ငွေကျပ် ၂၇၂ သိန်းကျော် သက်သာလာမည်ဖြစ်ပြီး စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့်အလင်းရောင် မှာလည်း ယခင်ကထက် သုံးဆပိုမိုကောင်းမွန်လာ မည်ဖြစ်သည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့် လျှပ်စစ်မီး အဆင့်မြှင့်ထွန်းညှိပူဇော်ခြင်းလုပ်ငန်း တစ်ရပ်လုံးအား Lighting Specialist Co., Ltd (Krislite) ကုမ္ပဏီမှ လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ လုပ်ငန်းတစ်ရပ်လုံး ၉၅ ရာခိုင်နှုန်းပြီးစီးချိန်တွင် နောင်တော်ကြီးစေတီ လျှပ်စစ်မီးအလင်းရောင်မှာ မှေးမှိန်နေသဖြင့် ထွန်းညှိပူဇော်နိုင်ရန် မီးတိုင်လေးတိုင် ဖြင့် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ကို High Power (35.7W) LED Flood Light လေးလုံး၊ ထီးတော်နှင့် ပန်းစွဲအထိ High Power (460 W) LED Flood Light လေးလုံး၊ ခေါင်းလောင်းအောက် အရံစေတီ ဖိနပ်တော်နှင့် ရင်ပြင်တော်တို့တွင် High Power (380W) LED Flood Light လေးလုံးတို့ကို တပ်ဆင်ခဲ့ပြီး လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်း ပြီးစီးအောင်မြင်ပြီဖြစ်၍ နတ်တော်လပြည့်နေ့ အခါသမယတွင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်