
ထရီပိုလီ စက်တင်ဘာ ၁၄
လစ်ဗျားနိုင်ငံရှိပြည်သူများသည် နိုင်ငံအရှေ့ပိုင်းရှိ ရေကြီးမှုဒဏ်ခံစားခဲ့ရသော ဒေသသို့ကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင်ပေးနိုင်ရေးရုန်းကန်နေရသည်။
ပြင်းထန်သည့်ရေစီးကြောင့် လမ်းများပျက်စီး ခဲ့ရာ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့နိုင်ရေး အခက်ကြုံနေရသည်။ စက်တင်ဘာ ၁၁ ရက်က မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပေါ်ခဲ့ပြီး ဆည်နှစ်ခု မှရေများ ဒါနာမြို့သို့စီးဆင်းသွားခဲ့သည်။ ထို့နောက် အဆိုပါမြို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ အဆောက်အအုံများ ပျက်စီးခဲ့ရသည်။
ရေကြီးမှုကြောင့် လူပေါင်း ၅၀၀၀ ကျော် အသက် ဆုံးရှုံးခဲ့ရပြီး ထောင်နှင့်ချီ၍ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု လစ်ဗျားပြည်တွင်းမီဒီယာများတွင်ဖော်ပြသည်။ ဒါနာမြို့မှ လူပေါင်း ၃၀၀၀၀ မှာ ၎င်းတို့ ၏ နေအိမ်များဆုံးရှုံးနိုင်သည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ လစ်ဗျားနိုင်ငံရှိ အခြားသောမြို့ များနှင့် အာရပ်နိုင်ငံများက ဆေးဘက်ဆိုင်ရာနှင့် အခြားသောထောက်ပံ့ရေးပစ္စည်းများ ပေးပို့ကြ သည်။ သို့သော်လည်း ဒါနာမြို့သို့သွားသည့် လမ်းများမှာပျက်စီးနေပြီး ဖြတ်သန်းသွားလာရန် မဖြစ်သည့်အတွက် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့နိုင်ရေး အခက်ကြုံနေရသည်ဟု ပြည်တွင်း မီဒီယာများတွင် ဖော်ပြထားသည်။
ဒါနာမြို့ မြို့လယ်ကောင်ရှိ အဆောက်အအုံ အပျက်အစီးများအောက်တွင် လူသေလောင်းများ ရှိနိုင်သေးသည်ဟု မြို့ခံလူများက ပြောသည်။ စက်ယန္တရားကြီးများမှာလည်း ရေကြီးမှုကြောင့် မျောပါသွားသဖြင့် အသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ရန် အပျက်အစီးများ ဖယ်ရှားမည့်လုပ်ငန်း စဉ်များ နှောင့်နှေးကြန့်ကြာနေရသည်။
အင်န်အိတ်ချ်ကေ