
လားရှိုး ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ဒေသခံ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက အမှာစကားပြောကြားရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက တစ်နိုင်ငံလုံးမှာရှိသည့် ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်း စီမံချက်ကို နိုင်ငံတော်စီမံချက်အဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ပန်းခင်းစီမံချက်သည် နိုင်ငံတော်စီမံချက်ဖြစ်သလို ပြည်သူများ၏ အမှန် လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြစ်၍ ပြည်သူ့အကျိုးပြုစီမံချက်လည်းဖြစ်ပါကြောင်း၊ ယနေ့တွင် လားရှိုးခရိုင်အတွင်း လားရှိုး၊ သိန်းနီ၊ တန့်ယန်း၊ မိုင်းရယ်၊ ကွမ်းလုံမြို့နယ်များမှ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ၄၀၉၁ ကတ်အား လက်ဝယ်အရောက် ပေးအပ်ခြင်းဖြစ်သည့်အပြင် ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်မှုအား ငါးကြိမ်ပေးအပ်ရာတွင် စုစုပေါင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား ၁၂၀၇၈ ကတ်ကို ဆောင်ရွက်ပေးနိုင်ခဲ့ ပြီးဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် တာဝန်ရှိသူများက လားရှိုးခရိုင် အတွင်းမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ပြည်သူ များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ် ရာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဝေဖြိုးလေး(ပြန်/ဆက်)