လာမည့်နွေရာသီတွင် လှော်ကားရေလှောင်ကန်မှတစ်ဆင့် ရန်ကုန်မြို့နေပြည်သူများအား သောက်သုံးရေဖူလုံစွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ

 

ရန်ကုန်  စက်တင်ဘာ  ၂၉


လှိုင်မြစ်- လှော်ကား ရေအားဖြည့်စီမံကိန်းသည် ရန်ကုန်မြို့နေပြည်သူများသို့ အဓိက သောက်သုံးရေ ပေးဝေလျက်ရှိသည့် လှော်ကားရေလှောင်ကန်ကြီးကို ရေသိုလှောင်မှုပမာဏ  မလျော့ကျစေရေးအတွက် မှော်ဘီမြို့နယ်  ကန်ကလေး လျှပ်စစ်မြစ်ရေတင် PS1 နှင့် PS2 မှ လှိုင်မြစ်ရေကို ရယူပြီး ဖူးကြီးရေလှောင် ကန်မှ  လှော်ကားရေလှောင်ကန်သို့  ရေဖြည့်တင်းလျက်ရှိသည့်  အချင်း ၆၀ လက်မရှိ  သံဖြူကွန်ကရစ် ရေပို့ပိုက်လိုင်းသို့ 1600mm HDPE  ပိုက်ကို ချိတ်ဆက်၍ လှော်ကားရေလှောင်ကန်သို့တစ်နေ့လျှင် ရေဂါလန် သန်း ၆၀  ဖြည့်တင်းပေးမည့် စီမံကိန်းဖြစ်ပြီး စီမံကိန်းအား ၂၀၂၁ ခုနှစ် မေလမှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် မတ်လကုန်တွင်ပြီးစီးရန် လျာထားသော်လည်း မတ်လတွင် ရေအားစတင်ဖြည့်ပေးနိုင်ရေးအတွက် ဖေဖော်ဝါရီလအတွင်း လုပ်ငန်းများပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


 ယခုအခါ  အင်ဂျင်နီယာဌာန  (ရေနှင့် သန့်ရှင်း မှု)မှ ဆောင်ရွက်နေသော အကျယ်အဝန်း ၅၆၀၁၈၂ စတုရန်းပေနှင့်   အနက် ၁၀ ပေရှိ    မြေသားအကြို အနည်ထိုင်ကန် တည်ဆောက်ခြင်း  ၁၀၀ ရာခိုင်နှုန်း၊  1600 mm  HDPE  ပိုက်လိုင်းအရှည် ၃  ဒသမ ၂  မိုင် ဆက်သွယ်ခြင်းလုပ်ငန်း   ၅၀ ရာခိုင်နှုန်း၊  ရေတွန်း စက်ရုံနှင့် ရေယူအဆောက်အအုံ၊ ရေယူဂိတ်တံခါးများ တည်ဆောက်ခြင်း ၄၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ဆောင်ရွက်နေသော  လှိုင်မြစ် ဘေး   ကန်ကလေး   လျှပ်စစ်မြစ်ရေတင်   ရေယူ အဆောက်အအုံမှ မြေသားမြောင်း အရှည် ၅ ဒသမ ၅ မိုင် တူးဖော်ခြင်းလုပ်ငန်း ၆၅ ရာခိုင်နှုန်း၊   ပင်မ ရေငြိမ်ကန်ပြုပြင်ခြင်း၊ မြောင်းခွဲအဆောက်အအုံ ခြောက်ခု၊ ကားလမ်းကူးတံတား ကိုးစင်း၊ တိုက်ရိုက် ရေထုတ်ပေါက် ငါးခု၊ ရေဆိုးထုတ်အဆောက်အအုံ ရှစ်ခု၊ ရေထိန်းအဆောက်အအုံ ငါးခု၊ ရေပိုလွှဲ လေးခု၊ မြောင်းဆုံးအဆောက်အအုံ တစ်ခု၊   မြေသားမြောင်း များ ကွန်ကရစ်လိုင်နင်စီခြင်း ပေ  ၁၀၀၀၊  အကြို တည်ဆောက်ခြင်းလုပ်ငန်းများ၊    အထောက်အကူပြု လုပ်ငန်းများ၊ တူးမြောင်းမြေယာ ၁၄၅ ဧက ကရုဏာ ကြေးပေးချေခြင်း၊ စက်ယန္တရားများသယ်ပို့ခြင်း ၆၅ ရာခိုင်နှုန်း၊ ၃၀ လက်မ MS မြစ်ရေတင်   ပိုက်လိုင်း  နှစ်လိုင်းသွယ်တန်းခြင်းလုပ်ငန်း   ၃၅  ရာခိုင်နှုန်း၊ လှိုင်မြစ်ရေတင်နေရာတွင် 3.3/0.4V Power & LT Line Installation ၂၀ ရာခိုင်နှုန်း၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ     ဆောင်ရွက် နေသော ဓာတ်အားခွဲရုံ အဆောက်အအုံနှင့် မြို့ပြ ဆိုင်ရာလုပ်ငန်း ၆၀ ရာခိုင်နှုန်း၊  လှိုင်မြစ်ရေတင် နေရာမှ ရေတွန်းစက်ဓာတ်အားခွဲရုံနှင့် ကန်ကလေး လျှပ်စစ်ရေတင်လုပ်ငန်း ဓာတ်အားခွဲရုံများသို့ 33KV ဓာတ်အားလိုင်း  နှစ်လိုင်း  တည်ဆောက်ခြင်း ၇၈ ရာခိုင်နှုန်း၊  ဆက်စပ်မြေအောက်   ဓာတ်ကြိုးများချ မြှုပ်ခြင်းလုပ်ငန်း ၁၅ ရာခိုင်နှုန်း၊ 33/6.6KV, 4MVA ရေတွန်းစက် ဓာတ်အားခွဲရုံနှင့် 33/3.3KV, 2.5MVA ကန်ကလေးလျှပ်စစ်မြစ်ရေတင် ဓာတ်အားခွဲရုံ  တည် ဆောက်ခြင်း လုပ်ငန်း ၅၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ် ကြောင်းနှင့် ယခုစီမံကိန်းပြီးစီးပါက လာမည့်နွေရာသီ တွင် လှော်ကား ရေလှောင်ကန်မှတစ်ဆင့် ရန်ကုန်မြို့ ကို သောက်သုံးရေဖူလုံစွာ    ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။     


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် ဒေါက်တာဇော်ဝင်းသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီက မှော်ဘီမြို့နယ် ဆန်စပါးသုတေသနဌာန မြေနေရာ ဝင်းအတွင်း လှိုင်မြစ် - လှော်ကား ရေအားဖြည့်စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုများကို  သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


ထို့နောက် ကော်မတီဝင်နှင့်အဖွဲ့သည် စီမံကိန်း လုပ်ငန်းခွင်အတွင်း ရေတွန်းစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း၊ အနည်ထိုင်ကန် တူးဖော်ခြင်းလုပ်ငန်းနှင့် ပြည်လမ်းတစ်လျှောက်  1600mm HDPE   ပိုက်  ဆက်သွယ်ခြင်းလုပ်ငန်းများကို   လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။            

          
သတင်းစဉ်