
ဗီယင်ကျန်း စက်တင်ဘာ ၁၉
လာအိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူအရေအတွက် မြင့်တက်လာသည့် အတွက် မြို့တော်ဗီယင်ကျန်းသို့ ခရီးသွား လာမှုအားလုံးကို ပိတ်ပင်ခြင်းအပါအဝင် မြို့တော်အတွင်းရှိ အဓိကခရိုင်လေးခုတို့၌ ခရီးသွားလာမှုကန့်သတ်ချက်များကိုလည်း ယနေ့မှစ၍ စက်တင်ဘာ ၃၀ ရက်အထိ ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အဓိကခရိုင်လေးခုမှာ ချန်သာ ဘောင်ရီ၊ ဆီဆက်တန်နက်ခ်၊ ဆစ်ခိုတာ ဘောင်နှင့် ဆေဆက်သာတို့ဖြစ်သည်။ထို့ပြင် မြို့တော်ဗီယင်ကျန်းရှိ ဆေဆက်သာ၊ ဟက်ဆေဖောင်နှင့် နာဆေသောင်ခရိုင်သုံးခု ကိုလည်း ခရီးသွားလာခွင့်ပိတ်ပင်ထား ကြောင်း သိရသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၆၇ ဦးစစ်ဆေးတွေ့ရှိ ခဲ့ပြီးနောက် အဆိုပါခရီးသွားလာမှုကန့်သတ် ချက်များကို ချမှတ်ခဲ့ခြင်းဖြစ်သည်။
ရောဂါထပ်မံကူးစက်ခံရသူများအနက် ၃၈၄ ဦးသည် ဒေသတွင်း ကူးစက်ခံရသူများ ဖြစ်သည်။ ယင်းတို့အနက် ၂၆၅ ဦးသည် မြို့တော်ဗီယင်ကျန်းမှဖြစ်သည်။ အဆိုပါရောဂါကူးစက်ခံရသူအရေအတွက်သည် မြို့တော်ဗီယင်ကျန်း၌ နေ့စဉ်ကူးစက်မှု အရေအတွက် အများဆုံးဖြစ်သည်။
ဒေသတွင်းကူးစက်ခံရသူ အရေအတွက် ၏ ၉၀ ရာခိုင်နှုန်းကျော်သည် ချန်သာဘောင်ရီ ခရိုင်ရှိ အထည်ချုပ်စက်ရုံ၌ ရောဂါပိုးတွေ့ရှိမှု နှင့် ဆက်စပ်သူများဖြစ်သည်။
အဆိုပါစက်ရုံ၏ အလုပ်သမား ၁၀၀၀ ကျော်အနက် ၂၆၀ တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း ယမန်နေ့က စစ်ဆေးတွေ့ရှိခဲ့သည်။
လက်ရှိအချိန်အထိ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၈၈၁၄ ဦး ရှိပြီး သေဆုံးသူ ၁၆ ဦးရှိသည်။ လက်ရှိပိုး တွေ့ဆဲလူနာ ၃၆၆၅ ဦးရှိကြောင်း သိရ သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်