
လင်းဟန်သစ်
ထိုင်းနိုင်ငံတစ်ဝန်း ဒယ်လ်တာ ကိုဗစ်-၁၉ အသွင်ပြောင်းမျိုးစိတ် သစ်လျင်မြန်စွာ ကူးစက်ပျံ့နှံ့လျက်ရှိချိန်မှာ နောက်ထပ် ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၅၇ ဦးထပ်တိုးလာခဲ့ပြီးတော့ ၅၄၂ဝ ထပ်မံကူးစက် ပျံ့နှံ့ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ အရေအတွက်ဟာ ၂၉၄၆၅၃ ဦးအထိ ရောက်ရှိလာပြီဖြစ်သလို သေဆုံးသူဦးရေဟာလည်း ၂၃၃၃ ဦးအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါ တယ်။
အသစ်အသစ်သော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ ရှိနေ
ထပ်မံကူးစက်ဖြစ်ပွားသော ကိုဗစ်-၁၉ လူနာများအနက် ၅၃၈၃ ဦးမှာ ပုံမှန်လူမှုဘဝတွင် နေထိုင်ရှန်သန်ကြသူများဖြစ်ကာ ၃၇ ဦးမှာ အကျဉ်းသားများ ဖြစ်ကြပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကိုဗစ်-၁၉ သေဆုံးမှုတွေနဲ့ အသစ်အသစ်သော ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုတွေရှိနေတယ်လို့ ကိုဗစ်-၁၉ စီမံခန့်ခွဲရေးစင်တာကပြောကြားလိုက်ပါတယ်။
ထို့အတူ ထိုင်းနိုင်ငံကို ပြန်လာကြတဲ့ ဌာနေပြန်များဆီကလည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ တွေ့ရှိခဲ့တယ်လို့ ကိုဗစ်-၁၉ စီမံ ခန့်ခွဲရေးစင်တာ ကပြောကြားပါတယ်။ ထိုင်းနိုင်ငံမှာ ဇူလိုင်လကစပြီး နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၅ဝဝဝ ကျော်ရှိပါတယ်။ နေ့စဉ် သေဆုံးမှုတွေကလည်း ၅ဝ နီးပါးရှိပြီးတော့ ဇူလိုင် ၂ ရက်က ဆိုရင် ၆၁ ဦးတောင် သေဆုံးခဲ့ပါတယ်။
ဒယ်လ်တာကိုဗစ်-၁၉ ကိုသတိပြုရမယ်
ကိုဗစ်-၁၉ စီမံခန့်ခွဲရေးစင်တာကတော့ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဒယ်လ်တာအသွင်ပြောင်း ကိုဗစ်-၁၉ သတိပေးချက် ကို အတည်ပြုခဲ့ပါတယ်။ နိုင်ငံတစ်ဝန်း ဒယ်လ်တာကိုဗစ်-၁၉ အသွင်ပြောင်းမျိုးစိတ်သစ် လွှမ်းမိုးဖြစ်ပေါ်လာတာဟာ ကြောက်စရာ ကောင်းပါတယ်။
ဒယ်လ်တာကိုဗစ်-၁၉ အသွင်ပြောင်း မျိုးစိတ်သစ်ကို ပထမဆုံး အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ဒယ်လ်တာ အသွင်ပြောင်း မျိုးစိတ်သစ်ဟာ တခြား ကိုဗစ်-၁၉ ဗိုင်းရပ်စ်တွေထက် ပိုမိုကြောက်စရာ ကောင်းပြီး ပိုမိုကူးစက်မြန်ပါတယ်။
ကာကွယ်ဆေးနှစ်ကြိမ်ထိုးတားသည့်တိုင်
ပါးစပ်၊ နှာခေါင်းစည်းနှစ်ထပ်တပ်ရမယ်
ဇွန် ၂၈ ရက်မှ ဇူလိုင် ၂ ရက်အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ တွေရဲ့ ၅၂ ရာခိုင်နှုန်းလောက်ဟာ ဒီမျိုးစိတ်သစ်ကြောင့်ဖြစ်ပါတယ်။ ဒီပမာဏဟာ ဇွန် ၂၁ ရက်မှ ဇွန် ၂၇ ရက်အထိ ဖြစ်ပွားတဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအရေအတွက်ရဲ့ နှစ်ဆကျော် ဖြစ်ပါတယ်။
တခြားဒေသတွေလည်း ဘန်ကောက်လိုပဲ ပုံစံတူတွေပါပဲလို့ ကိုဗစ်-၁၉ စီမံခန့်ခွဲရေးစင်တာရဲ့ ဒေါက်တာတာဝီဆစ်က ပြောပါ တယ်။
ဒေါက်တာ တာဝီဆစ်က အသွင်ပြောင်း ဒယ်လ်တာကိုဗစ်-၁၉ အန္တရာယ်ကို တွန်းလှန်ဖယ်ရှားဖို့ ကာကွယ်ဆေးနှစ်ကြိမ်ထိုးထား သည့်တိုင် ပါးစပ်၊ နှာခေါင်းစည်း နှစ်ထပ်တပ်ကြဖို့ ပြည်သူတွေကို အကြံပြုတိုက်တွန်းထားပါတယ်။
အခြေအနေတွေကို အကောင်းဆုံး ချိန်ညှိလုပ်ဆောင်ရမယ်
မိမိတို့တွေအနေနဲ့ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိလုပ်ဆောင်ရမယ်လို့ သူက ပြောပါ တယ်။
ဒီလို ဆိုးရွားလာတဲ့ကပ်ရောဂါအခြေအနေကို အကောင်းဆုံး ထိန်းချုပ်နိုင်ဖို့ ထိုင်းအစိုးရဟာ ဖိုက်ဇာ၊ ဆီနိုဗက်၊ မော်ဒါနာအပါအဝင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထပ်မံဝယ်ယူဖို့ လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။
ထပ်မံမှာယူထားတဲ့ ကာကွယ်ဆေးတွေ ထိုးပေးမယ်
ထိုင်းအစိုးရဟာ အမေရိကန်ပြည်ထောင်စုက ဖိုက်ဇာကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၂ဝ ကို ထပ်မံဝယ်ယူဖို့တောင် အတည်ပြုခဲ့ပါပြီ။ ဖိုက်ဇာကိုဗစ်-၁၉ ကာကွယ်ဆေးကို အလုပ်မှာ လူနာတွေနဲ့ အမြဲမပြတ် ထိတွေ့နေရတဲ့ ဆေးဘက်ဆိုင်ရာအလုပ်သမားတွေကို ထိုးပေးဖို့ ထိုင်း အစိုးရက စီစဉ်လျက်ရှိပါတယ်။
နောက်ထပ် အမေရိကန်ပြည်ထောင်စုက မော်ဒါနာကိုဗစ်-၁၉ ကာကွယ်ဆေး ငါးသန်းနဲ့ တရုတ်နိုင်ငံက ဆီနိုဗက်ကိုဗစ်-၁၉ ကာကွယ် ဆေးတွေကို ထပ်မံဝယ်ယူဖို့လည်း ထိုင်းအစိုးရက အတည်ပြုခဲ့ပါ တယ်။
တတိယအကျော့ကို ထိန်းသိမ်းဖို့ အကောင်းဆုံးကြိုးစား
ထိုင်းနိုင်ငံဟာ ကိုဗစ်-၁၉ တတိယအကျော့ ကူးစက်ဖြစ်ပွား လာတာကို ထိန်းသိမ်းနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားလုပ်ဆောင် နေတာဖြင့် ဝမ်းသာစရာကောင်းလှပါတယ်။ ကိုဗစ်-၁၉ တတိယအကျော့ ဟာ ထိုင်းနိုင်ငံအတွက်တော့ အခုအချိန်ထိအဆိုးဆုံးလို့ ပြောရမှာပါ။
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးပမာဏ ၁၁ သန်းကျော် ထိုးပေးခဲ့ပြီး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လူဦးရေ သန်း ၇ဝ နီးပါးရဲ့ ၇ဝ ရာခိုင်နှုန်းကို ယခုနှစ်ကုန်မှာ ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ထိုင်း အစိုးရဟာ အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိပါတယ်။
မီးပုံကြားမှ ရုန်းထနိုင်မယ်လို့ ယုံကြည်
ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ကိုဗဟိုပြုပြီးဖြစ်ပေါ်လာတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေးဆိုင်ရာ အကျပ်အတည်းတွေဟာ ထိုင်း နိုင်ငံကို အခြေအနေဆိုးတွေဖြစ်ပေါ်စေပါတယ်။ အခုထိုင်းနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ အကျပ်အတည်းဟာ ၁၉၉၇-၁၉၉၈ မှာ ဖြစ်ပွားခဲ့တဲ့ တွမ်ရန်ကောင်စီးပွားရေးအကျပ်အတည်းထက် အများကြီးဆိုးပါတယ်။
သို့သော်လည်း ထိုင်းအစိုးရဟာ သူ့ရဲ့ ကိုယ်ပိုင်သယံဇာတတွေကို အားကိုးအားထားပြုရင်း နိုင်ငံကို မီးပုံကြားမှ ပြန်လည်ရုန်းထနိုင် အောင် ကြိုးစားနိုင်မယ်လို့ ယုံကြည်မိပါတယ်။ ။
ကိုးကား - ဘန်ကောက်ပို့စ်