
ဟာဗားနား စက်တင်ဘာ ၂၇
ကျူးဘားအစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အနည်းငယ်ကျဆင်းလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ယမန်နေ့မှစ၍ ဖြေလျှော့လိုက်ကြောင်း သိရသည်။
ကျူးဘားအစိုးရသည် နိုင်ငံအတွင်း ပြည်နယ် ၁၅ ခုရှိသည့် အနက် ပြည်နယ် ခုနစ်ခုရှိ စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင် များကို ပြည်သူများအတွက် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရန် နယ်စပ်ဒေသများ၌ ချမှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များကိုလည်း နိုဝင်ဘာ ၁၅ ရက်မှစ၍ နိုင်ငံခြားသားခရီးသည်များအတွက် ဖြေလျှော့ ပေးတော့မည်ဖြစ်ကြောင်း သိရသည်။
လတ်တလောအချိန်၌ ကျူးဘားနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံတကာခရီးသည်များသည် အစိုးရကသတ်မှတ်ထားသည့် စောင့်ကြည့်ရေးစင်တာများတွင် စောင့်ကြည့်မှုခံယူကြရန် လိုအပ်ကြောင်း သိရသည်။
ထို့အပြင် ကျူးဘားအစိုးရသည် နိုင်ငံ၏အနောက်ဘက် မာတန်ဇာ့စ်ပြည်နယ်ရှိ ကမ်းခြေများကိုလည်း ပြည်သူများ အတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
သို့သော် ကျူးဘားအစိုးရသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဆက်လက်ထိန်းချုပ်ရန် ညပိုင်းသွားလာလှုပ်ရှားမှုများကို ကန့်သတ်ထားဆဲဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်းရှိ နိုက်ကလပ် များ၊ အားကစားရုံများ၊ အားကစားအဆောက်အအုံများ၊ အပန်းဖြေဥယျာဉ်များနှင့် ယဉ်ကျေးမှုနေရာများကို ဆက်လက် ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ ကျူးဘားနိုင်ငံ၌ အသက် ၁၉ နှစ် အထက်ရှိပြည်သူ ၇၉ ရာခိုင်နှုန်းခန့်သည် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- ဂျေတီ