ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် ထိုင်းနှင့် ဂျပန်စာချုပ်

 

ဘန်ကောက်  မတ် ၂၃


စီးပွားရေးနယ်ပယ်တွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်  စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတို့    မြှင့်တင်ရန်အတွက်     ဂျပန်လုပ်ငန်းများအသင်း (Keidanren) နှင့် ထိုင်းနိုင်ငံ Joint   Standing Committee  on Commerce, Industry and Banking(JSCCIB)တို့ မတ် ၁၆ ရက်က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

 


ဂျပန်လုပ်ငန်းရှင်များက တရုတ်နိုင်ငံအတွင်းရှိ ၎င်းတို့၏ ထုတ်လုပ်မှု အခြေစိုက်များကို ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာမည်ဖြစ်ပြီး အထူးသဖြင့် ဇီဝလည်ပတ်ခြင်းနှင့်    အစိမ်းရောင်စီးပွားရေး    (bio-circular and green– BCG) နှင့် ကာဗွန်လျှော့ချရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။  

 


ထိုင်းနိုင်ငံ စက်မှုနှင့် JSCCIB အသင်း၏ ဥက္ကဋ္ဌက နှစ်ဖက်အဖွဲ့အစည်း အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းကောင်းများကို ပူးတွဲကော်မတီအစည်းအဝေးများမှတစ်ဆင့်   ရှာဖွေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် စီးပွားရေး၊  ကုန်သွယ်ရေးဆိုင်ရာ သတင်း အချက်အလက်များကို ပုံမှန်ဖလှယ်ကြမည်ဖြစ်သည်။

 


၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံမှ အကြီးတန်းအရာရှိများ    ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကြပြီး ၂၀၂၂ ခုနှစ် မေလတွင် ကျင်းပခဲ့သော Asia-Pacific Economic Cooperation အစည်းအဝေးသို့လည်း ဝန်ကြီးချုပ် Fumio Kishida ပါဝင်တက်ရောက်ခဲ့ပြီး   ဂျပန်ဝန်ကြီးချုပ်၏ ကိုးနှစ်အတွင်း ပထမဆုံး လာရောက်ခဲ့သော ခရီးစဉ်ဖြစ်သည်။ နှစ်ဖက် ခေါင်းဆောင်များ၏ ဆွေးနွေးချက်များအရ ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား မဟာဗျူဟာကျသော မိတ်ဖက်မှုဖြစ်ပြီး နယ်ပယ်များစွာတွင်  ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန် သဘောတူညီခဲ့သည်။

 


ထိုင်းနိုင်ငံစက်မှုလက်မှုအသင်း၏  ဒုတိယဥက္ကဋ္ဌဖြစ်သူ   Saroj Chayavivathul က နှစ်ဖက်အဖွဲ့များက လုပ်ငန်းနယ်ပယ်နှင့်  ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများ၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့်     ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကိုရှေးရှု၍  စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏   အရေးပါသော အကျိုးကျေးဇူးများကို ဆွေးနွေးခဲ့ကြကြောင်း ပြောကြားသည်။

 


ထိုင်းဘဏ်များအသင်း၏       အထွေထွေအတွင်းရေးမှူးဖြစ်သူ Kobsak Duangdee က BCG စီးပွားရေး၊ စွမ်းအင်စီမံခန့်ခွဲမှု၊ လျှပ်စစ် မော်တော်ကားရင်းနှီးမြှုပ်နှံမှု၊ ပို့ဆောင်ဆက်သွယ်ရေး  စီမံခန့်ခွဲမှုနှင့် ထုတ်လုပ်မှုချဲ့ထွင်ခြင်းအပါအဝင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားလုံး အကျုံးဝင်ကြောင်း  ပြောကြားသည်။

 


ထိုင်းနှင့် ဂျပန်နိုင်ငံတို့အကြား ဒစ်ဂျစ်တယ်နည်းဖြင့်    နိုင်ငံတကာ ကုန်သွယ်ရေးကို    မည်သို့မြှင့်တင်နိုင်မည်ကိုလည်း    နှစ်ဖက်လုံးက ဆွေးနွေးခဲ့ကြသည်။ 
 

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊