ကုန်စည်စီးဆင်းမှုမြန်ဆန်စေမည့် ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့ ဆက်သွယ်ထားသည့် သခွပ်မြစ်တံတားသစ် တည်ဆောက်မှုပြီးစီး

 

ရန်ကုန်   ဒီဇင်ဘာ    ၂၉


ရန်ကုန်တိုင်းဒေသကြီး    ဒလ မြို့နယ်နှင့် ကော့မှူးမြို့နယ်ချင်း ဆက်သွယ်ထားသော ဒလ-သခွပ်- လက်ခုပ်ကုန်း-   ကညင်းကုန်း လမ်းမကြီးပေါ်ရှိ သခွပ်မြစ် တံတားသစ်ကို       ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ဆောက် လုပ်ရေးဝန်ကြီးဌာန တံတားဦးစီး ဌာန   တည်ဆောက်ရေးအဖွဲ့-၃၊ တံတားအထူးအဖွဲ့(၁၁)မှ တာဝန် ယူ     တည်ဆောက်လျက်ရှိရာ လက်ရှိအချိန်တွင်          သခွပ်မြစ် တံတားသစ်မှာ   တည်ဆောက်မှု ပြီးစီးနေပြီဖြစ်ကြောင်း        သိရ သည်။ 

 


သခွပ်မြစ်တံတားသည် ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင်းကုန်းလမ်းမ ကြီးပေါ်တွင် တည်ရှိသော လမ်းပိုင်းဖြစ်ပြီး နေ့စဉ် မော်တော်ယာဉ်များ၊  ကုန်စည်များ သယ်ယူပို့ဆောင်မှုများပြားသော    အဓိကလမ်းမကြီး   တစ်ခုလည်း ဖြစ်သည်။  ယခင်  သခွပ်တံတားဟောင်းမှာ ၁၉၉၁ ခုနှစ် က စတင်တည်ဆောက်ထားမှုကြောင့် နှစ်ကာလကြာရှည်မှုနှင့်   တံတား  ကြံ့ခိုင်မှု  အားနည်းလာခြင်းကြောင့် အဆိုပါသခွပ်မြစ်တံတားသစ်    စီမံကိန်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင်   စတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ 

 


သခွပ်မြစ်တံတားသစ်မှာ အရှည် ၄၉၅ ပေ၊ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် ဝဲယာတစ်ဖက်လျှင် သုံးပေ ခြောက်လက်မ စုစုပေါင်း တံတားအကျယ်  ၃၁ ပေရှိပြီး   ရေလမ်းကင်းလွတ်အမြင့် နှစ်မီတာ၊ ရေလမ်းကင်းလွတ် အကျယ် ၂၉ ဒသမ ၂၆ မီတာ၊   တံတား အမျိုးအစားမှာ   သံကူကွန်ကရစ် သံမဏိရက်မ (အပေါ်ထည်)ဖြစ်သည်။ တံတားအောက်ထည်မှာ သံကူကွန်ကရစ် အချင်း ၁ ဒသမ ၀   မီတာ ဘိုးပိုင်ဖြင့် တည်ဆောက်ထားပြီး တံတားစီမံကိန်းတန်ဖိုး  စုစုပေါင်း ငွေကျပ် ၂၅၀၃ သန်း ကုန်ကျကြောင်း သိရသည်။

 


ယခုအခါ သခွပ်တံတားသစ်ကြီး တည်ဆောက်မှုမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ပြီး  ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ     ဒလမြို့နယ်၊    ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်များသို့   ဆက်သွယ်သွားလာ နိုင်မည်ဖြစ်သလို အများပြည်သူ   အားလပ်ရက်ရှည်ကာလများတွင်   ပြည်တွင်းခရီးသွားလာမှု   အပန်းဖြေအနားယူနိုင်သော လက်ခုပ်ကုန်း   ဆယ်အိမ်တန်းကမ်းခြေသို့     အလျင်အမြန်သွားလာနိုင်မည်ဖြစ်ရာ  လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်မှုနှင့်အတူ ‌ဒေသခံပြည်သူများ၏ ခရီးသွားလုပ်ငန်းများ၊ ကုန်စည်စီးဆင်းမှုလုပ်ငန်းများ၊ လူမှုစီးပွားဘဝ များကို များစွာအထောက်အကူပြုတော့မည်ဖြစ်ပေသည်။        

သုတ