
ဘားအံ အောက်တိုဘာ ၂၇
ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ် အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို အောက်တိုဘာ ၂၆ ရက် နံနက် ၈ နာရီက လှာကမြင် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ချုပ် ဦးစောမြင့်ဦးက ဘော်လီ ဘော အားကစားနည်းဖြင့် ကရင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင် ပေးနိုင်သူများ ဖြစ်ကြပါစေဟု ဆုမွန်ကောင်း တောင်းပေးပါ ကြောင်း၊ ကရင်ပြည်နယ်အတွင်း ဘော်လီဘော အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူ အများ စိတ်ပါဝင်စားမှု တိုးပွား လာစေရန်၊ ပြိုင်ပွဲများတွင် အဆင့်အတန်းမီမီဖြင့် အောင်မြင် မှုများရရှိနိုင်စေရန်နှင့် ကျန်းမာ ကြံ့ခိုင်သော လူငယ်မောင်/မယ် များ ဖြစ်လာစေရန် ယခုပြိုင်ပွဲအား ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ပြီး မြို့နယ်အသီးသီးမှ ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် ထိုရည်ရွယ်ချက်များကို ဝိုင်းဝန်း ကူညီ အကောင်အထည်ဖော် ဆောင်ပေးသွားရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ကိုယ်ရည်ကိုယ်သွေး၊ ကြံ့ခိုင်မှု၊ ဇွဲရှိမှု၊ နည်းစနစ်ပိုင်း၊ နည်းပရိယာယ်ပိုင်းများ တိုးတက် ဖွံ့ဖြိုးလာစေရန် စဉ်ဆက်မပြတ် လေ့လာလေ့ကျင့်နေရန် လိုအပ် ကြောင်း ပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အား ကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ ခဲ့ကြပြီး အဆိုပါပြိုင်ပွဲကို ပြည်နယ် အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ပြိုင်ပွဲဝင် အသင်းခုနစ်သင်း၊ အမျိုးသား၊ အမျိုးသမီး အားကစား သမား ၁၄၀ မှာ အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်ထိ ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ပြီး အဖွင့်ပွဲစဉ် အဖြစ် ဘားအံမြို့နယ် လက်ရွေး စင် ဘော်လီဘောအသင်းနှင့် ကော့ကရိတ်မြို့နယ် လက်ရွေးစင် ဘော်လီဘောအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ဘားအံမြို့နယ် လက်ရွေးစင်ဘော်လီဘောအသင်း က နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)