
ဘားအံ ဩဂုတ် ၂၉
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ဩဂုတ် ၂၈ ရက်က ကော့ကရိတ်မြို့နယ် အတွင်း သဘာဝဘေးကြောင့် မိုးစပါးသီးနှံ ပျက်စီး ဆုံးရှုံးသွားသော တောင်သူများအား အမြန်ဆုံး ပြန်လည်စိုက်ပျိုးကြရန် တိုက်တွန်းပြောကြားပြီး မျိုးစပါးနှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံ-အိန္ဒု-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ပေါ်ရှိ ကော့ကရိတ်မြို့နယ် (တံတားကျိုး) စုပေါင်း စစ်ဆေးရေးစခန်းတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများနှင့် ရှင်းလင်းဆောင်၌ တွေ့ဆုံ၍ ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စီးဆင်းနိုင်ရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ကြရန်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အမျိုးသားအဆင့် မဟာဗျူဟာနှင့် နည်းဗျူဟာအပေါ် လိုက်နာဆောင်ရွက်ကြရန်၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ အထူးလေးထား လိုက်နာဆောင်ရွက်ကြရန် မှာကြားပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ကော့ကရိတ်မြို့နယ်အတွင်း သဘာဝ ဘေးကြောင့် မိုးစပါးသီးနှံ ပျက်စီးဆုံးရှုံးသွားသော တောင်သူများအား မျိုးစပါးနှင့် မြေဩဇာထောက်ပံ့ ပေးအပ်ပွဲကို ကော့ကရိတ်မြို့ ဒေါနခန်းမ၌ ကျင်းပ ရာ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်း စိုက်ပျိုးပြီးမိုးစပါးများ ၁၀ ရက်မှ ၁၅ ရက်ခန့်အထိ ရေကြီးနစ်မြုပ်ခဲ့ပြီး ပြန်ပေါ်လာသည့်အခါ ဧက ၁၂၀၀၀ ခန့်ပျက်စီးခဲ့ပြီး ကော့ကရိတ်မြို့နယ်အနေ ဖြင့် ဧက ၃၆၀၀ ပျက်စီးခဲ့သည့်အတွက် အချိန်မီ ပြန်လည် စိုက်ပျိုးကြရန်လိုကြောင်း၊ ဒေသခံ တောင်သူများအနေဖြင့် သီးနှံအထွက်တိုးရေး၊ စားရေ ရိက္ခာဖူလုံပိုလျှံရေးနှင့် လယ်ယာကဏ္ဍ တိုးတက် မြင့်မားရေးအတွက် အားသွန်ခွန်စိုက် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများက တောင်သူများအား ဆင်းသုခ မျိုးစပါး တင်း ၄၀၀ နှင့် ယူရီးယားဓာတ်မြေ ဩဇာ အိတ် ၄၀၀ တို့ကို ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်သူများ အား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကော့ကရိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း တွင် တွဲဖက်ဖွင့်လှစ်ထားသော စက်မှု၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူ ၆၇ ဦးအား သွားရောက်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားပြီး ကျောင်းအုပ် ဆရာမကြီးထံ အထွေထွေအသုံးစရိတ် ငွေကျပ် ငါးသိန်းနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ကာ အဆိုပါကျောင်း၌ စာသင်ခန်း၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိ/မရှိ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ကော့ကရိတ်မြို့နယ်ရုံးမှ ကျောင်းသား ကျောင်းသူ များနှင့် ရပ်ကွက်နေပြည်သူများအား ကိုယ်ရေး အချက်အလက် (Biographic) နှင့် ဇီဝအချက်အလက် (Biometric) ကောက်ယူနေမှုတို့ကို လှည့်လည် ကြည့်ရှု အားပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ကော့ကရိတ်မြို့ လှိုင်ဝတံတား အရှည်ပေ ၃၀၀၊ လေးလမ်းသွား သံကူကွန်ကရစ်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေး ရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညို၊ တံတားအထူးအဖွဲ့(၁၄) မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝေဖြိုးတို့က တံတားလုပ်ငန်း ၈၃ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က ကော့ကရိတ် ခရိုင်တွင် လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက် ရှိသော နယ်မြေခံတပ်မတော် တပ်ရင်းတပ်ဖွဲ့များ အတွက် ငွေကျပ် ၁၀ သိန်းနှင့် ခေါက်ဆွဲခြောက်များ၊ ရဲတပ်ဖွဲ့ဝင်များအား ငွေကျပ် ငါးသိန်းနှင့် ခေါက်ဆွဲ ခြောက်များ၊ နယ်ခြားစောင့်တပ် (BGF) အတွက် ငွေကျပ် ငါးသိန်းနှင့် ခေါက်ဆွဲခြောက်များ၊ KNU/KNLA(PC) အတွက် ငွေကျပ် ငါးသိန်းနှင့် ခေါက်ဆွဲ ခြောက်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)