
ခရမ်းစိုးမြင့်
ကရင်ပြည်နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၅၆ ပေကျော်မှ ၃၇၁၇ ပေအထက်တွင် တည်ရှိသည်။ ပြည်နယ်အတွင်း တောင်ကုန်းတောင်တန်းနှင့် မြစ်ချောင်းများ ပေါများ၍ သစ်တောများ ဖုံးလွှမ်းနေပြီး မြေပြန့်လွင်ပြင် နည်းပါးသည်။ ဇွဲကပင်တောင် အပါအဝင် တောင်တန်းများရှိပြီး မြစ်ချောင်းများ ပေါများသည်။ မြစ်ချောင်းများသည် မြောက်မှ တောင်သို့ စီးဆင်းလျက်ရှိသည်။ ထင်ရှားသောမြစ်မှာ သောင်ရင်းမြစ်ဖြစ်ပြီး မြဝတီမြို့အနီးမှဖြတ်၍ တောင်မှမြောက်သို့ စီးဆင်းနေသည်။ ဂျိုင်းမြစ်မှာ ထူးခြားစွာ အရှေ့မှအနောက်သို့ စီးဆင်း၍ သံလွင်မြစ်အတွင်းသို့ စီးဝင်သွားသည်။ ဂျိုင်း၊ အတ္ထရံ၊ သောင်ရင်း စသော မြစ်တို့မှာ ရေချိုမြစ်များဖြစ်သောကြောင့် စိုက်ပျိုးရေနှင့် သောက်သုံးရေအဖြစ် အသုံးပြု၍ရသည်။ ပြည်နယ်၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၁၇၃၀ ကျော်ရှိပြီး လူဦးရေ ၁၇ သိန်းကျော်ရှိသည်။
လမ်းနှင့် တံတားလုပ်ငန်းများ
ကရင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်သော ပြည်ထောင်စုလမ်း ၁၄ လမ်းနှင့် ပြည်နယ်အစိုးရက စီမံခန့်ခွဲသည့်လမ်း ၃၃ လမ်း စုစုပေါင်း ၄၇ လမ်း ရှိပြီး စုစုပေါင်းလမ်းအရှည်မှာ ၁၂၈၂ မိုင်ကျော် ရှိသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်အထိ ရာသီ မရွေး သွားလာနိုင်သောလမ်း ၉၄၄ မိုင်ကျော်ရှိသဖြင့် ဆောင်ရွက်ရမည့်လမ်းမိုင်ပေါင်း၏ ၉၃ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့သည်ဟု သိရသည်။
တံတားများတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ပေ ၁၈၀ နှင့်အထက်တံတား ၄၅ စင်း၊ ပေ ၁၈၀ အောက်တံတား ၃၉ စင်း၊ ပေ ၅၀ နှင့်အထက် တံတား အစင်း ၁၃၀၊ Box & Pipe အပါအဝင် ၂၈၈၃ စင်း စုစုပေါင်း တံတား ၃၀၉၇ စင်းရှိရာ အမြဲတမ်း သံကူကွန်ကရစ်တံတားအဖြစ် ၃၀၂၉ စင်း ဆောင်ရွက် ပြီးစီး၍ ဆောင်ရွက်ရန် ၆၈ စင်း ကျန်ရှိသည်။
အိန္ဒု-ဇာသပြင်လမ်း
လမ်းများကဏ္ဍတွင် မော်လမြိုင်-ဇာသပြင်-အိန္ဒုလမ်း၏ ကရင်ပြည်နယ်အပိုင်း(အိန္ဒု-ဇာသပြင် လမ်း)ကို ၂၄ ပေအကျယ် ကတ္တရာကွန်ကရစ် (Asphalt concrete)လမ်းအဖြစ် အဆင့်မြှင့်တင် ခဲ့သည်။ အဆိုပါ အိန္ဒု-ဇာသပြင်လမ်းပိုင်းသည် ၁၂ ပေကျယ်၍ ၁၅ မိုင် ရှည်လျားပြီး ယခင် အေးကို ကုမ္ပဏီက BOT စနစ်ဖြင့် ဆောင်ရွက်ခဲ့ကာ နှစ်ကြာလာသည်နှင့်အမျှ လမ်းမှာ စတင်ပျက်ယွင်း လာသဖြင့် ကုမ္ပဏီက BOT စနစ်ဖြင့် တာဝန်ယူနိုင် ခြင်းမရှိတော့ဘဲ လမ်းဦးစီးဌာနသို့ ပြန်လည်လွှဲ ပြောင်းခဲ့ပြီး ထိုအချိန်တွင် လမ်း၏အခြေအနေမှာ ကတ္တရာလမ်းပျက်အဆင့်သို့ ရောက်ရှိနေခဲ့သည်။ လမ်းကိုအသုံးပြုနေသော ဒေသခံပြည်သူများက လည်း အမြန်ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆို လျက်ရှိ၍ ပြည်နယ်အစိုးရ၏ ညွှန်ကြားမှုဖြင့် အဆိုပါလမ်းပိုင်းတွင် ပထမဦးစားပေး အစီအစဉ် အနေဖြင့် ၂၄ ပေအကျယ် ကတ္တရာကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လိုကြောင်း လမ်း ဦးစီးဌာနက ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ တင်ပြ ရာ ပြည်ထောင်စုဝန်ကြီးက ကတ္တရာကွန်ကရစ် ခင်းရန်အတွက် လိုအပ်သော ကတ္တရာကွန်ကရစ် ဖျော်စက်၊ ခင်းစက်နှင့် ဆက်စပ်သော စက်၊ ယာဉ်၊ ယန္တရားများ၊ နည်းပညာများ ထောက်ပံ့ပေးခဲ့သည်။
အဆိုပါလမ်းကို ပြည်ထောင်စုအစိုးရ ခွင့်ပြု ရန်ပုံငွေကျပ်သန်း ၅၀၀ နှင့် ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၇၅၆၆ ဒသမ ၁၅၉ သန်း၊ စုစုပေါင်း ၈၀၆၆ ဒသမ ၁၅၉ သန်းဖြင့် ၁-၄-၂၀၁၆ ရက်မှစ၍ ၂၄ ပေအကျယ်အဖြစ် အဆင့်မြှင့်တင်ခဲ့ရာ ၃၀-၃-၂၀၁၇ ရက်တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ သည်။
မဲသရော-လှိုင်ကွယ်လမ်း
မုဒုံ-ချောင်းနှစ်ခွ-မဲသရော-လှိုင်ကွယ်(ကော့ ကရိတ်)လမ်း၏ မဲသရောမှ လှိုင်ကွယ်အထိ ၂၆ မိုင် ၃ ဖာလုံကိုလည်း ခုနစ်မီတာအကျယ် ကတ္တရာ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ မွန်ပြည်နယ် မုဒုံမြို့မှ ကရင်ပြည်နယ် မြဝတီမြို့သို့ ကုန်စည်စီးဆင်းမှုနှင့် သွားလာရေးတွင် အဓိကကျ အရေးပါသော လမ်းတစ်လမ်းလည်းဖြစ်သည်။ ထို့ အပြင် သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီလမ်း (AH1)နှင့်လည်း ချိတ်ဆက်ထား၍ ကရင်ပြည်နယ်၏ အဓိကလမ်းကွန်ရက်တစ်ခု ဖြစ်သည်။
အဆိုပါလမ်းကို ကတ္တရာ ကွန်ကရစ်လမ်းအဆင့် မဆောင်ရွက်မီက ၁၁ မိုင် ၇ ဖာလုံသည် ၁၂ ပေ အကျယ် ကတ္တရာလမ်းဖြစ်ပြီး ကျန်အပိုင်းမှာ မြေသားလမ်းဖြစ်သည်။
ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၅၃၀၇ ဒသမ ၁၇ သန်းဖြင့် ၁-၄-၂၀၁၇ ရက်မှစတင်ကာ ယခင်ကတ္တရာလမ်း ၁၁ မိုင် ၇ ဖာလုံကို နိုင်ငံတကာ လမ်းတည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြု နေသော နည်းပညာဖြင့် နဂိုကတ္တရာလမ်းအပေါ် အခြေခံလွှာအဖြစ် အရွယ်စုံ အားဖြည့်ခွဲကျောက် အရောဖြင့် ခုနစ်မီတာအကျယ် ရှစ်လက်မ ထု ခင်းကြိတ်ကာ နှစ်လက်မထု ကတ္တရာကွန်ကရစ် ခင်း၍ လမ်းသားအဆင့်မြှင့်တင်ခြင်းကို ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်ပေးခဲ့သည်။
ကျန် ၁၄ မိုင် ၄ ဖာလုံတွင်လည်း အထက်ပါ နည်းပညာဖြင့် နဂိုချောင်းကျောက်လမ်းပေါ်တွင် ဒု-အခြေခံလွှာ(Sub-base)ကို ဘိလပ်မြေအားဖြည့် သဲနှင့်ခွဲကျောက်အရောဖြင့် ၈ ဒသမ ၂ မီတာအကျယ် ရှစ်လက်မထု ခင်းကြိတ်ကာ အခြေခံလွှာကို အရွယ်စုံ အားဖြည့်ခွဲကျောက်အရောဖြင့် ခုနစ်မီတာအကျယ် ခြောက်လက်မထု ခင်းကြိတ်ပြီး နှစ်လက်မထု ကတ္တရာကွန်ကရစ်ခင်းခြင်းကို ဆောင်ရွက်ခဲ့ရာ ၃၀-၃-၂၀၂၀ ရက်တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ သည်။
အဆိုပါလမ်းသည် နိုင်ငံတကာ လမ်းလုပ်ငန်း များတွင် ဆောင်ရွက်နေသော နည်းပညာဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန (နေပြည်တော်)က ဒီဇိုင်းထုတ်ပေးထားခြင်းဖြစ် သည်။ ထို့ကြောင့် ကရင်ပြည်နယ် လမ်းဦးစီးဌာန အနေဖြင့် ကရင်ပြည်နယ်ရှိ လမ်းများအနက် နည်းပညာသစ်ဖြင့် ပထမဆုံး ဆောင်ရွက်ပေးနိုင် ခဲ့သော လမ်းတစ်လမ်းလည်းဖြစ်သည်။
ကြာအင်းဆိပ်ကြီး-ချောင်းဆုံလမ်း
ကြာအင်းဆိပ်ကြီး-ချောင်းဆုံ(ဘုရားသုံးဆူ)လမ်း အရှည် ၅၀ မိုင် ၅ ဖာလုံကိုလည်း ကွန်ကရစ် လမ်းသစ်အဖြစ် ဖောက်လုပ်ခဲ့သည်။ အဆိုပါလမ်း သည် ကွန်ကရစ်လမ်းသစ်အဖြစ် မဆောင်ရွက်မီက ၁၈ ပေအကျယ် ရိုးရိုးကတ္တရာလမ်း ၁၀ မိုင်ရှိပြီး ကျန်လမ်းပိုင်း ၄၀ မိုင် ၅ ဖာလုံမှာ ချောင်းကျောက် ခင်းလမ်းအဆင့်သာရှိသည်။ ပေ ၁၀၀ အထက် တံတားလေးစင်းမှာလည်း ယာယီ ဘေလီတံတား များသာဖြစ်သည်။ ၂၀၁၆ ခုနှစ် မိုးရာသီကာလတွင် မိုးများ၍ တောင်ကျရေများကြောင့် အဆိုပါ ယာယီ ဘေလီတံတား လေးစင်းမှာ တောင်ကျရေနှင့်အတူ မျောပါခဲ့ပြီး ယာယီဘေလီတံတားအသစ်များသာ ပြန်လည်တည်ဆောက်ခဲ့ရသည်။ ထို့ကြောင့် အဆိုပါ ပေ ၁၀၀ အထက် တံတားလေးစင်းကိုလည်း အာစီကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ရန် တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ လမ်းနှင့်တံတားများကို ပြည်နယ် အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၂၄၃၂၉ ဒသမ ၀၅ သန်းဖြင့် ၁-၄-၂၀၁၇ ရက်က စတင်တည်ဆောက်ပြီး ၂၅-၃-၂၀၁၈ ရက်တွင် ပြီးစီးခဲ့သည်။ ထိုသို့ အဆင့် တိုးမြှင့် တည်ဆောက်ပေးခဲ့သဖြင့် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးမှတစ်ဆင့် ချောင်းနှစ်ခွ- မုဒုံ-မော်လမြိုင်သို့ အဆင်ပြေစွာ သွားလာနိုင်ကြပြီ ဖြစ်သည်။
လှိုင်းဘွဲ-ရှမ်းရွာသစ်လမ်း
လှိုင်းဘွဲ-ရှမ်းရွာသစ်လမ်း အရှည် ၂၅ မိုင်ကို ၁၈ ပေအကျယ် ကတ္တရာလမ်းသစ်အဖြစ် အဆင့် မြှင့်တင်ခဲ့သည်။ အဆိုပါလမ်းမှာ ကတ္တရာလမ်းသစ် မဖောက်ခင်က ရှမ်းရွာသစ်မြို့အဝင်နှင့် မြို့တွင်း လမ်းပိုင်း ၃ မိုင် ၂ ဖာလုံသာ ကတ္တရာလမ်းဖြစ်ပြီး ကျန် ၂၁ မိုင် ၆ ဖာလုံမှာ ချောင်းကျောက်ခင်းလမ်း အဆင့်သာရှိသဖြင့် မိုးတွင်းကာလတွင် သွားလာမှု မကောင်းသေးပါ။ အဆိုပါ ကျန်ရှိလမ်းပိုင်းကို ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ် ၅၇၃၅ ဒသမ ၃၃ သန်းဖြင့် ၁-၄-၂၀၁၆ ရက်မှစ၍ ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခဲ့ရာ ၁-၅-၂၀၁၈ ရက်တွင် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
ဇာသပြင်-ကျုံဖဲ-ကျားကလေးလမ်း
ဇာသပြင်-ကျုံဖဲ-ကျားကလေးလမ်း ၁၅ မိုင် ၃ ဖာလုံကို ၁၈ ပေအကျယ် ကတ္တရာလမ်းအသစ် ဖောက်လုပ်ခဲ့သည်။ အဆိုပါလမ်းသည် ယခင်က ၂ မိုင် ၆ ဖာလုံသာ ၁၂ ပေအကျယ် ကတ္တရာလမ်း ဖြစ်ပြီး ၉ မိုင် ၂ ဖာလုံသည် မြေသားလမ်းဖြစ်ကာ ကျန်အပိုင်းမှာ ကိုယ်ထူကိုယ်ထလမ်းပိုင်းဖြစ်၍ မိုးတွင်းကာလတွင် သွားလာရေးအဆင်မပြေသော လမ်းဖြစ်သည်။ ယင်းလမ်းပိုင်းတွင် ကျောက်ခင်း ခြင်း၊ ကတ္တရာခင်းခြင်း၊ ပေ ၅၀ အောက်တံတား ၁၀ စင်း၊ ပေ ၅၀ အထက်တံတား ငါးစင်းနှင့် ပေ ၁၀၀ အထက်တံတား သုံးစင်း တည်ဆောက်ခြင်း တို့ကို ပြည်ထောင်စု၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၄၆၀ နှင့် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ် ၇၇၈၅ ဒသမ၂၄ သန်း၊ စုစုပေါင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၈၂၄၅ ဒသမ ၂၄ သန်းဖြင့် ၁-၄-၂၀၁၆ ရက်မှ စတင်၍ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ခဲ့ရာ ၁၅-၅-၂၀၁၈ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ အဆိုပါ ဇာသပြင်-ကျုံဖဲ-ကျားကလေးလမ်းသည် သထုံ-ဘားအံ - ကော့ကရိတ် - မြ၀တီ(AH1)လမ်းနှင့် မော်လမြိုင်-ဇာသပြင်-အိန္ဒုလမ်း(LIMEC)တို့နှင့် ချိတ်ဆက်ထားသော လမ်းတစ်လမ်းဖြစ်သည့်အပြင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ကို ချိတ်ဆက် ထားသည့် အရေးပါသော လမ်းတစ်လမ်းလည်း ဖြစ်သည်။
အခြားလမ်းလုပ်ငန်းများ
၂၀၁၈-၂၀၁၉ မှ ၂၀၂၀-၂၀၂၁ အထိ ဘဏ္ဍာနှစ် သုံးနှစ်တွင်လည်း သထုံ-ဘားအံ-ကော့ကရိတ်- မြဝတီလမ်းပေါ်၌ အရှည် ပေ ၄၀၀ နောင်လုံ သံကူ ကွန်ကရစ်တံတားတည်ဆောက်ခြင်းနှင့် ချဉ်းကပ် လမ်းကို လေးလမ်းသွား ကတ္တရာကွန်ကရစ်ခင်းခြင်း၊ လှိုင်းဘွဲ-ပိုင်ကျုံလမ်း အရှည် ၅ ဒသမ ၅ ကီလိုမီတာ အကျယ် ၁၂ ပေ ကတ္တရာလမ်းကို ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း၊ မုဒုံ-ချောင်းနှစ်ခွ-မဲသရော-လှိုင်ကွယ်(ကော့ကရိတ်)လမ်း အရှည် ၄၂ ဒသမ ၄၄၆ ကီလိုမီတာ၌ မူလကတ္တရာလမ်းကို ၂၃ ပေ အကျယ် ကတ္တရာကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့် တင်၍ ပေ ၈၀ တံတား လေးစင်း၊ ပေ ၁၀၀ တံတား နှစ်စင်း၊ ပေ ၁၅၀ တံတားတစ်စင်း တည်ဆောက် ခြင်း၊ ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုး)လမ်း အရှည် ၃၆ ဒသမ ၆၂၆ ကီလို မီတာတွင် မူလ ၁၂ ပေအကျယ် ကတ္တရာလမ်းမှ ၁၈ ပေအကျယ်အဖြစ် အဆင့်မြှင့်တင်၍ ပေ ၁၀၀ တံတား တစ်စင်း၊ အရှည်ပေ ၁၅၀ ရှိ နဘူး သံကူ ကွန်ကရစ်တံတားနှင့် အရှည်ပေ ၃၀၀ ရှိ ပတ သံကူ ကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ မြဝတီ-ဝေါလေ(ဥကရစ်ထ)လမ်း အရှည် ၃၄ ဒသမ ၂၆၃ ကီလိုမီတာတွင် မူလအမာခံလမ်းကို ၁၈ ပေ အကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း၊ စုကလိ-စခန်းသစ်လမ်း အရှည် ၇ ဒသမ ၀၆ ကီလို မီတာတွင် မူလမြေသားလမ်းကို ၁၈ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း၊ ကျိုက်ဒုံ- စုကလိ-ဝေါလေလမ်း အရှည် ၂၇ ဒသမ ၈၃၁ ကီလိုမီတာတွင် မူလကျောက်လမ်းကို ၁၈ ပေ အကျယ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း၊ ကြာအင်းဆိပ်ကြီး-တဂေး-ခုတ်ခွား-ကျိုက်ဒုံလမ်း အရှည် ၁၂ ဒသမ ၃၁ ကီလိုမီတာတွင် ကတ္တရာ လမ်းသစ်ခင်းခြင်းနှင့် လမ်းအရှည် ၈ ကီလိုမီတာ တွင် အကျယ် ၁၂ ပေမှ ၁၈ ပေချဲ့ခြင်း၊ ဖာပွန်-ကမမောင်း-ဝါးဘိုးတောလမ်း အရှည် ၂၄ ဒသမ ၄၃ ကီလိုမီတာတွင် ၁၂ ပေအကျယ်ကတ္တရာလမ်းကို ၁၈ ပေအကျယ်အဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် ပေ ၁၈၀ ရှိ ကညင်ဒုံတံတား တည်ဆောက်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့ပြင် သက္ကော(သံဖြူဇရပ်)-ဘုရားသုံးဆူ လမ်း အရှည် ၄၂ ဒသမ ၂၃၇ ကီလိုမီတာတွင် မူလအမာခံလမ်းကို ၂၃ ပေအကျယ် ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ခြင်း၊ ပေ ၁၈၀ ရှိ သင်္ဃန်း ညီနောင်တံတားနှင့် ပေ ၂၄၀ ရှိ မဲဇလီတံတား တည်ဆောက်ခြင်း၊ ကော့ကရိတ်- အစွန်း-ကျိုက်ဒုံ လမ်း အရှည် ၁၉ ကီလိုမီတာတွင် မူလအမာခံလမ်း ကို ၁၈ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့် မြှင့်တင်ခြင်း၊ ဇာသပြင်-ကျုံဖဲ-ကျားကလေးလမ်း တွင် ပေ ၅၀ နှင့်အထက်တံတား ငါးစင်း၊ ပေ ၁၂၀ တံတား တစ်စင်း တည်ဆောက်ခြင်း၊ ဘားအံ- ကြာအင်းလမ်း အရှည် ၉ ဒသမ ၅ ကီလိုမီတာတွင် မူလကတ္တရာလမ်းကို ၁၈ ပေအကျယ် ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း၊ ကြာအင်းဆိပ်ကြီး- မဲသရောလမ်း အရှည် ၁၁ ကီလိုမီတာတွင် ၁၂ ပေ အကျယ် ကတ္တရာလမ်းကို ၂၄ ပေအကျယ်အဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် အရှည်ပေ ၁၄၀ ရှိ ဒါလီ တံတားတည်ဆောက်ခြင်း၊ ဘားအံ-လှိုင်းဘွဲလမ်း အရှည် ၇ ဒသမ ၃၉၉ ကီလိုမီတာတွင် မူလကတ္တရာ လမ်းကို ၃၆ ပေအကျယ် ကတ္တရာကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ခြင်း၊ ဘုရားငါးဆူ-တံခွန် တိုင်-တောင်ဒီး-ဘားပြ-အနန်းကွင်းလမ်း အရှည် ၉ ကီလိုမီတာတွင် မူလ ၁၂ ပေအကျယ် ကတ္တရာ လမ်းကို ၁၈ ပေအကျယ် အဆင့်မြှင့်တင်ခြင်း၊ မယ်ထော်သလေး-လေးကေ့ကော်မြို့သစ်-ရသေ့ဂူ- ဖလူးလမ်း အရှည် ၃ ဒသမ ၄၅၄ ကီလိုမီတာတွင် မူလ မြေသားလမ်းကို ၁၈ ပေအကျယ် ကွန်ကရစ် လမ်းခင်းခြင်း၊ လှိုင်းဘွဲ-ကမ်းနီ(ရွှေဂွန်း)လမ်း အရှည် ၂ ကီလိုမီတာတွင် မူလ ၁၂ ပေအကျယ် ကတ္တရာလမ်းကို ၁၈ ပေအကျယ်ချဲ့ခြင်း၊ ပျား စခန်း-ရော်ဘာခြံလမ်း အရှည် ၁ ကီလိုမီတာတွင် မူလမြေသားလမ်းကို ၁၂ ပေအကျယ် ကတ္တရာ လမ်းသစ်ခင်းခြင်း၊ ကော့ကရိတ်-သင်္ဃန်းညီနောင် ဒေါနတောင်ကျော်လမ်း(လှိုင်ဝလမ်းဆုံ-သင်္ဃန်း ညီနောင်လမ်းဆုံ) အရှည် ၄ ကီလိုမီတာတွင် မူလ ပေ ၃၀ အကျယ် ကတ္တရာလမ်းကို ကတ္တရာ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်ခြင်း၊ ကြာအင်း ဆိပ်ကြီး-ဘုရားသုံးဆူလမ်းမှ အရှည် ပေ ၁၈၀ ချောင်းဝတံတားကို သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ခြင်း စသည့် လုပ်ငန်းများကို အဆင့် မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
တံတားများ တည်ဆောက်ပေးမှု
တံတားများ တည်ဆောက်ပေးမှုအနေဖြင့် နောင်လုံတံတားနှင့် ဂျိုင်း-ကော့ကရိတ်တံတား လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ နောင်လုံတံတား သည် ဘားအံ-နောင်လုံ-ဂျိုင်းကားလမ်း မိုင်တိုင် အမှတ်(၁၀/၀)နှင့် (၁၀/၁)ကြားတွင် တည်ရှိသည်။ တံတားအမျိုးအစားမှာ အပေါ်ထည် 100 Plate Girder x 4 Spans + သံကူကွန်ကရစ်ကြမ်းခင်းနှင့် လက်ရန်းကိုယ်ထည်၊ သံကူကွန်ကရစ်ကမ်းကပ်ခုံ ဖြစ်သည်။ တံတားအရှည် ပေ ၄၀၀၊ အကျယ် ၁၆ ဒသမ ၄၆ မီတာ၊ ရေလမ်းကင်းလွတ်အမြင့် ၂ ဒသမ ၇၉ မီတာ၊ ရေလမ်းကင်းလွတ်အကျယ် ၂၅ မီတာ၊ ယာဉ်သွားလမ်းအကျယ် ၁၄ ဒသမ ၆၃ မီတာ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၀ ဒသမ ၉၁ မီတာ၊ ခွင့်ပြုယာဉ်အလေးချိန် HL-93 Loading (AASHTO)| 60 Ton(Single Vehicle) ဖြစ်သည်။ ၁-၁၀-၂၀၁၇ ရက်က လုပ်ငန်းစတင်ခဲ့ကာ တည် ဆောက်ဆဲဖြစ်ပြီး စီမံကိန်းတန်ဖိုးမှာ ကျပ်သန်း ၂၉၀၀ ဖြစ်သည်။
ဂျိုင်း-ကော့ကရိတ်တံတားသည် ကော့ကရိတ် မြို့နယ် ဘားအံ-ကော့ကရိတ်- မြဝတီလမ်းပေါ်၌ တည်ရှိသည်။ အပေါ်ထည် ဘေလီကြိုးတံတား၊ ကိုယ်ထည် သံကူကွန်ကရစ်၊ အုတ်မြစ် သံကူ ကွန်ကရစ် လွန်တူးပိုင်ဖြစ်ပြီး တံတားအရှည် ပေ ၁၂၀၀၊ အကျယ် ၃၄ ပေ ရှိသည်။ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ ခွင့်ပြုယာဉ်အလေးချိန် ၁၃ တန် ဖြစ်ပြီး ရေလမ်းကင်းလွတ်အမြင့် ၃၆ ပေ၊ ရေလမ်း ကင်းလွတ်အကျယ် ပေ ၃၆၀ ဖြစ်သည်။
BOT လမ်းပိုင်းများ
BOT လမ်းပိုင်းများအနေဖြင့် ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီက သထုံ-ဘားအံ-ကော့ကရိတ်- မြဝတီလမ်း မိုင်(၈/၁)မှ (၂၆/၂)အထိ ၁၈ မိုင် ၁ ဖာလုံ၊ အေးကိုမိသားစု ဆောက်လုပ်ရေးကုမ္ပဏီက မိုင် (၂၆/၂) မှ (၄၁/၃)အထိ ၁၅ မိုင် ၁ ဖာလုံကို ဆောင်ရွက်လျက်ရှိသည်။ ဘားအံ(တြိဂံလမ်းဆုံ)-ရွှေရင်မျှော်-နောင်လုံ(လမ်းဆုံ)လမ်း အရှည် ၁၄ မိုင်ကျော်နှင့် ကော့ကျိုက်-ကော့ပရံ-ဇာသပြင်-အဖြောင့်လမ်း(ကော့ကျိုက်လမ်းဆုံ-ဇာသပြင်လမ်း) အရှည် ၁၇ မိုင် ၇ ဖာလုံတွင် အေးကိုမိသားစု ဆောက်လုပ်ရေးကုမ္ပဏီက ဆောင်ရွက်လျက်ရှိ သည်။
ကရင်ပြည်နယ်သည် တောင်ကုန်းတောင်တန်း များ ပေါများပြီး ပြည်နယ်တစ်ခုလုံးသည် သစ်တော များဖုံးလွှမ်းနေသဖြင့် စိမ်းလန်းသာယာသော ပြည်နယ်တစ်ခုဖြစ်သည်။ ကရင်ပြည်နယ်ရှိ သွေးချင်းပြည်သူတို့အတွက် နိုင်ငံတော်အစိုးရသည် ကျောသားရင်သား မခွဲခြားဘဲ လမ်းတံတားများ တည်ဆောက်ဖောက်လုပ်ပေးလျက်ရှိနေသည်ကို ကွင်းဆင်း၍ ရေးသားတင်ပြလိုက်ရပါသည်။ ။
- Log in to post comments