ကရင်ပြည်နယ်အတွင်းရှိကျောင်းတိုက်များသို့ ပိဋကတ်သုံးပုံပါဠိတော် ဆက်ကပ်လှူဒါန်း

ဘားအံ   ဇွန်   ၂၉
နေပြည်တော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏   ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်အကြီးအကဲက လှူဒါန်းသည့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံပါဠိတော် (မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုး ပိဋကတ်ကျမ်းစာအုပ် များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇွန် ၂၉ ရက်က ဘားအံမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်း  ကျောင်း၌     ကျင်းပရာ   နိုင်ငံတော်ဩဝါဒါစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်  ဆရာတော်  မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒ အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများကြွရောက်ချီးမြှင့်တော်မူကြသည်။
ဦးစွာ နမောတဿ သုံးကြိမ်   ရွတ်ဆိုဘုရား ကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊     ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်         ဒါယကာ၊ ဒါယိကာမများက            နိုင်ငံတော်ဩဝါဒါစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ် ဆရာတော် မဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံ မှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်ကြီးများ ရွတ်ပွားသရဇ္ဈယ်တော်မူသော မေတ္တသုတ်အစရှိသော  ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊        ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဆရာတော်ကြီးများအား ပိဋကတ် ကျမ်းစာအုပ်များနှင့်       လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး   နိုင်ငံတော်ဩဝါဒါစရိယ  ကျောင်းထိုင်ဘုန်းကြီး            သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်     မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး ဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယနေ့ဆက်ကပ်လှူဒါန်းပွဲတွင် ပိဋကတ်သုံးပုံ (မြန်မာ၊ရိုမန်)အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသောကျမ်း စာအုပ် အုပ်ရေ ၄၀ ပါ တစ်စုံလျှင် ငွေကျပ် ၁၂ သိန်း ခန့်တန်ဖိုးရှိ ပိဋကတ်သုံးပုံကျမ်းစာအုပ် ၁၀၈ စုံကို ဆက်ကပ်လှူဒါန်းခဲ့ကြကာ  ကရင်ပြည်နယ်အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် ပြည်နယ်အတွင်းရှိ ကျောင်း တိုက်များသို့ ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)