
ဘားအံ မတ် ၂
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် မတ် ၁ ရက်က ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ နယ်မြေမီးသတ်စခန်းမှူးများနှင့် တွေ့ဆုံ၍ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက် ချက်များကို တွေ့ဆုံဆွေးနွေးသည်။
ပြည်နယ်ဝန်ကြီးချုပ်က မီးဘေးကြိုတင် ကာကွယ်ရေး ပြင်ဆင်ဆောင်ရွက်ထားမှု၊ တပ်ဖွဲ့ဝင် များ တာဝန်ချထားပေးမှုနှင့် ယာဉ်ယန္တရားစက်ပစ္စည်း များအခြေအနေကို သိရှိလိုသည့်အတွက် လာရောက် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့သည် မီးဘေးကာကွယ်ရေး တစ်ခုတည်းမဟုတ်ဘဲ လိုအပ် ပါက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှု ကယ်ဆယ်ရေး၊ မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ကျန်းမာရေးအစရှိသည့် ကိစ္စရပ်များတွင်လည်း သက်ဆိုင်ရာဌာန၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အမိန့်နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း၊ လိုအပ်သည်များ အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်မီးသတ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူးရုံး ဦးတင်မောင်နီက နှစ်အလိုက် ပြည်နယ် အတွင်းမီးလောင်မှုဖြစ်ပွားသည့်အကြိမ်အရေအတွက်၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှုနှိုင်းယှဉ်ချက်၊ မြို့နယ်အလိုက် အရန်မီးသတ် တပ်ဖွဲ့ဝင်အင်အား၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ ပြည်နယ်အတွင်း မီးသတ်ယာဉ်များ အရေအတွက်နှင့် ဖြန့်ခွဲထားရှိမှု၊ ပြည်နယ်အတွင်း မီးသတ်စခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ခရိုင်၊ မြို့နယ်၊ နယ်မြေ မီးသတ်စခန်းမှူးများက တာဝန်ထမ်းဆောင်ရာတွင် ကြုံတွေ့ရသည့် အခြေအနေများကို ဆွေးနွေးတင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်နှင့် တာဝန်ရှိ သူများသည် ပြည်နယ်မီးသတ်ဦးစီးမှူးရုံး တိုးချဲ့တည်ဆောက်မည့်မြေနေရာ၊ မီးငြှိမ်းသတ်ရေးပစ္စည်းများနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ မီးငြှိမ်းသတ်ယာဉ်နှင့် ရေသယ်ယာဉ်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များအတွက် ငွေကျပ်ငါးသိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
စောမျိုးမင်းသိန်း
(ပြန်/ဆက်)