
ပိုင်ကျုံ ဇန်နဝါရီ ၁
ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ ကစိုကျေးရွာ နှစ်သစ်ကူးကွင်း၌ ဒီဇင်ဘာ ၃၁ ရက် ည ၇ နာရီက (၂၃)ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ကရင် ဒုံးယိမ်းအကပြိုင်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
အဆိုပါ ဒုံးယိမ်းအကပြိုင်ပွဲတွင် ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာ များမှ ပါဝင်ယှဉ်ပြိုင် ကပြကြမည့် ဒုံးယိမ်းအဖွဲ့များမှ နေ့သစ်ကူးကွင်း ၌ နေရာယူခြင်း၊ ကရင်နေ့သစ်ကူးသီချင်းဖြင့် ကပြသီဆိုခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် (၂၃) ကြိမ်မြောက် ကရင်နှစ်သစ်ကူးအထိမ်းအမှတ် ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ KPF-BGF (၁၀၁၅) ဗိုလ်မှူး စောဝင်းလှိုင် စိန်က အဖွင့်အမှာစကားပြောကြားရာတွင် ရိုးရာယဉ်ကျေးမှုဓလေ့များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်၊ လူမျိုးများအချင်းချင်း စည်းလုံးညီညွတ်မှုရှိရန်လိုအပ်ကြောင်း၊ အနာဂတ်ခေါင်းဆောင် ဖြစ်လာ မည့်လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ရှောင်ရှားရန် လိုအပ်ကြောင်း၊ ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း စသည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဒုံးယိမ်းအကပြိုင်ပွဲတွင် ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာ များမှ ပါဝင်ယှဉ်ပြိုင်ကပြကြသည့် ဒုံးယိမ်းအဖွဲ့ကိုးဖွဲ့ရှိကြောင်း၊ အကောင်းဆုံး ကပြဖျော်ဖြေနိုင်ခဲ့သောအဖွဲ့များအား ဇန်နဝါရီ ၁ ရက်နေ့ ညတွင် ပြန်လည် ကပြယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)