
ကေကေစိုး
ကလေးများနှင့် ဆယ်ကျော်သက်အရွယ်လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုထိန်းသိမ်းပေးရန်အတွက် အစိုးရများအနေဖြင့် ပိုက်ဆံ ပိုမိုသုံးစွဲခြင်းနှင့် အရင်းအမြစ်များ ပိုမိုထောက်ပံ့ပေးသင့်သည်ဟု ကုလသမဂ္ဂကလေးများ ကာကွယ်ပေးရေးအေဂျင်စီက အောက်တိုဘာ ၅ ရက်တွင် အစီရင်ခံစာ တင်သွင်းခဲ့သည်။
ကျောင်းများပိတ်ထားရ
ကိုဗစ် - ၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် ကလေးများနှင့်ဆယ်ကျော်သက်များတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှုများ ရှိလာသည်ဟု သတိပေးသံများ ညံလာသည်။ တစ်ကမ္ဘာလုံးအနှံ့ ခံစားရသည့် ကိုဗစ်- ၁၉ ရောဂါကြောင့် စာသင်ကျောင်းများ ပိတ်ထား ခဲ့ရသည်။ စာသင်ကျောင်းဆိုသည်မှာ ကလေးများနှင့် ဆယ်ကျော်သက် များအဓိက မှီခိုနေရသည့်နေရာလည်း ဖြစ်သည်။ ယင်းကဲ့သို့ ကျောင်းများပိတ်ထားရသည့်အတွက် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွင် ထိခိုက်မှုများဖြစ်စေသည်ဟု ဖော်ပြထားသည်။
စိတ်ဖိစီးမှုလက္ခဏာများကို တွေ့လာရ
ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးမည်မျှ ထိခိုက်မှုရှိသည်ကို အပြည့်အဝလေ့လာရန် အတွက် နှစ်များစွာ အချိန်ယူရမည်ဟုလည်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ပြောသည်။ စိတ်ရောဂါအထူးကုပညာရှင်များသည် ကလေးများနှင့် ဆယ်ကျော်သက်အရွယ်များတွင် ဖြစ်ပေါ်လာသည့် စိတ်ဖိစီးမှုလက္ခဏာများကို လျင်မြန်စွာပင် တွေ့မြင်ခဲ့ကြသည်။
စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေ
အသွားအလာပိတ်ဆို့ကန့်သတ်ထားမှုများကြောင့် အစား အသောက်ပုံမှန်မဟုတ်ခြင်း၊ စိတ်ပူပန်မှုများ များလာခြင်းအပါအဝင် အခြားသော အခက်အခဲများ ကလေးများ ကြုံတွေ့လာရသည်ဟု တွေ့မြင်လာကြသည်။ ကိုဗစ် - ၁၉ ရောဂါကြောင့် မိဘဘိုးဘွားများ သေဆုံးသွားရသည်ကို တွေ့မြင်ရခြင်းနှင့် သူငယ်ချင်းအပေါင်းအသင်း များနှင့် ဝေးကွာသည့်နေရာတွင် အဝေးရောက်သင်ကြားမှုပုံစံဖြင့်သာ စာသင်ကြားရခြင်းတို့ကြောင့်လည်း ကလေးများနှင့် ဆယ်ကျော်သက် များအတွက် စိတ်ပိုင်းဆိုင်ရာဖိစီးမှုကို ပိုမိုဖြစ်ပေါ်စေသည်။
စိတ်ဖိစီးမှုများပြား
တစ်နိုင်ငံလုံးအနှံ့ အသွားအလာ ပိတ်ဆို့ထားခြင်းများနှင့် ကပ်ရောဂါနှင့်ဆက်နွှယ်သည့် ကန့်သတ်ချက်များကြောင့် မိသားစု၊ သူငယ်ချင်း၊ စာသင်ခန်းများ၊ ကစားကွင်းများနှင့် ဝေးရာတွင် နေထိုင် နေရသည်။ အဆိုပါအရာများမှာ ကလေးဘဝအတွက် အဓိက ကျသည့် အခန်းကဏ္ဍမှ ပါဝင်သည့်အရာများ ဖြစ်ကြသည်။ ယင်း ကိစ္စရပ်များကြောင့်လည်း ကလေးများအတွက် သက်ရောက်မှု ကြီးမားရသည်။ ကပ်ရောဂါမတိုင်မီကာလကတည်းကပင် ကလေး များအတွက် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများခဲ့သည်။
အနည်းငယ်သာရင်းနှီးမြှုပ်နှံ
ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုအပ်ချက်ကိုဖြည့်ဆည်းပေးရန်အတွက် အစိုးရများသည် ရင်းနှီးမြှုပ်နှံမှု အနည်းငယ်ကိုသာ ပြုလုပ်ခဲ့ကြသည်။ ကလေးများနှင့် ဆယ်ကျော် သက်များကြားတွင် ကပ်ရောဂါနှင့် ဆက်စပ်ပြီး စိတ်ပူပင်သောကများ ဖြစ်ပေါ်လာရသည်ကို သတိပြုမိပြီးနောက် အချို့သော အစိုးရများတွင် အရေးယူဖြေရှင်းမှုများ ပြုလုပ်လာရန် လှုံ့ဆော်မှုဖြစ်ခဲ့သည်။ ယခု သီတင်းပတ်အတွင်း၌မှာပင် ပြင်သစ်သည် နှစ်ရက်ကြာကျင်းပသည့် တစ်ကမ္ဘာလုံးဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။
အရေးပေါ်ဆက်သွယ်ရေးလိုင်းများဖွင့်ပေး
ကလေးများနှင့် ဆယ်ကျော်သက်များအတွက် ကျန်းမာရေးကုထုံး ကို အခမဲ့ လုပ်ဆောင်ပေးရန်နှင့် ဆရာဝန်ညွှန်ကြားမှု လိုအပ်သူများကို လာမည့်နှစ်အထိ အကူအညီပေးသွားရန် ကမ်းလှမ်းခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု များပြားနေသည့်ကာလတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုအပ်သူများ အရေးပေါ် တိုင်ပင်ဆွေးနွေးနိုင်ရေးအတွက် အရေးပေါ်ဆက်သွယ်ရေးလိုင်းသစ်များကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။
လက်လှမ်းမမီ
ဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်း၊ စာသင်ကျောင်းများ ပိတ်ခြင်း၊ အသွားအလာပိတ်ဆို့ကန့်သတ်မှုနှင့် ဖျားနာမှုများကြောင့်ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ကြောင့်ကြမှုများ အပါအဝင် အခြားသော သက်ရောက်မှုများကို ကလေးများနှင့် ဆယ်ကျော်သက် များ ခံစားနေရမည်ကို စိုးရိမ်မိကြောင်း ယူနီဆက်ဖ်က ပြောသည်။ အသွားအလာပိတ်ဆို့ကန့်သတ်မှုသည် အပြုအမူပိုင်းဆိုင်ရာ ပြဿနာ များကို လောင်စာပေးသကဲ့သို့ဖြစ်နေသည်။ အဝေးမှနေ၍ ပညာ သင်ကြားပေးခြင်းစနစ်ကို သန်းပေါင်းများစွာသော လူငယ်များမှာ လက်လှမ်း၍မမီချေ။
ရိုက်ခတ်မှုရှိ
အင်တာနက် သို့မဟုတ် ရုပ်မြင်သံကြားမရှိသည့်အတွက် ကလေးသုံးဦးလျှင် တစ်ဦးမှာအဝေးမှနေ၍ ပညာသင်ယူ၍မရဟု ယူနီဆက်ဖ်က ပြောသည်။ ဆင်းရဲသည့်မိသားစုတွင် ပေါက်ဖွားသည့် ကလေးများမှာ ပို၍အခြေအနေဆိုးရွားသည်။ အရှေ့ပိုင်းနှင့် တောင်ပိုင်းအာဖရိကဒေသမှ ကလေးငါးဦးလျှင် နှစ်ဦးမှာ ဇူလိုင်လမှ စတင်၍ ကျောင်းပြင်ပတွင်သာ ရှိနေသေးသည်ဟု ခန့်မှန်းထားသည်။ စာသင်ကျောင်းမှထွက်ရန် ဖိအားပေးခြင်းမခံရသည့်တိုင်အောင် ကလေးများတွင် ကပ်ရောဂါကြောင့် စီးပွားရေးနှင့် အလုပ်အကိုင် ကျဆင်းခြင်းဂယက် ရိုက်ခတ်မှုရှိသည်။
ကလေးသတို့သမီးဖြစ်လာရန် ဖိအားများအောက် ရောက်ရှိ
ဆင်းရဲမွဲတေမှုတွင် နေထိုင်ရသည့် ကလေးအရေအတွက် များပြားလာသည်။ ပြီးခဲ့သည့်နှစ်အတွင်း ဆင်းရဲမွဲတေမှုထဲသို့ ကျရောက်သွားသည့် ကလေးအရေအတွက်မှာ ၁၄၂ သန်း ရှိသည်ဟု သိရသည်။ ကျောင်းများပိတ်ထားခြင်းနှင့် ငွေရေးကြေးရေး အခက် အခဲများကြောင့် မိန်းကလေးများမှာ စောစီးစွာ လက်ထပ်ရခြင်း ကလေးသတို့သမီး ဖြစ်လာရန်ဖိအားများအောက် ရောက်လာရသည်ဟု လည်း ယူနီဆက်ဖ်က သတိပေးထားသည်။ ကလေးများနှင့် ဆယ်ကျော်သက်များမှာ အခြားသောအသက်ကြီးသူများနှင့် နှိုင်းယှဉ် လျှင် ကိုဗစ်- ၁၉ ကြောင့် သေဆုံးမှုနည်းပါးသော်လည်း ၎င်းတို့အတွက် အနာဂတ်တွင်မူ အရိပ်မိုးလျက်ရှိပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက်လည်း စိုးရိမ်ရသည်ဟု ယူနီဆက်ဖ်က သတိပေးထားသည်။
ကိုးကား - ဝါရှင်တန်ပို့စ်
- Log in to post comments