ကန်တော်နဒီဆေးရုံတွင် ရောဂါဖြစ်ပွားမှု ရှိ၊ မရှိစောင့်ကြည့်ကာလ ပြည့်မြောက်ပြီဖြစ်၍ နေအိမ်သို့ပြန်မည့် ဝူဟန်မြို့မှ ပြန်လည်ခေါ်ဆောင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သွားရောက်တွေ့ဆုံ

Image not available
 
 
 
မန္တလေး ဖေဖော်ဝါရီ ၁၆
 
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံသို့သွားရောက်ပြီး ဆေးရုံ၌ သီးခြား ထားရှိကာ ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြည့်ကာလ ၁၄ ရက် ပြည့်မြောက်ပြီးနောက် ကျန်းမာရေး အခြေအနေကောင်းမွန်၍ နေအိမ် အသီးသီးသို့ပြန်တော့မည့် ဝူဟန် မြို့မှ အထူးလေယာဉ်ဖြင့် ခေါ်ဆောင် ခဲ့သော ကျောင်းသား၊ ကျောင်းသူ ၅၉ ဦးနှင့် ကျန်းမာရေးဝန်ထမ်း သုံးဦး တို့ကို သွားရောက်တွေ့ဆုံသည်။
 
 
တွေ့ဆုံနှုတ်ဆက်
 
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးမြို့တော်ဝန်နှင့် တာဝန်ရှိ သူများသည် ကျောင်းသား၊ ကျောင်းသူ များ၊ ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ခေါ်ဆောင်ရာတွင် လိုက်ပါသွားသော ကျန်းမာရေး ဆေးအဖွဲ့ဝင်များ၊ ကန်တော်နဒီဆေးရုံတွင် တာဝန် ထမ်းဆောင်နေသော ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက်သည်။
 
 
တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီးက COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စတင်ဖြစ်ပွားရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝူဟန်မြို့တွင် ပညာ သင်ယူနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများကို အမိမြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူ ရေးအတွက် နိုင်ငံတော်အကြီးအကဲ များက မိမိအား လမ်းညွှန်မှုပြုခဲ့ပါ ကြောင်း၊ မိမိအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ ကပ်ရောဂါဗေဒပညာရှင် များ၊ ဆေးပညာရှင်များနှင့်တွေ့ဆုံ၍ ထိုသို့ ပြန်လည်ခေါ်ယူရာတွင် ကျန်းမာရေးစစ်ဆေးခြင်း၊ သီးခြား ထားရှိ၍ ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါ ဖြစ်ပွားမှုသံသယ လက္ခဏာများ ရှိပါက ကုသမှုချက်ချင်းပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက် နိုင်ရန် ချက်ချင်းတိုင်ပင် ဆွေးနွေး ခဲ့ပါကြောင်း၊ ဆက်လက်၍ နှီးနွှယ် ဝန်ကြီးဌာနများနှင့် ချိတ်ဆက် ပူးပေါင်းကာ ပြန်လည်ခေါ်ဆောင်ရေး အစီအစဉ်များကိုလည်း အသေးစိတ် ရေးဆွဲခဲ့ပါကြောင်း၊ ထို့နောက် သီးခြားထားရှိကာ ရောဂါစောင့်ကြပ် ကြည့်ရှုမည့်နေရာအား မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံကို ရွေးချယ်ပြီး ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ကြိုတင်ပြင်ဆင်ခြင်း၊ အခန်းများ ပြင်ဆင်ခြင်း၊ ဝန်ထမ်းများတာဝန် ချထားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါ ကြောင်း၊ မိမိအနေဖြင့် ဝူဟန်မြို့သို့ သွားရောက်ခေါ်ယူရာတွင် လိုက်ပါ မည့် ကျန်းမာရေးဝန်ထမ်းများကို လည်း မသွားရောက်မီ နံနက်ပိုင်းတွင် ရန်ကုန်မြို့၌တွေ့ဆုံ၍ ကျွမ်းကျင်မှု ပိုင်းဆိုင်ရာရှုထောင့်မှ အသေးစိတ် လမ်းညွှန်မှုများ ပေးအပ်ခဲ့ပါ ကြောင်း။
 
 
လိုက်နာ ဆောင်ရွက်
 
ရောဂါ စောင့်ကြပ်ကြည့်ရှုမှု ကာလပြီးမြောက်၍ နေအိမ်သို့ ပြန်လည် ရောက်ရှိရာတွင်လည်း ဝန်ကြီးဌာနမှ ပေးအပ်လိုက်မည့် ကျန်းမာရေး ညွှန်ကြားချက်များ၊ ကျန်းမာရေးအသိပညာ အချက် အလက်များအတိုင်း လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပြီး နေထိုင် မကောင်းမှု တစ်စုံတစ်ရာဖြစ်ပွားပါက ကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
 
 
ညွှန်ကြားချက်များလိုက်နာ
 
ဆက်လက်၍ မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နေအိမ်သို့ ပြန်လည်ရောက်ရှိပြီး နောက်တွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာ ရေးညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
 
 
ယင်းနောက် မန္တလေးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းမြင့်က ပညာသင်များ နေအိမ်သို့ ပြန်သွားပြီးနောက် လိုက်နာဆောင်ရွက်ရန် ကျန်းမာရေး အသိပညာ အချက်အလက်များကို ပြောကြားသည်။
 
 
ဆက်လက်၍ ပညာသင်များကို အထူးလေယာဉ်ဖြင့် သွားရောက် ခေါ်ယူရာတွင် လိုက်ပါခဲ့သော ကျန်းမာရေး ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီး၊ မန္တလေး မြို့တော်ဝန်နှင့် ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာ သာထွန်းကျော်တို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပေးအပ် သည့် ဂုဏ်ပြုဆုများကို ပေးအပ် သည်။
 
 
သတင်းစဉ်