
ဝိုင်းမော် ဒီဇင်ဘာ ၁၁
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ် ချိန်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုမရှိစေရေးအတွက် ကြိုတင် ပြင်ဆင်မှုများကို ဒီဇင်ဘာ ၈ ရက် က ဝိုင်းမော်- ကန်ပိုက်တီ လမ်းပေါ်ရှိ ၁၃ ကီလိုမီတာ ယာဉ်ရပ်နား စခန်း၌ ပြုလုပ်သည်။
ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲရလဒ်များအရ နယ်စပ်ဂိတ်ပြန်လည် ဖွင့်လှစ်ရာတွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ကိုဗစ်- ၁၉ ရောဂါ စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်နိုင်ရန် ကချင်ပြည် နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ သီးနှံစိုက်ပျိုးရေးကုမ္ပဏီများမှ တာဝန်ရှိ သူများ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ယာဉ်များကို ပိုးသတ်ဆေးဖျန်းခြင်း၊ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များအား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်း၊ ပိုးတွေ့ လူနာတွေ့ရှိပါက ဆေးရုံသို့ လူနာတင်ယာဉ် ဖြင့် ပို့ဆောင်ခြင်းတို့ကို ကြိုတင်လေ့ကျင့် လုပ်ဆောင်ခဲ့ကြသည်။
ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဒီဇင်ဘာလ တတိယပတ်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ် သူများအသင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြို့နယ်(ပြန်/ဆက်)