ကျန်းမာရေးဝန်ကြီးဌာနမှ အသုံးပြုလျက်ရှိသည့် ကာကွယ်ဆေးထိုး သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ် (VMIS) ၂၀၂၁ ခုနှစ်အတွက် ပြုလုပ်သည့် ASOCIO ICT Award တွင် Digital Government Award ဆုရရှိ

နေပြည်တော်    အောက်တိုဘာ    ၃၁


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ သတင်းအချက် အလက်များ မှတ်တမ်းတင်ခြင်း၊ ကာကွယ်ဆေးသုံးစွဲမှုနှင့် ဆေးထိုး လုပ်ငန်းလွှမ်းခြုံမှုကို ကြီးကြပ်ခြင်း၊ ကာကွယ်ဆေးထိုးကတ်ပြား များ  ထုတ်ပေးခြင်း  စသည့်လုပ်ငန်းများအတွက်   ကာကွယ်ရေး ဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ အသုံးပြုလျက် ရှိသည့်  ကာကွယ်ဆေးထိုး သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ် (Vaccination Management Information System-VMIS) သည် Asian-Oceanian Computing Industry Organization (ASOCIO) အဖွဲ့အစည်းမှ ၂၀၂၁ ခုနှစ်အတွက် ပြုလုပ်သည့် ASOCIO ICT Award တွင် Digital Government Award ရရှိခဲ့သည်။ 


ASOCIO အဖွဲ့အစည်းသည် အာရှနှင့်သမုဒ္ဒရာဒေသအတွင်းရှိ နိုင်ငံများအတွင်း Information and Communications Technology-ICT   နည်းပညာများကို  ကျယ်ကျယ်ပြန့်ပြန့်   အသုံးပြုခြင်းဖြင့် ကုန်ထုတ်စွမ်းအား၊   အသက်မွေးဝမ်းကျောင်း၊   ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများ တိုးမြှင့်လာစေရန် ရည်ရွယ်ပြီး ၂၀၂၁ ခုနှစ် တွင် ICT နည်းပညာ အသုံးပြုမှု အမျိုးအစားငါးခုဖြစ်သော  ASOCIO Outstanding Tech Company Award ၊ ASOCIO Outstanding User Organization Award ၊ ASOCIO Digital Government Award ၊ ASOCIO EdTech Award နှင့် ASOCIO Health Tech Award တို့ဖြင့် အဖွဲ့ဝင် (၂၄)နိုင်ငံမှ အမျိုးအစားအလိုက် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ် ခဲ့ခြင်းဖြစ်သည်။


အဆိုပါဆုချီးမြှင့်ခြင်းကို   ဘင်္ဂလားဒေ့ရှ်နိုင်ငံ   ဒါကာမြို့၌ နိုဝင်ဘာ ၁၁ ရက်မှ ၁၄ ရက်အထိ ကျင်းပမည့် 2021 ASOCIO PIKOM DIGITAL  SUMMIT ကျင်းပနေစဉ်အတွင်း နိုဝင်ဘာ ၁၂ ရက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ  စံတော်ချိန် ညနေ ၅ နာရီခွဲတွင်  ကျင်းပမည် ဖြစ်ကြောင်း သိရသည်။        

                                    သတင်းစဉ်