ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရန် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ

Type

 

ရတနာ(သုတေသီ)
 

 

ကျန်းမာရေးဝန်ကြီးဌာန၏      ပင်မမဏ္ဍိုင် လုပ်ငန်းကြီးတစ်ရပ်ဖြစ်သော  ကျန်းမာရေးသုတေ သနလုပ်ငန်းများမှ တွေ့ရှိချက်ရလဒ်များကို သုတေ သနစာတမ်း၊ ပိုစတာများဖြင့်  တင်ပြသည့်  “ (၅၁) ကြိမ်မြောက်      မြန်မာနိုင်ငံ    ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ကို  ဖေဖော်ဝါရီလ  ၂၀ ရက်နေ့မှ  ၂၄ ရက်နေ့အထိ ရန်ကုန်မြို့  ဒဂုံမြို့နယ် အမှတ် (၅)၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီး ဌာန၌ ကျင်းပမည်ဖြစ်သည်။
သုတေသနညီလာခံများ   အစဉ်အလာမပျက် ကျင်းပခြင်းအားဖြင့် ကျန်းမာရေးဆိုင်ရာအသိပညာ များတိုးတက်လာပြီး  ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမြင့်မားလာစေရန်နှင့်   သုတေသန တွေ့ရှိချက်များကို  လက်တွေ့အသုံးချမည့်ကျန်းမာ ရေးပညာရှင်များ  သိရှိဆွေးနွေးနိုင်စေရန်စသည့် ရည်ရွယ်ချက်များချမှတ်ကာ ကျင်းပမည်ဖြစ်ပေ သည်။
(၅၁) ကြိမ်တိုင်ရောက်လာပြီဖြစ်သော ညီလာခံ ၏သမိုင်းကြောင်းကို  လေ့လာကြည့်ပါက  ၁၉၆၅ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၁၉၉၀ ပြည့်နှစ်အထိ အခြေခံသုတေသနစာတမ်းများသာ     တင်သွင်း ဖတ်ကြားခဲ့သည်ကို  တွေ့ရှိရသည်။ သို့ရာတွင် ၁၉၉၁ ခုနှစ်တွင်  သုတေသနပိုစတာများ၊  ၁၉၉၃ ခုနှစ်တွင်  လက်တွေ့အသုံးချသုတေသနစာတမ်း များကိုပါ ပြသဖတ်ကြားခဲ့သည်။  ၂၀၀၂ ခုနှစ်တွင် ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (Symposium) များကို ထည့်သွင်းကျင်းပခဲ့ခြင်းနှင့် (၄၅)ကြိမ် မြောက်   သုတေသနညီလာခံမှစ၍    ညီလာခံ၏ အဓိကသုတေသနဦးတည်ချက်ခေါင်းစဉ် (Theme) အား  သတ်မှတ်၍  ဆောင်ရွက်ခဲ့ခြင်းများကိုလည်း တိုးမြှင့်ဆောင်ရွက်ခဲ့သည်။    သုတေသီပညာရှင် များ၏ သုတေသနအရည်အသွေးများ ပိုမိုတိုးတက် ကောင်းမွန်လာစေရန်နှင့်     သုတေသနပညာရှင် များ၏  ကြိုးပမ်းအားထုတ်မှုများကို အလေးထား အသိအမှတ်ပြုသောအားဖြင့် ၁၉၉၃ ခုနှစ်မှစ၍ အကောင်းဆုံးစာတမ်းဆုများ၊    အကောင်းဆုံး ပိုစတာဆုများကို ရွေးချယ်ချီးမြှင့်ခဲ့ပြီး ၂၀၁၀ ပြည့် နှစ်မှစ၍ လူငယ်သုတေသီဆုကိုပါ  ချီးမြှင့်ခဲ့သည်။ 
ကမ္ဘာတစ်ဝန်းရင်ဆိုင်ကြုံတွေ့ရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် “(၄၉) ကြိမ်မြောက် သုတေ သနညီလာခံ”ကို Virtual Congress အသွင်ဖြင့် လည်းကောင်း၊ “အကြိမ်  (၅၀)  မြောက်   ရွှေရတု ညီလာခံကို  Virtual နှင့် Inperson ပူးတွဲလျက် Hybrid အသွင်ဖြင့်လည်းကောင်း ကျင်းပခဲ့ပြီး ယခု နှစ်တွင် Inperson ကျင်းပမည်ဖြစ်သည်။
လုပ်ငန်းတာဝန်များ သတ်မှတ်ထားရှိ
ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ကြီး       အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆေးသုတေသနဦးစီးဌာနက      နှစ်စဉ်တာဝန်ယူ ဆောင်ရွက်ရာတွင်           လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ   ဖွဲ့စည်းကာ လုပ်ငန်းတာဝန် များ သတ်မှတ်ထားရှိ၍ ၂၀၂၂ ခုနှစ် စက်တင်ဘာ လမှစတင်ပြီး   စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။     စာတမ်းကြီးကြပ်ရေး ဆပ်ကော်မတီသည်   ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၊ နှီးနွှယ်တက္ကသိုလ်များရှိ သုတေသီ ပညာရှင်များက စာတမ်းအကျဉ်း  (Abstract) နှင့် လျှောက်လွှာ (Application form) များကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထား၍ လည်းကောင်း၊ သုတေသနစာတမ်းအပြည့်အစုံကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ၍လည်းကောင်း ပေးပို့စေခဲ့သည်။
 တင်သွင်းလာသော သုတေသနစာတမ်းများကို အခြေခံ သုတေသနစာတမ်း (Basic Research)၊ အသုံးချသုတေသနစာတမ်း (Applied Research)၊ ကျန်းမာရေးစနစ်  သုတေသနစာတမ်း  (Health Systems Research) များနှင့် ပိုစတာများအားဖြင့် အမျိုးအစားခွဲခြားလက်ခံခဲ့သည်။
ယခုနှစ်တွင် အခြေခံသုတေသနစာတမ်း  ၁၈ စောင်၊ အသုံးချသုတေသနစာတမ်း  ၃၂ စောင်၊ ကျန်းမာရေးစနစ်သုတေသနစာတမ်း  ရှစ်စောင်၊ ပိုစတာစာတမ်း ၃၄  စောင် စုစုပေါင်းစာတမ်း  ၉၂ စောင်ကို စာတမ်းကြီးကြပ်ရေးဆပ်ကော်မတီက  စိစစ်ပြီး ညီလာခံသို့ တင်သွင်း၊ ဖတ်ကြား၊ ပြသရန် လက်ခံထားရှိခဲ့သည်။  တင်သွင်းမည့်စာတမ်းများ တွင် Myancopharm ကိုဗစ်ကာကွယ်ဆေး၊ ကိုဗစ်-၁၉ ရောဂါ၊ ကင်ဆာရောဂါ၊ တီဘီရောဂါ၊ အသည်း ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ တိုင်းရင်းဆေး၊ သွားဘက်ဆိုင်ရာ၊ အားကစားဆိုင်ရာ၊ မြွေဆိပ်၊ သွေးလွန်တုပ်ကွေး၊ ဆေးပညာသင်ကြားရေးနှင့် အကဲဖြတ်နည်းဆိုင်ရာ သုတေသနများစသည်တို့ ပါဝင်သည်။
ပညာရပ်ဆိုင်ရာလေးခုကို
ထည့်သွင်းကျင်းပသွားမည်
သုတေသနစာတမ်းများ တင်သွင်းဖတ်ကြား ခြင်းကို တစ်ဦးလျှင် ၁၅ မိနစ်ကြာ တင်ပြရမည်ဖြစ် ပြီး  ဆွေးနွေးမေးမြန်းချိန်နှင့်   စာတမ်းရှင်က ပြန်လည်ဖြေကြားပေးရန်   ငါးမိနစ်ခွင့်ပြုပေးထား သည်။ ထို့ပြင် ညီလာခံကျင်းပရာရက်များအတွင်း နိုင်ငံတကာနှင့် ပြည်တွင်းမှ သုတေသနပညာရှင်များ ပါဝင်ဆွေးနွေးတင်ပြကြမည့်         ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ  လေးခုကိုလည်း   ထည့်သွင်းကျင်းပ သွားမည်ဖြစ်သည်။
ကမ္ဘာကြီး၌    ယနေ့ဖြစ်ပွားနေဆဲဖြစ်သော ကပ်ရောဂါ ကိုဗစ်-၁၉ အပါအဝင် ကူးစက်ရောဂါ များတွင်   တိရစ္ဆာန်များမှတစ်ဆင့်    ကူးစက်နိုင်သော ရောဂါများသည်လည်း လူသားတို့ကို ခြိမ်းခြောက် နေသည့်အားလျော်စွာ အဓိကဦးတည်ချက်ခေါင်းစဉ် အဖြစ် “The Fight Against Zoonotic Diseases: A one Health Approach” - “တိရစ္ဆာန်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများကို  တစ်ခုတည်းသော ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုဖြင့်      ဝိုင်းဝန်း တိုက်ဖျက်ကြပါစို့” ဟု သတ်မှတ်ထားသည်။ ထို့ပြင် ယင်းခေါင်းစဉ်ဖြင့်ပင်     ကျန်းမာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ University of  California  Davis  နှင့်  Colorado State University တို့မှ ပညာရှင်များဖြင့် ပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲကိုလည်း ညီလာခံ နောက်ဆုံးနေ့တွင်   ထည့်သွင်းကျင်းပသွားမည် ဖြစ်သည်။ 
မြန်မာနိုင်ငံအတွက် အရေးပါသောကျန်းမာရေး ပြဿနာများဖြစ်သည့် တီဘီရောဂါနှင့် အသည်း ရောင်အသားဝါဘီရောဂါများ၏ မျိုးဗီဇပြောင်းလဲမှု ဆိုင်ရာ သိကောင်းစရာများကို “Myanmar-Korea Joint Symposium (2023): Clinical Significance of Molecular Techniques: A Focus on TB and Hepatitis B”–“မော်လီကျူးနည်းပညာ၏ လက်တွေ့ ဆေးပညာရပ်တွင် အရေးပါမှုကို တီဘီရောဂါနှင့်    အသည်းရောင်အသားဝါဘီတို့တွင် အဓိကထား ဆွေးနွေးခြင်း နှီးနှောဖလှယ်ပွဲ”ကို ကိုရီးယားနိုင်ငံ နှင့် မြန်မာနိုင်ငံမှ ပညာရှင်များဖြင့်လည်းကောင်း၊    ဂျပန်နိုင်ငံမှ   ပညာရှင်များနှင့် ပြည်တွင်းသုတေသီ ပညာရှင်များဖြင့် “Health Hazard Environmental Arsenic Poisoning”– “ပတ်ဝန်းကျင်ရှိ အာဆင်း နစ် အဆိပ်သင့်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်များ” ပညာရပ် ဆိုင်ရာ       နှီး‌နှောဖလှယ်ပွဲကို      လည်းကောင်း ထည့်သွင်းကျင်းပသွားမည် ဖြစ်သည်။
ထို့ပြင်  အရည်အသွေးပြည့်ဝ၍   တောင့်တင်း ခိုင်မာသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် များ    တိုးတက်စေရန်ရည်ရွယ်၍     “Myanmar Health Workforce for the SDG and 2030 UHC Targets: Situational Analysis, Strategies    and Commitments” – “ကမ္ဘာလုံးဆိုင်ရာ   စဉ်ဆက် မပြတ်    ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်နှင့်  လူတိုင်း လက်လှမ်းမီအရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရေး ၂၀၃၀ ရည်မှန်းချက် အတွက် အခြေခံကျသည့် မြန်မာနိုင်ငံကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ  နှီးနှောဖလှယ်ပွဲ လက်ရှိအခြေအနေများအား သုံးသပ်ခြင်း၊  မဟာ ဗျူဟာများချမှတ်ခြင်းနှင့် ကတိကဝတ်များ ထားရှိ ခြင်း” နှီး‌နှောဖလှယ်ပွဲကိုလည်း  ကျင်းပမည်ဖြစ်သည်။
သုတေသန ပညာရှင်များကို
ထိုက်ထိုက်တန်တန် ချီးမြှင့်
ညီလာခံတွင် တင်သွင်းလာသည့်စာတမ်းများမှ အခြေခံသုတေသန (Basic Research) စာတမ်းဆု များ၊   လက်တွေ့အသုံးချသုတေသန  (Applied Research)   စာတမ်းဆုများ၊   ကျန်းမာရေးစနစ် သုတေသန (Health Systems Research) စာတမ်း ဆုများနှင့်  ပိုစတာစာတမ်းဆု များကိုလည်းကောင်း၊ လူငယ်သုတေသီဆုများအတွက်   အခြေခံသုတေ သနစာတမ်းတစ်စောင်၊ လက်တွေ့အသုံးချသုတေ သနစာတမ်းတစ်စောင်၊ ကျန်းမာရေးစနစ်သုတေ သနစာတမ်းတစ်စောင်      စုစုပေါင်းသုံးစောင်ကို    လည်းကောင်း စာတမ်းဆု   ရွေးချယ်ရေးဆပ်ကော်မတီက  စိစစ် ရွေးချယ်၍ ဆုများချီးမြှင့်သွားရန် စီစဉ်ထားသည်။   စာတမ်းတင်သွင်းကြသည့်  သုတေသနပညာရှင် များ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ် ပြုအလေးထားသည့်အနေဖြင့်   ဆုရရှိသူ သုတေသီ များအား ထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်မည် ဖြစ်သည်။
သုတေသနစာတမ်းရှင်များသည် ဆေးသုတေ သနဦးစီးဌာနမှ ထုတ်ဝေသည့် မြန်မာ့ကျန်းမာရေး သိပ္ပံသုတေသနဂျာနယ်    (Myanmar   Health Sciences Research Journal) သို့ ပေးပို့လိုပါက လည်း  ဂျာနယ်သတ်မှတ်ချက်များနှင့်    ကိုက်ညီ အောင် ဆောင်ရွက်လျက် ဂျာနယ်၏ အီးမေးလ် (https://www.mhsrj-moh.dmr.gov.mm)  သို့ စာတမ်းများပေးပို့နိုင်သည်။   ပေးပို့သောစာမူများ ကို ပညာရပ်အလိုက် ပြည်တွင်းပြည်ပမှပညာရှင် များက   စနစ်တကျ   အကဲဖြတ်စိစစ်ပြီးနောက် ပုံနှိပ်ထုတ်ဝေခြင်းကို  ဆောင်ရွက်မည်ဖြစ်သည်။ ဤသုတေသနဂျာနယ်ကို        ရည်ညွှန်းကိုးကား ဖော်ပြခြင်း (Citation) ပြုလုပ်ခြင်းသည် ဂျာနယ် ကို   ကမ္ဘာ့အဆင့်သို့    တက်လှမ်းနိုင်ရေးအတွက် ဆောင်ရွက်ရာတွင်     အထောက်အကူ     တစ်ရပ် ဖြစ်စေသဖြင့်    သုတေသီများက   မြန်မာ့ကျန်းမာ ရေးသိပ္ပံသုတေသန   ဂျာနယ်သို့   တင်သွင်းပုံနှိပ် ဖော်ပြပေးစေရေးအတွက်          တိုက်တွန်းအပ် ပါသည်။ 
စိတ်ပါဝင်စားသူများ 
ညီလာခံတက်ရောက်နိုင်
ဤသုတေသနညီလာခံကြီးသို့     စာတမ်း တင်သွင်းကြမည့် သုတေသီပညာရှင်များသာမက တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ   ဆရာဝန်များ၊ ဆေးတက္ကသိုလ်များနှင့် နှီးနွှယ်တက္ကသိုလ်များမှ ဆရာ ဆရာမများ၊    ဘွဲ့လွန်သင်တန်းသားများ၊ ကျန်းမာရေးဝန်ထမ်းများသာမက      သုတေသန စိတ်ပါဝင်စားသူများသည် ကြိုတင်စာရင်းသွင်းခြင်း ကိုဆောင်ရွက်ပြီး ညီလာခံတက်ရောက်နိုင်ပါသည်။
နိဂုံးချုပ်အားဖြင့်   မြန်မာနိုင်ငံကျန်းမာရေး ဆိုင်ရာ သုတေသနညီလာခံကြီးတွင် သုတေသီများ ၏ တင်ပြဆွေးနွေးကြမည့် သုတေသနဖော်ထုတ် ချက်ရလဒ်များကို  ပြည်တွင်း ပြည်ပပညာရှင်များ က ပညာရပ်ဆိုင်ရာမျှဝေ၊ ဆွေးနွေး၊ လမ်းညွှန်မှုများ ကို  ဆောင်ရွက်ကြမည်ဖြစ်ပေသည်။  ယင်းတို့ကို အခြေပြုလျက် လက်တွေ့အသုံးချနိုင်သည်အထိ ဆောင်ရွက်သွားကြမည်ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု        မြှင့်တင်ရေးကဏ္ဍ အတွက်   များစွာအထောက်အကူပြုမည်ဖြစ်ပါ ကြောင်း တင်ပြလိုက်ရပါသည်။        ။