ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် မဟာဗျူဟာ (၂၀၁၈-၂၀၂၁) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ ဆန်းစစ်အကဲဖြတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၂၂


ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်မဟာဗျူဟာ (၂၀၁၈-၂၀၂၁) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ ဆန်းစစ်အကဲဖြတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ် သည်။
ပညာရှင်များကို ခေါ်ယူ
ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသည် ပညာရှင်များ လေ့ကျင့်မွေးထုတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲဆောင်ရွက် ခြင်းနှင့် ဆောင်ရွက်နေမှုအခြေအနေ အရပ်ရပ်ကို လေ့လာ ဆန်းစစ်သုံးသပ်ခြင်းတို့ကို အဓိကဆောင်ရွက်နေသော ဌာနတစ်ခုဖြစ်ပါကြောင်း၊ ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်များ ပိုမိုတိုးတက်ဖွံ့ဖြိုးရေးအတွက် ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၏ အခန်း ကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ တက္ကသိုလ် အလိုက်၊ ဘာသာရပ်အလိုက်ကော်မတီများဖွဲ့၍ သက်ဆိုင်ရာ ပါမောက္ခ/ ဌာနမှူးများက မိမိဘာသာရပ် တိုးတက်ရေး အတွက် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိဦးစီး ဌာနတွင် လိုအပ်သော စွမ်းဆောင်ရည်များ အပြည့်အဝ ရှိ/ မရှိ ပြန်လည်သုံးသပ်၍ လိုအပ်ပါက အခြားဦးစီးဌာနမှ ပညာရှင်များကို ခေါ်ယူအသုံးပြုရမည် ဖြစ်ပါကြောင်း။
ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များကို ခေါ်ယူ လေ့ကျင့်မွေးထုတ်ရာ၌ ယခင်မွေးထုတ်ပြီး ဦးရေ၊ လက်ရှိ ခွင့်ပြု၊ ခန့်ထားဦးရေ၊ လစ်လပ်ဝန်ထမ်းဦးရေ၊ ရောဂါ အမျိုးမျိုး၏ လက်ရှိဖြစ်ပွားမှုအခြေအနေနှင့် အနာဂတ် တွင် ဖြစ်ပွားနိုင်သည့် အခြေအနေ၊ ပြောင်းလဲနေသည့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေပေါ်မူတည် ၍ အနာဂတ်ကာလအတွက် လိုအပ်ချက်များကို မျှော်မှန်း တွက်ချက်ရန် လိုအပ်ပါကြောင်း။
ရာထူးအခွင့်အလမ်း တိုးတက်ရေး
ထို့အပြင် လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်း များ ရာထူးအခွင့်အလမ်း တိုးတက်ရေး ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနမှူး/ ပါမောက္ခများနှင့် ညှိနှိုင်းတိုင်ပင်၍ ရာထူးဖွဲ့စည်းပုံများ ပြုပြင်တိုးချဲ့ရေးကိုလည်း အမြန်ဆုံး ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဘာသာရပ် အလိုက် သင်ကြားပုံစနစ်နှင့် အခြေအနေအဆင့်အတန်းကို လေ့လာဆန်းစစ်ပုံ နည်းလမ်းများကိုပြုစုပြီး စုစည်းထား ရန် လိုပါကြောင်း၊ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် လိုအပ်သော ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် လတ်တလောကာလနှင့် ရေရှည်ကာလတွင် ဆောင်ရွက် သင့်သည်များကို ဆုံးဖြတ်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ မိမိတို့ မွေးထုတ်လေ့ကျင့်ပေးလိုက်သူများသည် ကျွမ်းကျင် မှုနှင့် နည်းပညာပိုင်း အဆင့်အတန်းမြင့်မားသည်သာမက ကျင့်ဝတ် နှင့်ညီသော၊ အကောင်းမြင်စိတ်ရှိသော၊ အသင်း အဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်သော၊ ရှေ့ရေး မျှော်တွေးတတ်သောသူများဖြစ်ရန် လိုအပ်ပါကြောင်း။
ရန်ပုံငွေများ တိုးမြှင့်ခွင့်ပြုချထားပေးခဲ့
သင်ကြားသင်ယူပုံစနစ်များကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရာတွင် ကျောင်းသား ကျောင်းသူများ၏ သဘောထားအမြင်ရှုထောင့်များသည် အလွန်အရေးကြီး ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များတွင် သင်ကြားသင်ယူမှုစနစ်နှင့် ပတ်ဝန်း ကျင် တိုးတက်ကောင်းမွန်ရေးတို့အတွက် (၂၀၂၀-၂၀၂၁)ခု ဘဏ္ဍာရေးနှစ် ရန်ပုံငွေများ တိုးမြှင့်ခွင့်ပြုချထားပေးခဲ့ပါကြောင်း၊ ဝန်ကြီးဌာနရှိ မဟာဗျူဟာများ၊ နည်းဗျူဟာ များနှင့် လုပ်ငန်းစဉ်များကို ပြောင်းလဲလာသော လိုအပ် ချက်၊ လုပ်ငန်းခွင်အခြေအနေစသည်ဖြင့် ပြောင်းလဲလျက် ရှိသော အခြေအနေအရပ်ရပ်နှင့်အညီ ဆန်းစစ်သုံးသပ် ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းများကို ပြုလုပ်နေရမည် ဖြစ်ပါကြောင်း၊ ယခင်က ပြုလုပ်ခဲ့သော ဆေးပညာသင် ကြားရေး ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများမှ ထွက်ပေါ် ခဲ့သော အကြံပြုချက်များ၊ လုပ်ဆောင်ရမည့်အချက်များ အား မည်မျှအကောင်အထည်ဖော်ဆောင်ရွက်ပြီးသည်ကိုလည်း ဆန်းစစ်သုံးသပ်စေလိုပါကြောင်း၊ ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက် ၄၀ ကျော်မှ စီမံချက် မန်နေဂျာများ အနေဖြင့်လည်း မိမိတို့၏စီမံချက်အလိုက် နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များကို ဆန်းစစ်သုံးသပ်ကာ ပြင်ဆင်သင့်သည် များကို ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ပွင့်လင်းစွာဆွေးနွေး
ယခု ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် မေ့ဆေးပညာ၊ ဆေးပညာနှင့် အရေးပေါ်ကုသမှု ဆေးပညာအထူးကု ဆရာဝန်များ၊ ဆေးရုံစီမံခန့်ခွဲမှုပညာရှင်များ၊ ဓာတ်ခွဲနှင့် ဓာတ်မှန် ပညာရှင်များ၊ အထူးကြပ်မတ်သူနာပြုစုကုသမှု အထူးပြုများ ပိုမိုလိုအပ်နေသည်ကို တွေ့မြင်နိုင်ကြောင်း၊ အလားတူ လုပ်ငန်းခွင်လိုအပ်ချက်မြင့်မားသည့် အထူးကု နှင့် အထူးပြုဘာသာရပ်များအတွက် ကျန်းမာရေး လူ့စွမ်း အားအရင်းအမြစ်များကို ဝန်ကြီးဌာန၏ တက္ကသိုလ်များမှ ပိုမိုမွေးထုတ်ပေးစေ လိုပါကြောင်း၊ ယနေ့ပြုလုပ်သော ဆွေးနွေးပွဲသည် ဝန်ကြီးဌာနနှင့် နိုင်ငံအတွက် အရေးကြီး သဖြင့် တက်ရောက်လာကြသည့် ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဦးစီးဌာနအသီးသီးမှ ပညာရှင်များက ဘက်စုံ အမြင်များဖြင့် ပွင့်လင်းစွာဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြား ရေး) ဒေါက်တာတင်ထွန်းက ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်မဟာဗျူဟာ (၂၀၁၈-၂၀၂၁) လုပ်ငန်းစဉ် များနှင့် ဆောင်ရွက်နေမှုအခြေအနေများ ခြုံငုံသုံးသပ်မှု ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးညွန့် က ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်မဟာဗျူဟာ (၂၀၁၈-၂၀၂၁) မှ စီမံကိန်းကဏ္ဍလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်း ကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမေသွယ် လှရွေက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် မဟာ ဗျူဟာ (၂၀၁၈-၂၀၂၁) မှ အရည်အသွေးပိုင်းဆိုင်ရာကဏ္ဍလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ရှေ့လုပ် ငန်းစဉ်များကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ရွှေက ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်မဟာဗျူဟာ (၂၀၁၈-၂၀၂၁) မှ စီမံအုပ်ချုပ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ကဏ္ဍလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံ ဌာနေကိုယ်စား လှယ် Dr. Stephan Paul Jost က ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် မဟာဗျူဟာ (၂၀၁၈-၂၀၂၁) လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိမှုကို လည်းကောင်း၊ Jhpiego အဖွဲ့မှ Technical Director ဒေါက်တာ ခိုင်ဟေမာမြင့်က ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် မဟာဗျူဟာ (၂၀၁၈-၂၀၂၁) လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် Jhpiego အဖွဲ့မှ မိတ်ဖက်ပူးပေါင်းဆောင်ရွက်နေမှုများကိုလည်းကောင်း တင်ပြကြ သည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူ များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရ သည်။ သတင်းစဉ်